သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုး-မိုင်းရယ်ကားလမ်း စစ်ကောင်စီ ပိတ်


လားရှိုးမြို့
လားရှိုးမြို့

MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့လားရှိုးနဲ့ စစ်ကောင်စီထိန်းချုပ်ရာ မိုင်းရယ်မြို့ကိုဆက်သွယ် ထားတဲ့ကားလမ်းကို ဒီရက်ပိုင်းထဲ စစ်ကောင်စီက ထပ်ပိတ်လိုက်ပါတယ်။ ဒီလိုပိတ်လိုက်တာကြောင့် လားရှိုးဒေသခံပြည်သူတွေအတွက်ကုန်ပစ္စည်းနဲ့ လောင်စာဆီပြတ်လပ်ပြီး ပိုမိုခက်ခဲလာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ လားရှိုး- မိုင်းရယ်လမ်းပိတ်တဲ့အခြေအနေ ရန်ကုန်ကသတင်း ပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို အဓိက ကုန်စည်တင်ပို့နေတဲ့ လမ်းကြောင်းတွေကို ဒီလ ၁၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီဘက်ကပိတ်လိုက်သလို လားရှိုး- မိုင်းရယ်လမ်းကိုလည်း ဒီလ ၁၃ ရက်နေ့မှာ ထပ်မံ ပိတ်လိုက်တာပါ။ လားရှိုး- မိုင်းရယ်လမ်းဟာ MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့စစ်ကောင်စီထိန်းချုပ်ရာ မိုင်းရယ်မြို့ ကိုဆက်သွယ်ထားတဲ့ ကားလမ်းဖြစ်ပါတယ်။

အဓိက,ကတော့ လားရှိုးနဲ့ နမ့်ပေါင်ဘက်က ပြည်သူတွေကို မိုင်းရယ်မြို့ ဂိတ်ကနေ အဝင် လက်မခံတော့တာဖြစ်ကြောင်း နမ့်ပေါင်ဒေသခံ အမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

“ဒီရက်အတွင်းမှာ လားရှိုး၊ နမ့်ပေါင်ဘက်ကလူတွေ မိုင်းရယ်ကိုတက်ပြီးမှ ဈေးဝယ်ထွက်တဲ့အခါမှာ မိုင်းရယ်ဂိတ်ကအကုန်ပိတ်ထားလိုက်တာ။ မြို့ထဲကို လုံး၀ အဝင် မခံတော့ပါဘူး။”

နမ့်ပေါင်ဟာ လားရှိုးနဲ့ ၂၂ မိုင်ဝေးပြီး MNDAA က ထိန်းချုပ်ထားပါတယ်။ မိုင်းရယ်ဒေသခံတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီလ ၁၃ ရက်နေ့ ညနေပိုင်းက စပြီး ဟိုယရွာကနေ ပိတ်လိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ ဟိုယရွာမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကြား စစ်ရေးတင်းမာနေကြောင်း လည်း သတင်းတွေထွက်ပေါ်နေတာပါ။ လားရှိုးမြို့ခံ တဦးကတော့ မိုင်းရယ်လမ်းပိတ်လိုက်တာကြောင့် လားရှိုးမြို့ခံတွေ ကုန်ပစ္စည်းနဲ့လောင်စာဆီ အခက်အခဲရှိလာနိုင်ကြောင်း ပြောပါတယ်။

“အဲဒီဘက် ပိတ်ပြီဆိုရင်တော့ ကုန်ပစ္စည်းလည်း မဝင်တော့ဘူးလေ။ လူက အဓိက မဟုတ်ဘူး ပြောတယ်။ အဓိက,ကကုန်ပစ္စည်း မလာခိုင်းဘူး။ အခုက သူက အဲလိုပိတ်မယ်ဆို ကုန်ပစ္စည်းတွေ ဘာတွေ ဓါတ်ဆီတွေပါပိတ်မယ်ဆိုရင်တော့မလွယ်ဘူးပေါ့။ ဈေးကြီးမှာပေါ့။ အခု ခရမ်းချဉ်သီးတောင် တပိဿာ တသောင်း။ အာလူးကလည်း ၇,၀၀၀ အဲလိုဖြစ်နေတာ။”

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နောက် MNDAA နဲ့ TNLA တပ်တွေက ရှမ်းမြောက်ဒေသက မြို့ အားလုံးနီးပါး ကိုသိမ်းယူထားတာပါ။ ရှမ်းမြောက်နဲ့ မြေပြန့်ဒေသကို အဓိက ဆက်သွယ်ထားတဲ့ လားရှိုး- မန္တလေး လမ်းမကြီးဟာလည်းလမ်း၊ တံတားတွေ ကျိုးပျက်တာ၊ တိုက်ပွဲဖြစ်ပွားနေတာ တွေကြောင့် ရှမ်းမြောက်ကနေ ရှမ်းတောင်ဘက် ဆက်သွယ်တဲ့လမ်းကို အဓိက အသုံးပြုလာကြရတာဖြစ်ပါတယ်။

ဒီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ကတော့ ရှမ်းမြောက်ကို အဓိက ဆက်သွယ်ထားတဲ့ ရပ်စောက်- ကျောက်ဂူ လမ်းနဲ့ လွိုင်လင်-လဲချားလမ်းကိုလည်း စစ်ကောင်စီဘက်က ပိတ်လိုက်ပါတယ်။ ရှမ်းမြောက်ဒေသခံ တဦးကတော့ ဒီလို ပိတ်ဆို့ရာမှာ ပြည်သူလူထုကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အခုလို ပြောပါတယ်။

“ရှမ်းမြောက်မှာက MNDAA တို့ ၊ TNLA တို့ တပ်သားတွေပဲ နေတာမှ မဟုတ်တာ။ ကျနော်တို့လိုမျိုး အရပ်သားတွေ ရှိနေသေးတယ်ဆိုတာ ထည့်တွက် စဉ်းစားရမှာလေ။”

ပြီးတဲ့တဲ့ လပိုင်းတွေမှာ တရုတ်နိုင်ငံက TNLA နဲ့ MNDAA ကို တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ လားရှိုးက ဆုတ်ခွာဖို့ ဖိအားပေးတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ နယ်စပ်ဂိတ်တွေပိတ်ခဲ့သလို အခုအခါ ရှမ်းမြောက်ဒေသကို စစ်ကောင်စီဘက်က ကုန်စည်တင်ပို့တာတွေ စတင် ပိတ်ပင်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG