သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုနှိမ်နင်းရေးမှာ NDAA မိုင်းလားအဖွဲ့ ပါဝင်လုပ်ဆောင်


အင်တာနက်အွန်လိုင်းကနေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့သူ တရုတ်နိုင်ငံသား (၂)ဦးကို ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တရုတ်တာဝန်ရှိသူတွေထံ လွှဲပြောင်းနေစဉ်
အင်တာနက်အွန်လိုင်းကနေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့သူ တရုတ်နိုင်ငံသား (၂)ဦးကို ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တရုတ်တာဝန်ရှိသူတွေထံ လွှဲပြောင်းနေစဉ်

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားဒေသအတွင်း အွန်လိုင်းလိမ်လည်ရာဇ၀တ်မှုလုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ဒီလုပ်ငန်းမှာခိုင်းစေခံရသူတွေအပါအဝင် တရုတ်နိုင်ငံသားတသောင်းခန့်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ မိုင်းလားဒေသ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီလူတွေကို မိုင်းလားမြို့ နယ်ခြားဂိတ်ကနေ တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့တာလို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းအခြေစိုက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA ဘက်က သူတို့ အုပ်ချုပ်နေတဲ့ နယ်မြေထဲ အွန်လိုင်း ဆိုင်ဘာရာဇဝတ်မှု လုပ်ငန်းတွေ ခွင့်မပြုကြောင်းနဲ့ ဒါကြေင့်လည်း တရုတ်နိုင်ငံနဲ့ ပူးတွဲနှိမ်နင်းခဲ့တယ်လို့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်းက နှစ်သစ်ကူး မိန့်ခွန်းမှာပြောဆိုထားပါတယ်။ ကျားဖြန့်လုပ်ငန်း လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်တဲ့ ရာဇ၀တ်မှုလုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် ဒီလုပ်ငန်းတွေမှာ ခိုင်းစေခံရသူ တသောင်းဝန်းကျင်ကို ၂၀၂၃ နှစ်ကုန်ခါနီးပိုင်းမှာ နယ်စပ်ဂိတ်ကနေတဆင့် တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ခဲ့တယ်လို့ NDAA ပြောခွင့်ရ ဦးကြည်မြင့်က ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

“စက်တင်ဘာ ၃ ရက်နေ့လောက်က စတယ်။ စပြီးမှဆိုတော့ တော်တော်များများလည်း ဖမ်းမိတယ်။ ဖမ်းမိတော့ ပို့လိုက်တယ်။ စာရင်းကတော့ ကျနော်သိသလောက်ကတော့ ဖမ်းတာရော နောက်ရောက်ပြန်တာရော ပေါင်းတာဆိုရင်တော့ တသောင်းနီးပါးရှိတယ်။ အဲဒီအဖမ်းခံထားရတဲ့သူတွေတရုတ်ကိုပို့ပေးလိုက်တယ်။ အခုလောလောဆယ်တော့ ဘာမှမရှိတော့ဘူး။ အေးအေးဆေးဆေးဖြစ်နေပြီ။”

ဖမ်းဆီးပြီး ပြန်ပို့ခဲ့တဲ့ လူဦးရေအတိအကျ စာရင်းကိုတော့ မိုင်းလားဘက်က ဖြေဆိုတာမရှိခဲ့ပါဘူး။

အရှေ့တောင်အာရှက အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ လာအို လေးနိုင်ငံပေါင်းပြီး နှိမ်နင်းဖို့ ၂၀၂၃ ဩဂုတ်လ ၁၅ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလုပ်တဲ့ အစည်းအဝေးတခုမှာ တရုတ်က တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းနှိမ်နင်းရေးတွေကို တရုတ်က အဓိကထားလာတဲ့နောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရော ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလား ဒေသ အတွင်းမှာပါ အခုလိုဖမ်းဆီးတာတွေလုပ်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်ကနေ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို တရုတ်ဘက်ကို လွှဲပေးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီလုပ်ငန်းတွေနဲ့ဆက်စပ်သူတွေကို ဖမ်းဆီးမှုတွေလုပ်ကာတရုတ်နိုင်ငံဘက်ကိုလွှဲပြောင်းပေးတာတွေရှိခဲ့ပါတယ်။

နယ်စပ်ဒေသတွေမှာ တရုတ်လို ကျားဖြန့်လို့ နာမည်ရတဲ့ ဒီလုပ်ငန်းဟာ အွန်လိုင်းကနေတဆင့် ငွေကြေးလိမ်လည်တာဖြစ်ပြီး အရှေ့တောင်အာရှအပါအဝင် နိုင်ငံတကာထိပါ လိမ်လည် မှုတွေလုပ်ကိုင်ကြပါတယ်။ တရုတ်နိုင်ငံဘက်က ဩဂုတ်လက စတင်ပြီး မဲခေါင်ဒေသ အွန် လိုင်း ရာဇဝတ်ဂိုဏ်း ရှင်းလင်းရေးကိုစတင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှာ တော်တော်လေး အရှိန်ပြင်းထန်လာခဲ့တာပါ။ ဒီလုပ်ငန်းနဲ့ဆက်စပ်ဆိုတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကခေါင်းဆောင်တချို့နဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်က ခေါင်းဆောင်ဟောင်းတချို့ကို ဖမ်းဝရမ်းထုတ်ခဲ့သလို၊ ကိုးကန့် ထိပ်ပိုင်းလုပ်ငန်းရှင်တချို့ကိုလည်း ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

NDAA ပြောခွင့်ရ ဦးကြည်မြင့်ကတော့ မိုင်းလားအနေနဲ့ ဒီလုပ်ငန်းတွေကိုအားမပေးတာကြောင့်ရော၊ လူငယ်တွေအနာဂတ်အတွက် စိုးရိမ်တာကြောင့်ပါ ဒီလုပ်ငန်းတွေကို ဖိဖိစီစီးနှိမ်နင်းပြီး ဒီနှိမ်နင်းရေးမှာ တရုတ်နိုင်ငံနဲ့လည်း ပူးတွဲလုပ်ဆောင်မယ်လို့ ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ဒေသကို ကျနော်တို့ကာကွယ်ဖို့လိုတယ်။ ခုန ကျနော်ပြောသလိုပေါ့ ဘယ်လိုပြောမလဲ အဲနေရာမှာစိတ်ဝင်စားတယ်လေ။ အဲဒါပြည်သူလူထု တော်တော်နာတယ်။ အထူးသဖြင့်ကလေးတွေ။ အဲဒါရှိရင်ကျောင်းမတက်ချင်တော့ဘူး။ ပညာရေးလည်းမလုပ်ချင်တော့ဘူး။ တခြားအလုပ်လဲမလုပ်ချင်တော့ဘူး။ အဲဒါတော့ဂယက်ရိုက်မှုကြီးတယ်။ ပင်ပင်ပန်းပန်းမလုပ်တော့ဘဲ လုပ်တာဆိုတော့ တချို့ ကလေးတွေက စွဲဆောင်တယ်လေ။ အဲဒါ ကျနော်တို့ဒေသအတွက် မကောင်းဘူး။ ပြည်သူလူထုအတွက်လည်း မကောင်းဘူးဆိုတော့ ကျနော်တို့ အဲဒါ ပူးပေါင်းပြီး နှိမ်နင်းတယ်လို့ အဲလိုပါ။”

သူ့အဆိုအရ စစ်ကောင်စီဘက်ကလည်း ဖမ်းဆီးရမိသူတွေကို မိုင်းလားကနေတဆင့်တရုတ်နိုင်ငံဘက် ကိုလွှဲပြောင်းပေးခဲ့တယ်လို့ပြောပါတယ်။ အခုမိုင်းလားဘက်က လွှဲပြောင်းပေးခဲ့သူတွေဟာ မိုင်းလားတပ်ဖွဲ့တွေဘက်က ဖမ်းဆီးထားသူတွေပဲလား၊ ဒီထဲမှာစစ်ကောင်စီဘက်က ဖမ်းဆီးရမိပြီး မိုင်းလားဘက်က တဆင့်ပြန်လွှဲသူတွေပါမပါကိုတော့ ဦးကြည်မြင့်က ရှင်းရှင်းလင်းလင်းမပြောပါဘူး။

ကျားဖြန့်လုပ်ငန်းမှာ စစ်ခေါင်းဆောင်တွေအအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါ ပါဝင်ပတ်သတ်မှုရှိတယ်လို့ ယူဆနေကြတာကြောင့် အခု ကျားဖြန့်နှိမ်နင်းရေးမှာ တရုတ်ဩဇာပိုကြီးလာတယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူတဦးက ယူဆပါတယ်။

“သေချာတာကတော့ တရုတ်က ဒီအပေါ်မှာ ဩဇာတက်လာပုံရတယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကော မြန်မာစစ်တပ်ဘက်ကိုကော သူတို့ပြဿနာကိုရှင်းဖို့ကြိုးစားရင်းနဲ့ တဘက်မှာမြို့သစ်စီမံကိန်းတွေလုပ်ဖို့လုပ်လာတာတွေရှိတယ်။ နိုင်ငံရေးအရစီးပွားရေးအခွင့် အရေးအရ ဩဇာတက်ဖို့ကြိုးစားနေတာက ဒီခုနပြောတဲ့အခြေအနေမျိုးပေါ့။ကျောက်ဖြူလက်မှတ်ထိုး တာမျိုး။ ဩဇာတက်ခွင့်၊ ဩဇာလွမ်းခွင့်ရတဲ့အပေါ်အခွင့်ကောင်းယူပြီးတော့ လုပ်လာတာမျိုးရှိလာသလို တရားမဝင်မှောင်ခိုစီးပွားရေး လုပ်တဲ့အသိုင်းအဝိုင်းတွေက သူတို့ငွေကြေးသူတို့အင်အားတွေရှိတယ်။ အဲဒါ့တွေ ဘယ်ကိုရွှေ့ပြောင်းမလဲ-ဘယ်ဘက်ကိုသုံးမလဲ၊ ဘယ်လိုလွတ်အောင်ရှောင်ကြမလဲ- အဲဒါတွေ က မမြင်နိုင်တဲ့သက်ရောက်မှုတွေရှိလာမှာအမှန်ပဲ။”

အခုဆိုရင် ကျားဖြန့်အွန်လိုင်းရာဇဝတ်မှုကိစ္စတွေဟာ ရှမ်းပြည်နယ်မှာသာမက ကရင်ပြည်နယ်ထိပါ ရိုက်ခတ်လာနေပါတယ်။ ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်စီမံကိန်းထဲက တရားမဝင် စီးပွားရေးလုပ်ငန်းတွေရဲ့အဓိက လုပ်ငန်းဟာ ကျားဖြန့်လုပ်ငန်းဖြစ်တယ်လို့လည်း စွပ်စွဲမှုတွေရှိနေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂကတောာ့ မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ လောက် အဓမ္မ စေခိုင်းခံနေရတယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရကတော့ အွန်လိုင်းရာဇဝတ်သား ၃၁,၀၀၀ ကျော်ကို ဖမ်းဆီးမိထားတယ်လို့ မကြာသေးခင်ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG