သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM လႈပ္ရွားမႈမွာ ပါဝင္သူေတြ အာဏာသိမ္းစစ္ေကာင္စီ ဖမ္းဆီးၿဖိဳခြဲေန


ရန္ကုန္ၿမိဳ႕ စစ္အာဏာဖီဆန္ဆႏၵျပသူ ရန္ကုန္ၿမိဳ႕ခံမ်ား။ (ေဖေဖာ္ဝါရီ ၁၈၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ ျမန္မာႏုိင္ငံအ၀န္းက လႈပ္ရွားမႈေတြမွာ ပါ၀င္ၾကတဲ့ ၀န္ထမ္းေတြကုိ အာဏာပုိင္ေတြ ဖမ္းဆီးတာေတြ၊ ဖိအားေပးတာေတြ ရွိေနပါတယ္။ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ၀န္ထမ္းတခ်ဳိ႕ အပါအ၀င္ ဖမ္းဆီးခံရသူေတြ၊ ဖိအားေပးခံရသူေတြ ရွိေနေပမဲ့လည္း အလုပ္မဆင္းဘဲ အႏုနည္းနဲ႔ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြမွာ ဆက္လက္ ပါ၀င္ေနသူေတြလည္း ရွိပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

လမ္းေပၚထြက္ ဆႏၵျပပဲြေတြ၊ အလုပ္မဆင္းဘဲ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ဆန္႔က်င္လႈပ္ရွားမႈေတြ သီတင္း ၂ ပတ္ေလာက္ ရွိလာခ်ိန္မွာပဲ လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ၀န္ထမ္းေတြကို အာဏာပုိင္ေတြက ဖမ္းဆီးတာ ၿခိမ္းေျခာက္တာေတြ လုပ္လာေနတာပါ။ CDM လုိ႔ေခၚၾကတဲ့ အႏုနည္းနဲ႔ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈမွာ ပါ၀င္ေနသူ ၀န္ထမ္းရာေက်ာ္ရွိတဲ့ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္က ႏိုင္ငံျခားေရးဝန္ႀကီးဌာန႐ုံး ၀န္ထမ္း ၁၁ ေယာက္ကိုလည္း ဒီကေန႔ အေစာပိုင္းမွာပဲ အာဏာပုိင္ေတြ ဖမ္းဆီးသြားေၾကာင္း လုပ္ေဖာ္ကုိင္ဖက္တဦးက VOA ကိုေျပာပါတယ္။

“က်ေနာ္တို႔ သိရသေလာက္ကေတာ့ ဒီေန႔မနက္ ၄ နာရီမွာ သူတို႔ေနတဲ့ အိမ္ေပါ့ေနာ္။ အဲ့ဒီအိမ္ကို လာဖမ္းသြားတယ္တဲ့၊ လာဖမ္းေတာ့ ဖမ္းခံရတဲ့သူေတြကလည္း က်ေနာ္တို႔ဆီကို ဖုန္းဆက္တယ္။ မနက္ ၄ နာရီႀကီးျဖစ္ေတာ့ ဖုန္းကို မကိုင္လိုက္မိဘူး၊ သူတို႔က သူတို႔ဖမ္းခံရတဲ့ အေၾကာင္းကို Message ေလးပဲပို႔ထားခဲ့တယ္။ အဲ့ဒီ Message ပဲ က်ေနာ္တို႔ ရတယ္ေပါ့ေနာ္။ က်ေနာ္တို႔ ခုသူတို႔နဲ႔ အဆက္အသြယ္မရဘူး။ သူတို႔ဖုန္းကို သိမ္းထားတယ္လို႔ သိရပါတယ္။”

ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဖမ္းဆီးခံရသူ ဝန္ထမ္းေတြမွာ အႀကီးတန္းနဲ႔ အငယ္တန္းစာေရးေတြ ပါ၀င္ေၾကာင္းလည္း ေျပာပါတယ္။ အလုပ္မဆင္းဘဲ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈေၾကာင့္ အစုိးရနဲ႔ ပုဂၢလိကလုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ား ရပ္ဆုိင္းေနခ်ိန္မွာပဲ လုပ္ငန္းေတြ ျပန္လည္ပတ္ႏုိင္ေအာင္ အာဏာပုိင္ေတြ ဖိအားေပးေနတာပါ။ ရပ္ဆုိင္းေနတဲ့ လုပ္ငန္းေတြ လည္ပတ္ႏုိင္ေအာင္ မၾကာေသးခင္ ရက္ေတြကစလုိ႔ အာဏာပုိင္ေတြ ဖိအားေပးခံေနရတဲ့ အထဲမွာေတာ့ မီးရထားလုပ္ငန္းလည္း တခုအပါအ၀င္ ျဖစ္ပါတယ္။ ျမန္မာ့မီးရထား ၀န္ထမ္းတဦးကေတာ့ ဖမ္းဆီးအေရးယူဖုိ႔အထိ ဖိအားေပးဖုိ႔ စီစဥ္ေနတဲ့သတင္းေတြ ထြက္ေပၚေနတယ္လုိ႔ ေျပာပါတယ္။

“တိုင္းတာဝန္ခံဆိုတာက စစ္တပ္ကလာတဲ့အတြက္ သူကေတာ့ က်ေနာ္တို႔ကို ဖိအားေတြအရမ္းေပးတယ္။ ေနာက္ဆုံးဖမ္းခိုင္းတဲ့ အဆင့္ထိေအာင္ေတာင္မွ က်ေနာ္တို႔ ျပန္ၾကားရတယ္။ အတိအက်ေတာ့ က်ေနာ္တို႔ ဆီေတာ့ ေရာက္မလာဘူး။ ဆက္ၿပီးေတာ့ က်ေနာ္တို႔ကေတာ့ အဆုံးထိကိုလုပ္ဖို႔ CDM ကို အဆုံးထိလုပ္မွာပါ။ က်ေနာ္တို႔႔လည္း အဆိုးဆုံးထိ တြက္ထားၿပီးသားပါ။ ဒါေပမဲ့ အေကာင္းဆုံး ျပင္ဆင္ထားပါတယ္။”

မေန႔ညကလည္း မႏၱေလးၿမိဳ႕ကေန ျမစ္ႀကီးနားကုိသြားမယ့္ ရထားကုိ ၀န္ထမ္းေတြ တားဆီးဆႏၵျပတဲ့ သတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္ မႏၲေလးဘူတာႀကီးအနီး ၃၄ လမ္း၊ ၇၈ လမ္းနဲ႔ ၇၉ လမ္းၾကား ရထားလမ္းတေလွ်ာက္ လုံၿခံဳေရးတပ္ဖြဲ႔ေတြ ေသနတ္ပစ္ေဖာက္ လူစုခဲြခဲ့ပါတယ္။

အၾကမ္းမဖက္ဘဲ အာဏာဖီဆန္တဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္သူေတြကုိ အာဏာပုိင္ေတြ ဖိအားေပးတာေတြ ရွိေနေပမဲ့လည္း လႈပ္ရွားမႈေတြမွာ ဆက္လက္ ပါ၀င္သူေတြလည္း ရွိေနပါတယ္။ ဒီသီတင္းပတ္ အေစာပုိင္းမွာပဲ လုံၿခံဳေရးတပ္ဖဲြ႔ေတြက အင္အားသုံး ႏွိမ္နင္းဖုိ႔ ႀကိဳးပမ္းခဲ့တဲ့ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕က စဝ္စံထြန္းေဆး႐ုံမွာ ဆုိရင္လည္း အလုပ္ျပန္ဆင္းဖုိ႔ ဖိအားေပးတာေတြကုိ ၀န္ထမ္းေတြ ႀကံ့ႀကံ့ခံ ရင္ဆုိင္ေနၾကတယ္လုိ႔ ပါ၀င္လႈပ္ရွားေနသူ ဆရာဝန္တစ္ဦးက ေျပာပါတယ္။

“ခုကေတာ့ ေဆး႐ုံထဲက ဆရာဝန္အေဆာင္ေရာ သူနာျပဳအေဆာင္ေရာ CDM ေၾကညာထားတဲ့သူေရာ မေၾကညာထားတဲ့သူေရာ ဒီအေဆာင္ေတြမွာ ဘယ္သူမွ မေနရဲၾကေတာ့ဘူးေပါ့၊ အေဆာင္ေျပာင္းၿပီးပဲ ေနၾကတာေပါ့ေနာ္။ ကိုယ့္လုံၿခဳံေရးအတြက္ေပါ့။ သူတို႔က ဘာရည္႐ြယ္ခ်က္နဲ႔ လာမွန္းမသိတဲ့အတြက္ ဒါမ်ိဳးက တရားခံဖမ္းတဲ့ ပုံစံမ်ိဳးမဟုတ္ဘဲနဲ႔ ခံတပ္ေတာ့ ရန္သူစခန္းတို႔ကို စီးတဲ့ ပုံစံမ်ိဳးျဖစ္ေတာ့ေလ အထဲမွာ မေနရဲၾကေတာ့ အျပင္ပဲ ေျပာင္းေနၾကတယ္ဗ်။”

အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါ၀င္ၾကတဲ့ ေလေၾကာင္းထိန္းသိမ္းေရး လုပ္ငန္းက ၀န္ထမ္းတခ်ဳိ႕ဟာလည္း ၿပီးခဲ့တဲ့တပတ္ထဲမွာပဲ အာဏာပုိင္ေတြက ဖမ္းဆီးတာ၊ ဖိအားေပးတာေတြ ခံေနရတာပါ။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းကေတာ့ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပလႈပ္ရွားမႈေတြကို အာဏာပုိင္ေတြက အင္အားသုံးႏွိမ္နင္းတာေတြ၊ ဖမ္းဆီးတာေတြ မလုပ္ဖို႔နဲ႔ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြ အပါအဝင္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးဖြိုခွဲနေ

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မြန်မာနိုင်ငံအဝန်းက လှုပ်ရှားမှုတွေမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေ ဖမ်းဆီးတာတွေ၊ ဖိအားပေးတာတွေ ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတချို့ အပါအဝင် ဖမ်းဆီးခံရသူတွေ၊ ဖိအားပေးခံရသူတွေ ရှိနေပေမဲ့လည်း အလုပ်မဆင်းဘဲ အနုနည်းနဲ့ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ဆက်လက် ပါဝင်နေသူတွေလည်း ရှိပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ၊ အလုပ်မဆင်းဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ သီတင်း ၂ ပတ်လောက် ရှိလာချိန်မှာပဲ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာနေတာပါ။ CDM လို့ခေါ်ကြတဲ့ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်နေသူ ဝန်ထမ်းရာကျော်ရှိတဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံး ဝန်ထမ်း ၁၁ ယောက်ကိုလည်း ဒီကနေ့ အစောပိုင်းမှာပဲ အာဏာပိုင်တွေ ဖမ်းဆီးသွားကြောင်း လုပ်ဖော်ကိုင်ဖက်တဦးက VOA ကိုပြောပါတယ်။

“ကျနော်တို့ သိရသလောက်ကတော့ ဒီနေ့မနက် ၄ နာရီမှာ သူတို့နေတဲ့ အိမ်ပေါ့နော်။ အဲ့ဒီအိမ်ကို လာဖမ်းသွားတယ်တဲ့၊ လာဖမ်းတော့ ဖမ်းခံရတဲ့သူတွေကလည်း ကျနော်တို့ဆီကို ဖုန်းဆက်တယ်။ မနက် ၄ နာရီကြီးဖြစ်တော့ ဖုန်းကို မကိုင်လိုက်မိဘူး၊ သူတို့က သူတို့ဖမ်းခံရတဲ့ အကြောင်းကို Message လေးပဲပို့ထားခဲ့တယ်။ အဲ့ဒီ Message ပဲ ကျနော်တို့ ရတယ်ပေါ့နော်။ ကျနော်တို့ ခုသူတို့နဲ့ အဆက်အသွယ်မရဘူး။ သူတို့ဖုန်းကို သိမ်းထားတယ်လို့ သိရပါတယ်။”

နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖမ်းဆီးခံရသူ ဝန်ထမ်းတွေမှာ အကြီးတန်းနဲ့ အငယ်တန်းစာရေးတွေ ပါဝင်ကြောင်းလည်း ပြောပါတယ်။ အလုပ်မဆင်းဘဲ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုကြောင့် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းနေချိန်မှာပဲ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် အာဏာပိုင်တွေ ဖိအားပေးနေတာပါ။ ရပ်ဆိုင်းနေတဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်အောင် မကြာသေးခင် ရက်တွေကစလို့ အာဏာပိုင်တွေ ဖိအားပေးခံနေရတဲ့ အထဲမှာတော့ မီးရထားလုပ်ငန်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။ မြန်မာ့မီးရထား ဝန်ထမ်းတဦးကတော့ ဖမ်းဆီးအရေးယူဖို့အထိ ဖိအားပေးဖို့ စီစဉ်နေတဲ့သတင်းတွေ ထွက်ပေါ်နေတယ်လို့ ပြောပါတယ်။

“တိုင်းတာဝန်ခံဆိုတာက စစ်တပ်ကလာတဲ့အတွက် သူကတော့ ကျနော်တို့ကို ဖိအားတွေအရမ်းပေးတယ်။ နောက်ဆုံးဖမ်းခိုင်းတဲ့ အဆင့်ထိအောင်တောင်မှ ကျနော်တို့ ပြန်ကြားရတယ်။ အတိအကျတော့ ကျနော်တို့ ဆီတော့ ရောက်မလာဘူး။ ဆက်ပြီးတော့ ကျနော်တို့ကတော့ အဆုံးထိကိုလုပ်ဖို့ CDM ကိုအဆုံးထိလုပ်မှာပါ။ ကျနော်တို့လည်း အဆိုးဆုံးထိတွက်ထားပြီးသားပါ။ ဒါပေမဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။”

မနေ့ညကလည်း မန္တလေးမြို့ကနေ မြစ်ကြီးနားကိုသွားမယ့် ရထားကို ဝန်ထမ်းတွေ တားဆီးဆန္ဒပြတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မန္တလေးဘူတာကြီးအနီး ၃၄ လမ်း၊ ၇၈ လမ်းနဲ့ ၇၉ လမ်းကြား ရထားလမ်းတလျှောက် လုံခြုံရေးတပ်ဖွဲ့တွေ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ပါတယ်။

အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို အာဏာပိုင်တွေ ဖိအားပေးတာတွေ ရှိနေပေမဲ့လည်း လှုပ်ရှားမှုတွေမှာ ဆက်လက် ပါဝင်သူတွေလည်း ရှိနေပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းဖို့ ကြိုးပမ်းခဲ့တဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံမှာ ဆိုရင်လည်း အလုပ်ပြန်ဆင်းဖို့ ဖိအားပေးတာတွေကို ဝန်ထမ်းတွေ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြတယ်လို့ ပါဝင်လှုပ်ရှားနေသူ ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ခုကတော့ ဆေးရုံထဲက ဆရာဝန်အဆောင်ရော သူနာပြုအဆောင်ရော CDM ကြေညာထားတဲ့သူရော မကြေညာထားတဲ့သူရော ဒီအဆောင်တွေမှာ ဘယ်သူမှ မနေရဲကြတော့ဘူးပေါ့၊ အဆောင်ပြောင်းပြီးပဲ နေကြတာပေါ့နော်။ ကိုယ့်လုံခြုံရေးအတွက်ပေါ့။ သူတို့က ဘာရည်ရွယ်ချက်နဲ့ လာမှန်းမသိတဲ့အတွက် ဒါမျိုးက တရားခံဖမ်းတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ခံတပ်တော့ ရန်သူစခန်းတို့ကို စီးတဲ့ ပုံစံမျိုးဖြစ်တော့လေ အထဲမှာ မနေရဲကြတော့ အပြင်ပဲ ပြောင်းနေကြတယ်ဗျ။”

အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းက ဝန်ထမ်းတချို့ဟာလည်း ပြီးခဲ့တဲ့တပတ်ထဲမှာပဲ အာဏာပိုင်တွေက ဖမ်းဆီးတာ၊ ဖိအားပေးတာတွေ ခံနေရတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းချမ်းတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက အင်အားသုံးနှိမ်နင်းတာတွေ၊ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG