သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် မူပန်ခရိုင်ထဲ တိုက်ပွဲဖြစ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်


ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကတည်းက အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနှစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA) ဘက်က (၁) ဦးကျဆုံးခဲ့တယ်လို့ မြောက်ပိုင်း ညီနောင် (၃) ဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

သူတို့ မဟာမိတ်တပ်တွေအနေနဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တာတွေ လုံးဝ မရှိပေမယ့် စစ်ကောင်စီဘက်ကတော့ တအာင်းနဲ့ ကိုးကန့်ဒေသတွင်းမှာ ရန်လိုမှုတွေ ရှိနေတယ်လို့ ပြောပြီး ဒါဟာ ကြားဝင်ကူညီပေးခဲ့တဲ့ တရုတ်နိုင်ငံကိုလည်း အလေးမထားရာရောက်တယ်လို့ ညီနောင် (၃) ဖွဲ့ရဲ့ ဗုဒ္ဓဟူးညပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီလ (၁၆) ရက်နေ့ကလည်း စစ်ကောင်စီဟာ ကူမင်းမြို့မှာ သဘောတူထားတဲ့ "ဟိုင်ဂင်သဘောတူညီမှု” ကို ပထမအကြိမ် ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့ပြီးတဲ့နောက် အခုတကြိမ်က ဒုတိယအကြိမ် ထပ်မံ ချိုးဖောက်တာလို့လည်း ဆိုပါတယ်။

တပြိုင်တည်းမှာပဲ လားရှိုးမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှာလည်း ဂျက်တိုက်လေယာဥ်နဲ့ (၇) ကြိမ်၊ Mi-35 ရဟတ်ယာဉ်နဲ့ (၃) ကြိမ်၊ Y-12 စစ်လေယာဥ်နဲ့ (၁၁) ကြိမ် လာရောက်ခဲ့ပြီး ဗုံးအလုံးပေါင်း (၁၀၁) လုံး ကြဲခဲ့တဲ့ အပြင် ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံး (၃) လုံးနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ ညီနောင် (၃) ဖွဲ့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာ တခု ဖြစ်တဲ့ VK မှာ သတင်းထုတ်ပြန်ပါတယ်။ ရှမ်းမြောက်က စတင်ခဲ့တဲ့ ညီနောင် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကလည်း ရက် (၉၀) ပြည့်မြောက်လာပြီ ဖြစ်ပြီး သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အစားထိုး အုပ်ချုပ်ရေး လည်ပတ်ဖို့ လုပ်နေတယ်လို့လည်း ညီနောင် (၃) ဖွဲ့က ပြောပါတယ်။

ခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တောမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီလို့ ညီနောင် မဟာမိတ် (၃) ဖွဲ့ ဝင် ရက္ခိုင့်တပ်တော် (AA) က ကြေညာပါတယ်။ တပြိုင်တည်းမှာပဲ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေဟာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒါ့အပြင် ရမ်းဗြဲမြို့မှာလည်း မြို့ပေါ်ရပ်ကွက်နဲ့ အနီးတဝိုက် နေရာတွေကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်၊ ရဟတ်ယာဉ်တွေနဲ့ (၃၃) ကြိမ်ထက်မနည်း တရစပ် လာရောက်ဗုံးကြဲတိုက်ခိုက်လို့ လေကြောင်းတိုက်ခိုက်မှု အများဆုံးနေ့ တနေ့ ဖြစ်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် မောင်တောအခြေစိုက် စစ်ကောင်စီရဲ့ “မောရဝတီဗျူဟာ” ကနေ အနီးအနားက လူနေမြို့နဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ မောင်တောမြို့နယ်ထဲမှာ ဒေသခံ အသက် (၁၅) နှစ် အရွယ် အမျိုးသမီးငယ်တဦးနဲ့ အသက် (၁၀) နှစ်အရွယ် ယောကျ်ားကလေးငယ်တဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ AA ဘက်က ပြောပါတယ်။

အင်္ဂါနေ့ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးက အရွယ်မရောက်သေးတဲ့ မွတ်ဆလင် (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကလေးငယ် (၂) ဦး အပါအဝင် (၈) ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ပုလဲတောင်ရွာ ပစ်ခတ်သေဆုံးမှုက သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပြီး AA ဘက်က လက်နက်ကြီး ပစ်ခတ်တာလို့ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ ဇန်နဝါရီ ၂၅ ရက် (ကြာသပတေးနေ့) ထုတ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက ပစ်ခတ်မှုတွေကိုလည်း သတင်းမှားအဖြစ်ဖော်ပြပြီး သူတို့အခေါ် အကြမ်းဖက် သောင်းကျန်းသူတွေက Drop Bomb တွေ ချတိုက်ခိုက်လို့ ဒေသခံ ပြည်သူတွေရဲ့ ကျေးရွာ၊ နေအိမ်တွေ ထိခိုက်ခဲ့ရတာလို့ ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG