သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်နယ်စပ်ဂိတ် ပိတ်သွားမှာ မြန်မာလုပ်သားတွေစိုးရိမ်


မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် (ယခင်မှတ်တမ်းဓာတ်ပုံ)
မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် (ယခင်မှတ်တမ်းဓာတ်ပုံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ အနီးတဝိုက် စစ်ရေးအခြေအနေတွေကြောင့် နယ်စပ်ဂိတ်အဝင်အထွက်တွေ ပိတ်သွားမှာကို စိုးရိမ်သူတွေ ရှိနေပါတယ်။ အခုအချိန်အထိတော့ တရုတ်ဖက်က နယ်စပ်ဂိတ်ကို ဖွင့်ထားသလို မြန်မာဖက်ကလည်း နယ်စပ်ယာယီ ဖြတ်သန်းခွင့် လက်မှတ် တွေကို ထုတ်ပေးနေဆဲပါ။ တရုတ်မြန်မာ မူဆယ်နယ်စပ်ဂိတ် အခြေအနေ ရန်ကုန်ဘက်က သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းနေရာအများစုကို တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားနိုင်ပြီး တရုတ်နယ်စပ် မူဆယ်မြို့ကိုလည်း ခြိမ်းခြောက်မှုတွေရှိနေပါတယ်။ ဒီလိုအခြေအနေမှာ နယ်စပ်ဂိတ် ပိတ်သွားမှာကို စိုးရိမ်တယ်လို့ တရုတ်ဘက်မှာ အလုပ်လုပ်ဖို့ မူဆယ်မြို့မှာ စောင့်ဆိုင်းနေသူတချို့က ဗွီအိုအေကို FB messenger ကနေ စာနဲ့ ဖြေကြားပြောဆိုခဲ့ကြပါတယ်။

မူဆယ်မြို့က ဒေသခံတချို့ကတော့ မူဆယ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက်အချက်အချာဖြစ်လို့ ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ် မထင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပဋိပက္ခအခြေအနေပေါ် မူတည်ပြီး တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်မှာကို စိုးရိမ်သူတွေရှိပါတယ်။ မူဆယ် ဒေသခံလုပ်ငန်းရှင်တဦးကတော့ တရုတ်-မြန်မာ ကုန်စည်စီးဆင်းနိုင်တဲ့ တရားဝင်နယ်စပ်ဂိတ်က ဒီတခုပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

"မူဆယ်ကိုတိုက်မယ်ဆိုရင် တရုတ်-မြန်မာ ဆက်ဆံရေးဆိုတဲ့ ကုန်စည်၊ ပြီးရင် တရားဝင်လမ်းပေါ့နော် ဒီဟာတွေအားလုံးက ဒီမူဆယ်တခုပဲ ရှိတော့တာလေ။ အဲဒီတော့ တရုတ်ကလည်း ဒီမူဆယ်ကို သိမ်းမယ်ဆိုရင် လက်ခံပါ့မလား၊ လားရှိုးလို တိုင်းစစ်ဌာနချုပ်ကိုတောင် သိမ်းနိုင်တဲ့ စစ်အင်အားသူတို့ ရှိတယ်ဗျာ၊ သိမ်းသွားပြီဗျာ၊ မူဆယ်ကိုသိမ်းချင် ကြာပြီပေါ့သူတို့။ မသိမ်းတဲ့ အကြောင်းရင်းကလည်း ဘာကြောင့်ဆိုတာ ထည့်စဉ်းစားရမှာပေါ့။ အခု တခါသုံးကတ်ပေးတယ်၊ စာအုပ်အနီပေးတယ်ဆိုတာ နိုင်ငံတော်တရားဝင် အစိုးရကပဲ လုပ်လို့ရတာလေ၊ ဒီမူဆယ်ကို မတိုက်ခိုက်ဖို့အတွက် သတိပေးတာမျိုးတွေ၊ တားမြစ်တာမျိုးတွေရှိလို့ မသိမ်းတာလားပေါ့နော်။ ဖြစ်လာရင်တော့ ပိတ်မှာပေါ့လေ။"

China Daily သတင်းမှာတော့ နယ်စပ်တွေကနေ တရုတ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား အရေအတွက်များလာလို့ စောင့်ကြည့်စိစစ်နေတယ်လို့ တရုတ်အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန NIA ကို ကိုးကားပြီး ဖော်ပြပါတယ်။

အခုနှစ်အစောပိုင်းကစလို့ တရုတ်ယူနန်ပြည်နယ်ကို သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာအရေအတွက် တဖြည်းဖြည်း ပြန်များလာပါတယ်။ ဝင်ခွင့်ကတ်ရဖို့ နယ်စပ်မှာ စောင့်ဆိုင်းနေသူတွေက မူဆယ်မှာ နေ့စဉ်ဆိုသလို အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အများစုက အထည်ချုပ်၊ စျေးဆိုင်၊ ဆောက်လုပ်ရေးနဲ့ ဖုန်းအပိုပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေမှာ လုပ်ကိုင်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG