တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်ရှိပြီး စစ်ကောင်စီအကြီးအကဲနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး ဆွေးနွေးတဲ့နေ့မှာဘဲ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲဟာ မူဆယ်မြို့ကို ဝိုင်းရံထားတဲ့ ညီနောင် မဟာမိတ်တွေက စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ကမ်းလှမ်းကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဖြစ်ပွားခဲ့တာလို့လည်း ပြောပါတယ်။ လက်ရှိ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ ရှမ်းမြောက်ဒေသ မူဆယ်နဲ့ လားရှိုးဘက်က နောက်ဆုံးအခြေအနေ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို တင်ပြပေးထားပါတယ်။
ရှမ်းမြောက်ဒေသအရေးနဲ့ပတ်သက်ပြီး ၆ ကြိမ်မြောက် ကျင်းပမယ့် ဟိုင်ဂင်ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်တဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီကျွင်း (Deng Xijun) ဟာ မနေ့ ဩဂုတ်လ ၈ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့တာပါ။
မစ္စတာ တိန်ရှီကျွင်းဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်း၊ တရားမဝင်လုပ်ငန်း နှိမ်နင်းရေးနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု စတာတွေ ဆွေးနွေးခဲ့ကြောင်းလည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲကျင်းပတဲ့နေ့ ညနေပိုင်းမှာတော့ မူဆယ်မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်မြို့ခံ တဦးက VOA ကို ပြောပါတယ်။
“ မူဆယ်မှာ နည်းနည်းပါးပါးတော့ စမ်းတော့ စမ်းနေကြပြီဗျ။ မူဆယ် စက်မှုဇုန်လေ။ စက်မှုဇုန်အပေါ်။ မန်မိုင်၊ မန်မိုင်ရွာရဲ့အပေါ် ပေါ့နော်။ တိုက်ပွဲခေါ်ရမယ်ထင်တယ်။ တဘက်နဲ့ တဘက်နည်းနည်းပါးပါးပေါ့နော်။ လက်နက်ငယ်လောက်ပဲ ပစ်တာခတ်တာပါ။ တချို့ကြားတောင် မကြားကြဘူး။ မူဆယ်က မီးတွေပျက်နေတော့ မီးစက်တွေနဲ့လေ။ တချို့ကြားတောင် မကြားကြဘူး။ ဖြစ်တော့ ဖြစ်တယ်။ အကြီးအကျယ်တော့ မဟုတ်ဘူး။ဒါပေမဲ့ ၄၅မိနစ်လောက်တော့ ကြာတယ်။ ”
၈ရက်နေ့ ညက ဖြစ်ပွားတဲ့တိုက်ပွဲဟာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက မြို့ကို အထိမနာစေဖို့အတွက် လက်ရှိ မူဆယ်မှာ ရှိနေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှုးကို လက်နက်ချဖို့အကြောင်းကြားထားပြီးနောက် ဖြစ်ပွားလာတာလို့လည်း ပြောပါတယ်။
လောလောဆယ်မှာတော့ စစ်ကောင်စီရဲ့ စစ်တိုင်းမှုးဘက်က အကြောင်းပြန်တာမရှိသေးကြောင်းနဲ့ ဒေသခံ ပြည်သူအတော်များများကတော့ မူဆယ်မြို့ကနေ တိမ်းရှောင်တာတွေ ရှိနေတယ်လို့လည်း မူဆယ်မြို့ခံက ပြောပါတယ်။
“ အခုတော့ အခြေအနေ ငြိမ်နေတယ်။ သုံးသပ်တာကတော့ တိုင်းမှုးအသစ်က အဲဒီမှာ ရောက်နေတာဆိုတော့ နည်းနည်း တင်းခံနေတဲ့ သဘောရှိတယ်။ အချိန်လေး တခုတော့ ပေးထားတယ်လို့ ပြောတယ်။ လက်နက်ချဖို့ အချိန်လေးတခုတော့ ပေးထားတယ်။ လက်နက် မချဘူးဆိုရင်တော့ မူဆယ်ကို ပစ်မယ်၊ ခတ်မယ်ဆိုပြီးတော့ အသံကြားတယ်ပေါ့နော်။ ဒေသခံပြည်သူတွေကတော့ ရှောင်တော့ ရှောင်ကြတယ်။ တော်တော်များများလည်း ရှောင်ကြတယ်။ မြို့ခံတချို့ မရှောင်နိုင်တဲ့လူတချို့နဲ့ အိမ်စောင့်လောက်ပဲ ကျန်ခဲ့တော့တယ်။ တော်တော်များများ ကတော့ ပိုက်ဆံရှိတဲ့လူတွေကတော့ ရှောင်ကုန်ကြပြီ။ ဘာဖြစ်လို့လည်းဆိုတော့ နဂိုတည်းက မူဆယ်မြို့မှာ ပြန်ပေးဆွဲ၊ ဓါးပြတိုက် မူခင်းတွေ များတဲ့အခါကျ ကြောက်ပြီးတော့ တော်တော်များများ ရှောင်ကြတယ်။ ဒီလို တိုက်ပွဲတွေ ဖြစ်မယ်ဆိုတော့ ရှောင်သွားကြပြီ။ ”
ရှမ်းမြောက်ဒေသမှာ ၂၀၂၃ ခုနှစ်က စတင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြို့အတော်များများ ကို စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရတာပါ။
မူဆယ်မြို့ ဝန်းကျင်က နမ့်ခမ်းမြို့ ၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ပန်ဆိုင်း(ကြူကုတ်) နဲ့ ကွတ်ခိုင် စတဲ့မြို့တွေကို ညီနောင်မဟာမိတ်တွေက သိမ်းယူထားပြီး မူဆယ်မြို့ဘဲ ကျန်နေတာလည်း ဖြစ်ပါတယ်။
ဒီလ ၃ရက်နေ့မှာ လားရှိုးမြို့ကို MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တဲ့နောက် ရှမ်းမြောက်ဒေသမှာ မူဆယ်၊ သီပေါနဲ့ နမ့်လန်မြို့တွေသာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတော့တာပါ။
ဒီလ ၇ရက်နေ့မှာတော့ လားရှိုးမြို့ကို UWSA ဝတပ်ဖွဲ့တွေ ထပ်မံရောက်ရှိလာကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လားရှိုးမြို့တွင်းမှာကျန်ရှိနေသူတွေနဲ့ အဆက်အသွယ်ရှိတဲ့ စစ်ရှောင်မြို့ခံတဦးက ဝတပ်ဖွဲ့တွေ ရောက်ရှိလာတာ ကြားသိကြောင်းနဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက မတိုက်ခိုက်စေဖို့ ရည်ရွယ်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
“ ဟုတ်တယ်လေ။ သူတို့ ထပ်ဝင်တယ်ဆိုတာ။ အင်အား ကားအစီးရေ ၁၀စီးကျော် ထပ်ဝင်တယ်လို့ ပြောတယ်၊ မြို့ကို။ လားရှိုးမြို့က တအားကြီးတဲ့အချိန်မှာ ၊ ပြောမယ်ဆို အပေါ်ကနေ လေယာဉ်နဲ့ မပစ်အောင်ပေါ့။ ဒီဘက်မှာလည်း သူက ပြောမှာပဲလေ။ စကစကိုလည်း သူပြောမှာပဲလေ။ ငါတို့ ဝင်လာမယ်။ ငါတို့ လာထိန်းမယ်။ ငါတို့ လာနေမယ်အဲလိုမျိုးတွေ ပေါ့ဗျာ။ ဒီလို ပုံစံပေါ့။ ”
အခြား စစ်ရှောင်လားရှိုးမြို့ခံ တဦးကလည်း လားရှိုးမြို့ကို ဝတပ်ဖွဲ့က ထိန်းသိမ်းသွားမယ်လို့ ကြားရကြောင်းနဲ့ MNDAA က ထိန်းချုပ်ထားပေမဲ့ အုပ်ချုပ်ရေးနဲ့ ရှင်းလင်းရေးကိစ္စတွေကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောပါတယ်။
“ဒေသခံတွေ သုံးသပ်တာကတော့ ဝ ကပဲပြန် လားရှိုးမြို့ကို ထိန်းမယ်ထင်တယ်တဲ့ အဲလိုပဲ ပြောနေကြတယ်။ ဒါပေမဲ့ ဟိုဘက်ကလည်း အထူးဒေသ ၁ ဘာညာမျိုးပဲ လုပ်မယ်။ ဒါပေမဲ့ ကျနော်သိရသလောက်လေ သွားတဲ့သူတွေက ဒီနေ့ အခြေအနေမှာ ပြောတာကတော့ မြို့ထဲမှာကျတော့ အဲလောက်ထိ သူတို့က သိပ်မရှိဘူးပေါ့။ တချို့နေရာတွေကျလည်း ရပ်ကွက် ၉၊ ၁၀ အဲဒီဘက်တွေကျ မိုင်းမရှင်းရသေးဘူးပေါ့။ မိုင်းမရှင်းရသေးဘူး။ သန့်ရှင်းရေး မလုပ်ရသေးဘူးဆိုတော့ အလောင်းတွေကလည်း အများကြီး ရှိတယ်ပေါ့နော်။ အဲလိုမျိုးတော့ သူတို့ ရှင်းလင်းရေး မလုပ်နိုင်သေးဘူးပေါ့။ အဲလိုမျိုးပဲ ပြောတယ်။”
UWSA ဝတပ်တွေ လားရှိုးမြို့ကို ထပ်မံ ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေဆိုတာတော့ မရှိပါဘူး။
ရှမ်းပြည်နယ် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ အစိုးရ ရုံးစိုက်ရာ ဟိုပန်မြို့ကို ဒီနှစ်ဇန်နဝါရီလ ၅ရက်နေ့မှာ MNDAA အဖွဲ့တွေ သိမ်းယူပြီးနောက်မှာ ဟိုပန်နဲ့ ပန်လုံမြို့ကို UWSA ဝတပ်ဖွဲ့တွေထံ လွှဲပြောင်းပေးအပ်တာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကတော့ ထောင်နဲ့ ချီတဲ့ ဝ တပ်ဖွဲ့တွေဟာ တန့်ယန်းမြို့ကို ရောက်ရှိလာပြီး ရှမ်းမြောက်ဒေသ စစ်မီးတွေ မကူးစက်အောင်ဆိုကာ ထိန်းချုပ်ခဲ့ပါတယ်။ ဇူလိုင်လ ၂၇ရက်နေ့ လားရှိုးတိုက်ပွဲ ပြင်းထန်နေချိန်မှာ လားရှိုးမြို့ကို ပထမအကြိမ် ဝင်ရောက်ခဲ့ပါတယ်။ ဒီလို ဝင်ရောက်တာဟာ လားရှိုးမြို့ရှိ ဝတပ်ဖွဲ့ပိုင် ကုမ္ပဏီနဲ့ စက်ရုံတွေအပါအဝင် ၀ ဆက်ဆံရေးရုံးက မိသားစုတွေ လုံခြုံရေးအတွက် ဖြစ်ကြောင်း ၊ ပဋိပက္ခဖြစ်နေတဲ့ ဘက်အသီးသီးနဲ့ ညှိနှိုင်းပြီးမှ ဝင်ရောက်လာတာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Forum