သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ ယူနန်ပြည်နယ်အစိုးရနဲ့ စစ်ကောင်စီဆွေးနွေး


 စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တွေ့ဆုံ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တွေ့ဆုံ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)

စစ်ပွဲတွေကြောင့် ရပ်တန့်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးအပါအဝင် မြန်မာနဲ့ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုတွေ ပြန်စနိုင်ဖို့အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ အင်္ဂါနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမဲ့ နယ်စပ်မှာ နယ်မြေစိုးမိုးထားတဲ့ တိုင်းရင်းသားတွေနဲ့ စစ်ကောင်စီတို့နှစ်ဘက်ကြားမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ကုန်သွယ်ရေးပြန်စဖို့က လက်တလောမှာ မဖြစ်နိုင်သေးကြောင်း နယ်စပ်က လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနဲ့ နယ်စပ်လုံခြုံရေး ပူးပေါင်းဖို့အပါအဝင် ကုန်သွယ်ရေး ပြန်စနိုင်ဖို့အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo နဲ့ သံတမန်အဖွဲ့ဟာ ဖေဖေဝါရီလ ၂၀ရက်နေ့က မြန်မာစစ်ကောင်စီ ခေါင်းဆောာင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံတာမှာ ယူနန်ပြည်နယ်ဘက်က နည်းပညာအကူအညီတွေ၊ လမ်းတည်ဆောက်ရေးတွေ၊ လျှပ်စစ်ထုတ်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး စတဲ့ ကဏ္ဍစုံကိုလည်း တရုတ်ဘက်က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။

အဓိကတော့ နယ်စပ်တည်ငြိမ်ပြီး ကုန်သွယ်ရေးအမြန်ဆုံးပြန်စဖို့ တရုတ်က မျှော်လင့်ထားပေမဲ့ မြန်မာဘက်က လုပ်ပေးနိုင်တဲ့ အခြေအနေမှာ မရှိသေးဘူးလို့ မူဆယ်မြို့ ကုန်သည်တွေက ပြောပါတယ်။ အထူးသဖြင့် နယ်မြေစိုးမိုးထားတဲ့ တိုင်းရင်းသားနဲ့ ကုန်သွယ်ရေးကရတဲ့ အကျိုးအမြတ်ကို ဘယ်လိုညှိနှိုင်းပြီး လုပ်ကြမယ်ဆိုတာ မသိရကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" မူဆယ်ကနေ ဖွင့်မယ်ဆိုရင် ကိုးကန့်အဖွဲ့ရှိတယ်၊ ပလောင်ရှိတယ်၊ AA ရှိတယ်၊ ကချင်ရှိမယ်၊ တပ်မတော်ရှိမယ်၊ လမ်းခရီးက ဖွင့်လာမယ်ဆိုရင်တောင်မှ အရင်လို့တော့ ပြန်ဖြစ်ဖို့တော့ မဖြစ်နိုင်သေးဘူးပေါ့နော်။ စစ်ဆေးမှုတွေ၊ နောက်ပြီး မယုံသင်္ကာမှုတွေ အများကြီးဖြစ်လာနိုင်စရာ ကျန်သေးတာပေါ့။ ဒါပေမဲ့ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း တွေ့ဆုံညှိနှိုင်းနေတယ်ဆိုတော့ အဲ့ကိစ္စလားတော့ မသိဘူးပေါ့နော်။ အဓိကနေရာ ၁၀၅မိုင်က ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားတယ်။ အခွန်က ဘယ်လိုဆောင်ကြမလဲ ဘယ်သူကယူမလဲ၊ ဒါတွေကတော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပေမဲ့လည်း ဖြစ်နိုင်ဖို့လည်း သိပ်တော့မလွယ်ဘူး ထင်တာပဲဗျ နော်။"

တရုတ်နယ်စပ်က မံစီမြို့ကို ကချင် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက တနင်္လာနေ့က သိမ်းပိုက်လိုက်ပါတယ်။ အလားတူပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက ပန်ဆိုင်း၊ မူဆယ် ၁၀၅မိုင်၊ ကျင်စန်းကျော့ စတဲ့ ကုန်သွယ်ရေး အချက်အချာကျတဲ့ နေရာတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ထားတာပါ။ အဲဒီ ကျင်စန်းကျော့ နယ်စပ်ဂိတ်က ကားကြီးဝင်းထဲကို ၂၀၂၃၊ နိုဝင်ဘာလ ၂၃ရက်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်ကားအများအပြား မီးလောင်ခဲ့ပါတယ်။ ကုန်ကားရာနဲ့ချီပြီး အဲဒီဝင်းထဲမှာ ပိတ်မိနေခဲ့တာပါ။ ဒီပိတ်မိနေတဲ့ကားတွေကို ကိုးကန့်တပ်ဖွဲ့က ဒီရက်ပိုင်းထဲမှာ ပြန်ပြီး ထုတ်ပေးနေပါတယ်။

နယ်စပ်ကုန်သွယ်ရေးကို မြန်မြန် ပြန်စချင်တဲ့အကြောင်း တရုတ်က ပြောနေပေမဲ့ စစ်ကောင်စီကတော့ ဒီလိုအခြေအနေမှာ ပြန်ဖွင့်ချင်ပုံ မရသေးကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့က ခန့်မှန်းပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

" ဒီနေ့မနက် မန္တလေးကိုရောက်တော့ မန္တလေးက ကားဆရာတွေကတော့ ဟိုဘက်မှာ (တရုတ်ဘက်မှာ) ကားတွေအများကြီး ကျန်နေသေးတယ် ဆိုတဲ့ဟာတွေ ပြောတယ်။ ကျနော်ကတော့ မထင်ပါဘူးဗျ၊ ဖွင့်လိမ့်မယ်၊ ဖွင့်လိမ့်မယ်လို့ ပြောခဲ့တာတွေက ကြာခဲ့ပြီလေ။ ကျနော်ကြားသိတဲ့ ဟာကတော့ တရုတ်ဘက်က ဖွင့်ချင်တာတောင်မှ ဗမာဘက်က မဖွင့်ချင်တဲ့ သဘောမျိုးလေးတွေတော့ ထင်တာဗျ။"

အခုတော့ မြန်မာကနေ တရုတ်ကိုသွားတဲ့ မဆိုသလောက်ကုန်စည်တွေက ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းကို အားထားပြီး သွားနေရပါတယ်။ မိုင်းလား နယ်စပ်ဂိတ်ကနေလည်း တရုတ်ကို သွားကြတယ်ဆိုပေမဲ့ ကုန်ကျစရိတ်များတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG