သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပိုက်တီကနေ တရုတ်ဘက်ထွက်ပြေးသွားတဲ့ စစ်တပ် မူဆယ်တပ်ရင်းအဖြစ်ပြန်ဖွဲ့


ကချင်လွတ်မြောက်ရေးတပ် KIA က သိမ်းယူလိုက်တဲ့ ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီ (ကံပိုင်တည်)
ကချင်လွတ်မြောက်ရေးတပ် KIA က သိမ်းယူလိုက်တဲ့ ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီ (ကံပိုင်တည်)

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA နဲ့ တိုက်ပွဲအတွင်း ကန်ပိုက်တီ (ကံပိုင်တည်) ကနေ တရုတ်နိုင်ငံထဲ တိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်တွေ အခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြန်လည် စုစည်းနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ကန်ပိုက်တီနယ်စပ်ကနေ တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို မူဆယ်မြို့ကို ရောက်တဲ့အထိ တရုတ်နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေက ပြန်ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာပါတယ်။

ကချင်အထူးဒေသ (၁) က နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်- မြန်မာနယ်စပ် ကန်ပိုက်တီ (ကံပိုင်တည်) မြို့ကို KIA ပူးပေါင်းတပ်တွေက ဒီလနိုဝင်ဘာလ ၂၀ရက်နေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး ညနေပိုင်းမှာ သိမ်းယူခဲ့ပါတယ်။ လက်ရှိမှာတော့ ကန်ပိုက်တီ (ကံပိုင်တည်) တမြို့လုံးကို KIA က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီး မြို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကချင်ပြည်နယ် ကန်ပိုက်တီနယ်၊ ဝိုင်းမော်မြို့၊ အထူးဒေသ(၁)ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ရေးနိမ့်လို့ တရုတ်နိုင်ငံထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀၀) ကျော် လက်လွတ်ထွက်ပြေးသွားခဲ့တာပါ။ တရုတ်ထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို တရုတ်နယ်ခြားစောင့်တပ်က နိုဝင်ဘာလ ၂၃ရက် ညပိုင်းမှာ တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ကျယ်ဂေါင်မှတဆင့် မူဆယ်နယ်စပ်ကနေ ပြန်ပြီး လွှဲပြောင်းပေးခဲ့တာပါ။ အခုအခါမှာတော့ အဲ့ဒီ့တရုတ်ဘက်ကပြန်လွှဲပေးတဲ့ ကန်ပိုက်တီက ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က တပ်မ(၉၉) လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းပြီး တပ်ရင်းအဖြစ် ပြန်ပြီး ဖွဲ့စည်းနေကြောင်း နီးစပ်သူတဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"ကန်ပိုက်တီ (ကံပိုင်တည်) ဂိတ်မှာ ထွက်ပြေးတဲ့တချို့ဝန်ထမ်း နောက်ပြီး စစ်တပ်မိသားစုဝင်တွေ၊ စစ်တပ်ရဲဘော်တွေပေါ့ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေး၊ တိမ်းရှောင်ကြတယ်။ တရုတ်က်နေ မူဆယ်ဂိတ်ကို အဲဒီည ညပိုင်း သူများမသိတဲ့အချိန်မှာ အယောက် ၃၀၀ကျော်လောက် လာပြီးသွင်းသွားတယ်။ တရုတ်ဘက်က ရဟတ်ယာဉ်တွေက လမ်းကြောင်းပေါ်မှာ တရုတ်နယ်စပ်တလျှောက်ပေါ့ ကင်းထောက်ပေးတဲ့ ပုံစံမျိုးရှိတယ်။ မူဆယ်မှာ သူတို့(စစ်ကောင်စီ) တပ်ရင်းပုံစံမျိုးနဲ့ ဒီမှာ ဖွဲ့စည်းမှုရှိတယ်။ တပ်မ(၉၉)တို့ဘာတို့ပေါ့ အဲထဲမှာ တပ်မပုံစံမျိုးသူတို့ ပြန်ပြီးတော့ ဖွဲ့စည်းမယ်လို့ သူတို့ အဲဒါမျိုး အသံထွက်ထားတယ်။"

မူဆယ်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၉၉) အထိုင်ချထားတဲ့ တခုတည်းသော ကျန်ရှိနေတဲ့ မြို့လည်း ဖြစ်ပါတယ်။ ကျန်တဲ့နေရာတွေကိုတော့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေက အသီးသီး ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် လတ်တလောမှာတော့ ရှမ်းမြောက် မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်အဖွဲ့တွေရဲ့ အရိပ်အယောင်ကို သိပ်မတွေ့တော့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

" မူဆယ်ကတော့ ဘာပဲဖြစ်ဖြစ် အဲလို သွားလာနေထိုင်တာ ပုံမှန်ပဲ။ ဒါပေမဲ့ ထူးခြားတာတခုက ပြည်သူ့စစ်တွေ သိပ်အရင်လို လမ်း မသလားတော့ဘူး၊ ဆိုင်ခန်းတွေကအစ သူတို့ဆိုင်လာထိုင်ရင် လက်နက်တွေဘာတွေ အပြည့်အစုံနဲ့ အဲလိုလာတာ။ အခုကသူတို့ အဲလိုမလုပ်ရဲတော့ဘူး။ ပြီးတော့ တရုတ်တွေ လုံးဝ အပြင်မထွက်ရဘူး။ ထွက်ရင်ဖမ်းတယ် မှတ်ပုံတင်စစ်ပြီး မြန်မာရဲတွေကဖမ်းတော့ တရုတ်တွေရှင်းသွားပြီးတော့ ပြည်သူ့စစ်တွေ အရင်လို မထွက်တော့ဘူး။"

တရုတ် မြန်မာနယ်စပ်တလျှောက်က စစ်ရေးပဋိပက္ခတွေကို သတိပေး တုံ့ပြန်တဲ့အနေနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ဂိတ်တွေကို တရုတ်က မကြာသေးခင်က ပိတ်ခဲ့ပါတယ်။ မြန်မာဘက်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်ခဲ့ပါတယ်။ အခုတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်နယ်စပ်ဂိတ်ကနေ စားသောက်ကုန်တွေကို တနိုင်တပိုင်တင်သွင်းဖို့ တရုတ်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။ တရုတ်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ စစ်ရေးကျယ်ပြန့်လာတဲ့အတွက် တရုတ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်အားလုံးနီးပါးကို အောက်တိုဘာလ ၁၈ရက် နောက်ပိုင်းကစပြီး တခုပြီးတခု ပိတ်လာခဲ့ပြီး အခုချိန်အထိ ပိတ်ထားဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်လိုက်တဲ့ နယ်စပ်မြို့တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG