စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ အန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ အသင့်ရှိကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ စစ်ဒဏ်သင့် ပြည်သူတွေကို ငဲ့ညှာတဲ့ အနေနဲ့ရော၊ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို လေးစားတဲ့ အနေနဲ့ပါ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း TNLA ကကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်နိုင်ငံက ဖိအားပေးနေတဲ့ သတင်းတွေ ထွက်ပေါ် နေချိန်မှာ ထုတ်ပြန်လိုက်တဲ့ TNLA ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီနဲ့ TNLA အကြား ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းက နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေချိန်မှာ TNLA ဘက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကြေညာချက် ထုတ်ပြန်လာတာပါ။ ဒီထုတ်ပြန်ချက်မှာ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ငဲ့ညာထောက်ထားတာနဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲ ရပ်စဲရေး အတွက် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုကို လေးစား အသိအမှတ်ပြုတာကြောင့် စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးဖို့ အသင့်ရှိကြောင်း ဖော်ပြထားပါတယ်။
ဆက်လက်ပြီးTNLA က တအန်းလူမျိုးတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေး၊ ပြည်နယ်ရရှိရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တိုင်းရင်းသားမြန်မာပြည်သူများနဲ့အတူ ကြိုးပမ်းသွားမယ်လို့လည်း ဖော်ပြပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ TNLA ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဒီလ ၆ရက်နေ့က တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာတော့ MNDA ၊ TNLA ၊ AA အဖွဲ့ ၃ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသလာမှသာ ငြိမ်းချမ်းရေးဆွေးနွေးမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ် နဲ့ TNLA အကြားမှာတော့ နောင်ချိုမြို့နယ် တောင်ခမ်းရွာဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဆိုသလို ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုဝင်ဘာလအတွင်း နောင်ချိုမြို့နယ်မှာ အရပ်သား ၁၇ဦးသေဆုံးပြီး ၃၂ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်း ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ မူဆယ်ဘက်ကနေ နမ့်ခမ်းမြို့ဘက်ကို ကုန်ပစ္စည်းသယ်ယူတာတွေကို ပိတ်လိုက်ပါတယ်။ ဒီလို ပိတ်လိုက်တာကြောင့် စားသောက်ကုန်ဈေးတွေ မြင့်တက်လာနေကြောင်း နမ့်ခမ်းဒေသခံတဦးက VOA ကို ပြောပါတယ်။
“ ကုန်ပစ္စည်းတွေ ဘာတခုမှ မတင်ရဘူး။ စားသောက်ကုန်တွေရော အစုံပဲ။ ဟို တစ်သျှူးတောင်မှ ယူမလာရဘူး။ သမီးတို့က တစ်သျှူးတွေလည်းရောင်းတယ်။ ရေသန့်တွေလည်း ရောင်းတယ်ဆိုတော့ အဲဒါ ရေသန့်လည်း မရတော့ဘူး။ တစ်သျှူးလည်း မရတော့ဘူး။ ခရမ်းချဉ်သီးတောင်မှ တပိဿာ တသောင်းခွဲ၊ ကြက်ဥက ၁၀လုံးကို တသောင်း ခြောက်ထောင်နဲ့ ဝယ်စားရတယ်။”
နမ့်ခမ်းမြို့ဘက်ကို တရုတ်နိုင်ငံကလည်း ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာကြောင့် နမ့်ခမ်းက ကုန်ပစ္စည်းတွေ တရုတ်ဘက် တင်ပို့လို့ မရသလို ၊ တရုတ်ဘက်ကလည်း တင်သွင်းတာ မရှိတော့ကြောင်း ပြောပါတယ်။ မူဆယ်ဒေသခံတဦးကလည်း နမ့်ခမ်းဘက် ကုန်ပစ္စည်း တင်ပို့တာ ပိတ်ပင်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“ မူဆယ်ကနေ နမ့်ခမ်းကို သွားမယ်ဆိုရင် အခုက ပန်ခမ်း၊ နမ့်ပေါ့ တံတားနားမှာကို ပေးမသွားခိုင်းဘူး။ ဒီ စကစ ဘက်က ပေါ့။ အရင်လို ကားနဲ့ သွားပြီးတော့ သယ်တာမျိုးတွေဆို ပေးမဖြတ်တော့ဘူးဗျ။ ၂ရက်လောက် ရှိပြီခင်ဗျ။”
လွန်ခဲ့တဲ့ ရက်တွေကတော့ ကချင်ပြည်နယ် ကန်ပိုက်တီ (ကံပိုင်တည်) ဘက်က တိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်ဘက်က မူဆယ်မြို့မှာ ပြန်လည် လွှဲပြောင်းပေးတာ ရှိကြောင်း မူဆယ်ဒေသခံက ဆက် ပြောပါတယ်။
“ တမြန်နေ့က ညပေါ့။ ကန်ပိုက်တီကနေ တရုတ်က ကူပြီးတော့ ဒီနယ်စပ်ဂိတ်ပေါက်မှာ လာပြီးတော့ လွှဲပေးတဲ့ သူတွေ အားလုံး ၃၀၀ကျော်လို့တော့ ပြောတာပဲ။ ၃၀၂ ဦးလား မသိဘူး။ မန်ဝိန်း ဂိတ်ပေါက်ကနေ လွှဲပေးတာ။”
ဒီလ ၂၀ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်တွေက ကချင် အထူးဒေသ ၁ နယ်မြေက ကန်ပိုက်တီ (ကံပိုင်တည်) မြို့ကို သိမ်းယူခဲ့ တာပါ။ စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်တွေအတွင်းကလည်း ရှမ်းပြည်နယ် တောင်ပိုင်း ရပ်ဆောက် လမ်းနဲ့ လွိုင်လင်၊ လဲချားလမ်းကနေ ရှမ်းပြည်နယ် မြောက်ပိုင်းကို ကုန်ပစ္စည်း သယ်ယူတာကို ပိတ်ခဲ့သလို တန့်ယန်း၊ မိုင်းရယ် ဘက်က ကုန်ပစ္စည်း တင်ပို့တာတွေကိုလည်း ပိတ်ပင်တာတွေ ရှိခဲ့ပါတယ်။
အဓိကကတော့ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေ နဲ့ MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားတဲ့ လားရှိုးဘက်ကို ပိတ်ထားတာဖြစ်ပြီး လားရှိုးနဲ့ မိုင်းရယ်အကြားက ဟိုယရွာမှာ စစ်ကောင်စီနဲ့ MNDAA အကြား စစ်ရေးတင်းမာမှုတွေ မြင့်တင်နေပါတယ်။ စစ်ကောင်စီက မိုင်းရယ်ဘက်ကတဆင့် လားရှိုးကို ပြန်လည် ထိုးစစ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
Forum