သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ကုန်သွယ်ရေးဇုန်အနီး လက်နက်ကြီးကျည်ကျလို့ လူ ၃ ဦး သေဆုံး


မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် (ယခင်မှတ်တမ်းဓာတ်ပုံ)
မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် (ယခင်မှတ်တမ်းဓာတ်ပုံ)

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ မိုင်းယု (Mong Yu) ကျေးရွာမှာ ဒီဇင်ဘာ ၂၆ ရက် မနေ့က လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ရှမ်းမြောက် လူမှုကူညီရေး အဖွဲ့တခုရဲ့ တာဝန်ခံက VOA ကို ပြောပါတယ်။

" မိုင်းယုကတော့ လက်နက်ကြီးကျတယ်ပေါ့၊ ဘယ်ကပစ်တဲ့ လက်နက်ကြီးလဲတော့ မသိဘူးဗျ။ ထမင်းဆိုင်ကို ကျတယ်တဲ့၊ သုံးယောက်သေတယ်။ လေးယောက်က စိုးရိမ်ရတယ်ပြောတယ်။ အိမ်ပြင်ထွက်ရင် နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ဘယ်အဖွဲ့မှန်းမသိဘဲနဲ့ လမ်းပေါ်တက်တဲ့သူမှန်သမျှ အကုန်ပစ်နေတော့ ခက်တော့ခက်သားဗျ။”

ဒီဇင်ဘာ ၂၅ ရက်၊ တနင်္လာနေ့ကလည်း မူဆယ်နဲ့ မိုင်းယုကြားက တုံခမ်ရွာကို လေကြောင်းကနေ လာရောက် ပစ်ခတ်တဲ့အတွက် သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနိုင်ပေမယ့် အဆက်အသွယ်လုပ်လို့ မရတာကြောင့် အခြေနေမှန် မသိရပဲ စိုးရိမ်နေရတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်တဝိုက်မှာ ဒီရက်ပိုင်းအတွင်း ကြီးမားတဲ့ တိုက်ပွဲတွေမရှိပေမယ့် လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်တာမျိုးကတော့ ရက်ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ္မတူ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုးမှာလည်း မနေ့က တိုက်ပွဲတချို့ရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဂျက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာရှိကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့ရဲ့ နေရာ အများစုကိုတော့ MNDAA ကိုးကန့်လက် နက်ကိုင်အဖွဲ့က သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသအခြေစိုက် သတင်းတချို့က ရေးသားကြပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် လောက်ကိုင်မြို့မှာ နေရာတော်တော် များများ ပျက်စီးနေပြီး လူသေဆုံးမှုတွေလည်းရှိကြောင်း လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG