သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို နိုင်ငံတကာက လက်နက်တင်ပို့မှုတွေရပ်ဖို့ ကန်နဲ့ မဟာမိတ်တွေတောင်းဆို


Myanmar soldiers stand guard
Myanmar soldiers stand guard

Zawgyi

မြန်မာစစ်တပ်ကို နိုင်ငံတကာက လက်နက်တင်ပို့မှုတွေရပ်ဖို့ ကန်နဲ့ မဟာမိတ်တွေတောင်းဆို

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းတာ အပါအဝင် မြန်မာစစ်တပ်အတွက် အထောက်အပံ့ဖြစ်မယ့် ကိစ္စတွေကို ဆိုင်းငံ့ထားဖို့ အမေရိကန်နဲ့ မဟာမိတ် ၆ နိုင်ငံက သောကြာနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်တပ်က လေကြောင်းစစ်ဆင်ရေးတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ အပါအဝင် အင်အားအလွန်အကျွံသုံးခြေမှုန်းနေတာကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာမှာကို စိုးရိမ်ကြောင်း အမေရိကန်နဲ့အတူ ဗြိတိန်၊ ကနေဒါ၊ နော်ဝေ၊ Australia၊ နယူးဇီလန်နဲ့ တော်ကိုရီးယား နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံတလွှား စစ်အာဏာပိုင်တွေရဲ့ လိင်မှုအကြမ်းဖက်တာနဲ့ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်မှုတွေ၊ အိမ်နဲ့ ဘာသာရေး အဆောက်ဦး မီးရှို့တာတွေ ရှိနေပြီး ချင်းပြည်နယ်မှာ ဒေသခံ ၄ သောင်းကျော် မကွေးတိုင်းမှာ ဒေသခံ တသောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်လာတယ် ဆိုတဲ့ သတင်းတွေကြားနေရသလို ဒါဟာ ဒေသတွင်းတည်ငြိမ်ရေးကိုပါ ရိုက်ခတ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အာဏာပိုင်တွေကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်းနဲ့ အကြမ်းဖက်မှု ကျုးလွန်သူတွေကို ဖမ်းဆီးအရေးယူတာသာဖြစ်ကြောင်း ပြောဆိုထားတာပါ။

အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ကြေညာချက်မှာတော့ အရပ်သားတွေအပေါ် စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရပ်ဖို့ တောင်းဆိုထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စစ်တပ်အတွက် အထောက်အပံ့ ဖြစ်စေမယ့် လက်နက် တင်ပို့မှု အပါအဝင် တခြားပံ့ပိုးမှုတွေကို ဆိုင်းငံ့ထးဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ အခုလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ နောက်ထမ် မကြုံရအောင် ကျူးလွန်သူတွေကို အရေးယူတာ အပါအဝင် နိုင်ငံတကာက အကာကွယ်ပေးရေးကို လက်တွဲဆောင်ရွက်ကြဖို့ပါ ပန်ကြားထားပါတယ်။

###

တိုက်ရိုက် လင့်ခ်


Unicode







XS
SM
MD
LG