သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီက မဟာမိတ်ကိုးကန့်ခေါင်းဆောင်တွေကို တရုတ်ထံလွှဲပြောင်း


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)

ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်အပါအဝင် တရုတ်နိုင်ငံက အွန်လိုင်းရာဇဝတ်မှုနဲ့အလိုရှိနေသူ ၁၀ ဦးကို မြန်မာဘက်က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ အခု ဇန်နဝါရီလ ၃၀ ရက်နေ့က နေပြည်တော်လေဆိပ်ကနေ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ညပိုင်းမှာပဲ တရုတ်နိုင်ငံကို ရောက်ရှိသွားပြီလို့ သိရပါတယ်။

ဒီသတင်းမှန်တယ်ဆိုတာ မြန်မာစစ်ဖက်သတင်းရပ်ကွက်ကလည်း အတည်ပြုချက်ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲ ပယ်ဆောက်ချိန်ရဲ့သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်၊ နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးဝေဆန်း ခေါ် ဝေ့ဟွိုင်ရန်၊ ကိုးကန့်သူဌေးလျိုကျန့်ရှန်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ ပယ်ဆောက်ချိန်ဟာ မြန်မာစစ်တပ်နဲ့ မဟာမိတ်ပြုခဲ့တဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်တဦးလည်းဖြစ်သလို ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်တပ်အနွယ် ကြံခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသူလည်းဖြစ်ပါတယ်။

မြောက်ပိုင်းတိုင်းရင်းသား ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း သူ့ကို မြန်မာအစိုးရက ခေါ်ယူထိန်းသိမ်းခဲ့တာပါ။ တရုတ်နိုင်ငံဘက်က အွန်လိုင်းရာဇဝတ်မှုနဲ့ သူ့ကိုအလိုရှိကြောင်းထုတ်ပြန်ခဲ့ပြီးနောက် အခုမှ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိဆိုရင် အွန်လိုင်းရာဇဝတ်မှုနဲ့ ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ လေးသောင်း လေးထောင်ကို မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံကို လွှဲပြောင်းခဲ့ပြီးဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံကအလိုရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြီရှောက်ချန်းနဲ့ သူ့မိသားစုတွေကိုလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြန်မာစစ်ကောင်စီဘက်ကဖမ်းဆီးခဲ့ရာမှာ မြီရှောက်ချန်းကတော့ ဖမ်းဆီးစဉ် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG