သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေးကြေညာမှု ဒေသခံတွေ အမြင်


မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်တွင်း ဖြိုခွဲခံရမှု မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)
မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်တွင်း ဖြိုခွဲခံရမှု မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၆ မြို့နယ်ကို မနေ့ကနဲ့ ဒီကနေ့မှာ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်ချက်က ဒေသခံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနေပါသလဲ။ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှု ပြင်းထန်လာနေတဲ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေကို ဒီနေ့မနက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သလို လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေကိုလည်း မနေ့ညက ကြေညာခဲ့ပါတယ်။

ဒီလိုစစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အပေါ် ဒေသအတွင်း လုံခြုံမှုမရှိသလို ခံစားရကြောင်း ရွှေပြည်သာဒေသခံ အလုပ်သမား တဦးကပြောပါတယ်။

“ကိုယ့်ကိုယ်ကို ပတ်ဝန်းကျင်မလုံခြုံတော့ဘူးလို့ ခံစားရတာပေါ့။ အခုဟာက လုံခြုံရေး မရှိတာက ကျနော်တို့နားက စက်ရုံတွေ မီးလောင်သွားတာတွေ၊ အဲဒီမှာ မီးလန့်တာတွေနဲ့ ကျနော်တို့ အလုပ်လုပ်နေတဲ့ စက်ရုံတွေ အကုန်လုံး ပိတ်သွားတာ။ အခုအဲဒီ မနေ့ညက မီးလန့်တဲ့ပြဿနာ လှိုင်သာယာ၊ ရွှေပြည်သာ မီးလန့်တဲ့ပြဿနာတွေနဲ့ အားလုံး ပြောမယ်ဆိုရင် နယ်ကလာတဲ့ လူတွေအကုန်လုံး ကားနဲ့ ပြန်ကြတဲ့သူတွေ များနေတာပေါ့။”

ဆန္ဒပြဖြိုခွင်းမှုနဲ့အတူ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာကြောင့် နယ်က စက်ရုံအလုပ်သမားတွေ နေရပ်ပြန်ကြပြီလို့ ရွှေပြည်သာဒေသခံ အလုပ်သမားကဆိုပါတယ်။

မနေ့ကတော့ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့က ဆန္ဒပြမှု သပိတ်ဖြိုခွင်းခံရပြီး လူအများပြားသေဆုံးခဲ့သလို စက်ရုံနှစ်ရုံလည်း မီးလောင်ပျက်စီးသွားပါတယ်။

နောက်ဆက်တွဲအနေနဲ့ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အာဏာပေးလိုက်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုးပြီး အမိန့်ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပေမဲ့ စိုးရိမ်စိတ်မရှိဘူးလို့ မြောက်ဥက္ကလာပမြို့နယ်ဒေသခံတဦးကဆိုပါတယ်။

“ရန်ကုန်လူထုရဲ့ စိုးရိမ်စိတ်ကတော့ သိပ်မရှိဘူးဗျ။ မကြောက်တော့ဘူး၊ မထူးဘူးဆိုတဲ့ ဟာဖြစ်နေတယ်။ မြောက်ဥက္ကလာမှာ ဒီနေ့ အုံကြွမှုဆက်ဖြစ်တယ်။ သပိတ်တန်းတွေ ထွက်လာတယ်။ ဟို Martial Law ပဲထုတ်ထုတ်၊ ပုဒ်မ ၁၄၄ ပဲ ထုတ်ထုတ်။ မထူးခြားလှပါဘူး။”

စစ်တပ်ကနေ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါပြည်သူလွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းက အခုလိုပြောပါတယ်။

“စစ်အုပ်ချုပ်ရေးကြေညာတာကတော့ နည်းနည်း သူတို့ အုပ်ချုပ်ရေးအပိုင်းတာဝန်ယူတဲ့ စစ်တပ်အနေနဲ့ နည်းနည်းပိုပြီးတော့ မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်နိုင်မှာပေါ့။ ဆိုလိုတာက အခုတည်ဆဲဥပဒေတွေဘာတွေ ရှိပြီးတော့ ဆန္ဒပြတဲ့ သူတွေကို နှိမ်နင်းတာ၊ လူစုခွဲတာ အဲဒါတွေနဲ့ ပတ်သက်လို့ ဖြစ်စေ။ နောက်တခါ တခြားအဖျက်အစီးကိစ္စတွေနဲ့ ပတ်သက်လို့ ဖြစ်စေ။ သူတို့ ဖြေရှင်းတဲ့အခါမှာ သိပ်ပြီးတော့ ဥပဒေတွေ၊ ဘာတွေ ငဲ့ညှာမနေရတော့ဘူးပေါ့ဗျာ။ အဲဒီလိုကျင့်သုံးဖို့အတွက်ကိုလည်း ရန်ကုန်တိုင်း စစ်တိုင်းမှူးကိုတာဝန်ပေးထားတယ်ဆိုတဲ့အခါကျတော့ သူ့တဦးတည်းသော သဘောထားနဲ့ သူကိုယ်တိုင်သို့တည်းမဟုတ် သူကတာဝန်လွှဲအပ်ပေးထားတဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်နိုင်တယ်ဆိုတော့ နည်းနည်းပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်တာပေါ့နော်။ ဆိုတော့အဲဒါအပြင်သူက ပိုပြီးတော့လည်း ကြမ်းကြမ်းတန်းတန်းဖြစ်လာနိုင်တာပေါ့။ ကြမ်းကြမ်းတန်းတန်းဖြစ်လာမယ်၊ သတ်တာဖြတ်တာတွေ၊ ပစ်တာခတ်တာတွေ ပိုပြီးတော့ ဆိုးလာနိုင်တာပေါ့။”

အခြေခံဥပဒေပုဒ်မ ၄၁၉ အရ Martial Law လို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေးအာဏာကို တိုင်းမှူးကိုယ်တိုင်ပဲဖြစ်ဖြစ်၊ စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီးတော့ပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ရွှေပြည်သာနဲ့ လှိုင်သာယာအပါအဝင် မြန်မာတနိုင်ငံလုံး တနင်္ဂနွေ တရက်ထဲမှာပဲ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူပေါင်း ၅၀ ထက်မနည်းရှိခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး သေဆုံးခဲ့ရသူ ၁၂၆ ဦးနဲ့ ဖမ်းဆီး အပြစ်ဒဏ်ချမှတ်တာခံရသူ ၂,၀၀၀ ကျော်ရှိနေပြီလို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









စဈအုပျခြုပျရေးကွညောပမေဲ့ စိုးရိမျစိတျမရှိဘူးလို့ မွောကျဥက်ကလာပမွို့နယျဒသေခံတဦးကဆိုပါတယျ။






XS
SM
MD
LG