သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်ကနေ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ တရုတ်အစိုးရသတိပေး


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)

တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လုံခြုံရေးအခြေအနေ ပိုဆိုးလာတဲ့အတွက် တရုတ်နိုင်ငံသားတွေ တရုတ်နိုင်ငံကို အမြန်ဆုံး ပြန်လာကြဖို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ကြားတိုက်ပွဲတွေဖြစ်နေတဲ့ လောက်ကိုင်ဒေသမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံတဲ့နေရာတွေကို သွားကြပါလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning ကဒီနေ့ ကြာသပတေးနေ့မှာ လုပ်တဲ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လက်ရှိအခြေအနေ အတော်ဆိုးပြီး ရှုပ်ထွေးနေပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ လောလောဆည် မြန်မာနိုင်ငံမြောက်ပိုင်းကို မသွားကြဖို့ ထပ်သတိပေးချင်သလို အဲဒီမှာရှိနေကြတဲ့ အထူးသဖြင့် လောက်ကိုင်မြို့မှာရှိနေကြတဲ့ တရုတ်နိုင်ငံသားတွေကို လုံခြုံတဲ့နေရာ ပြောင်းကြဖို့ ဒါမှမဟုတ် တရုတ်နိုင်ငံကို အမြန်ဆုံးပြန်လာဖို့ ဘေးကင်းလုံခြုံမှုရှိအောင် သတိထားကြဖို့ တောင်းဆိုချင်ပါတယ်" လို့ တရုတ်အစိုးရ ပြောခွင့်ရက ပြောကြားသွားပါတယ်။

လောက်ကိုင်မြို့မှာ ပဋိပက္ခတွေပိုဆိုးလာတဲ့အတွက် တရုတ်နိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာသွားကြဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း WeChat လူမှုကွန်ရက်မှာ သတိပေးထားပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြား ဒုတိယအကြိမ် တွေ့ဆုံမှု ပျက်သွားခဲ့ပြီးနောက်မှာ ခုလို တရုတ်ဘက်က တရုတ်နိုင်ငံသားတွေအပေါ် သတိပေးမှု ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်လူမျိုးတွေ၊ တရုတ်အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ လုံခြုံအောင် သက်ဆိုင်သူတွေအားလုံး လက်တွေ့ကျကျလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးတာက သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးအတွက် အကျိုးရှိပြီး တရုတ် မြန်မာနယ်စပ်လုံခြုံရေးကိုလည်း ထိန်းထားနိုင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနကပြောခွင့်ရ Mao Ning ကပြောကြားခဲ့ပါတယ်။ ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင်တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း လောက်ကိုင်မြို့ထဲက နေရာတချို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့တချို့ကို ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ဖက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံတချို့ သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG