သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူတာပြင်အမှု စစ်ခုံရုံးကိုင်တွယ်ပုံအပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်


၂၀၁၂ အောက်တိုဘာတုန်းက စစ်တွေမြို့တွင် မြန်မာ့ တပ်မတော်သားများကို တွေ့ရစဉ်
၂၀၁၂ အောက်တိုဘာတုန်းက စစ်တွေမြို့တွင် မြန်မာ့ တပ်မတော်သားများကို တွေ့ရစဉ်

(Zawgyi/Unicode)

ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဂူတာပြင်အမှုမှာ မြန်မာစစ်ခုံရုံးရဲ့ ကိုင်တွယ်စီရင်ပုံဟာ နိုင်ငံတကာတရားဥပဒေ စံနှုန်းနဲ့ မကိုက်ညီတဲ့အပြင် တရားမျှတရေးအတွက် လုပ်ခဲ့တယ်ဆိုတာမျိုး အသိအမှတ်ပြုလို့မရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တုံ့ပြန်ခဲ့ကြပါတယ်။မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အင်္ဂါနေ့က တပ်မတော်သတင်းမှန်ပြန်ကြားအရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဂူတာပြင်ကျေးရွာ အမှုကြေညာချက်မှာ စစ်အရာရှိကြီးတဦး၊ အရာရှိငယ်တဦးနဲ့ အောက်ခြေစစ်သားတဦး စုစုပေါင်း သုံးဦးအပေါ် စစ်တရားရုံးက ပြစ်မှုစီရင်ချက် ချမှတ်ခဲ့တာဟာ အင်းဒင်ရွာအမှုအပြီး ဒုတိယမြောက်လို့ ပြောနိုင်ပါတယ်။ စစ်တပ်ဘက်က လုပ်လေ့လုပ်ထမရှိတဲ့ ဖြစ်စဉ်တခုလို့ နိုင်ငံတကာသတင်းတချို့မှာ ဖေါ်ပြခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်တရားရုံးရဲ့ စီရင်ချက်မှာ ဘယ်သူတွေကို ဘယ်လိုပြစ်မှုနဲ့ စီရင်ချက်အမိန့်ချမှတ်ခဲ့သလဲ ဆိုတာ မသိရတဲ့အတွက် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ တရားမျှတမှုရှိရေးနဲ့ တာဝန်ခံမှုရှိရေး အတွက် တပ်မတော်ဘက်က လုပ်ခဲ့တယ်ဆိုတာမျိုး လက်ခံလို့မရဘူးလို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

" အပြုသဘောဆောင်တဲ့ တိုးတက်မှုလား ဒါမှမဟုတ် အများပြည်သူနဲ့ ဆက်ဆံရေးအတွက်ဆိုပြီး စစ်တပ်က လိုအပ်တဲ့အချက်တွေဘာမှ ဖေါ်ပြမထားတဲ့ ကြေညာချက်မျိုးသက်သက် ထုတ်ပြန်တာလည်း ဆိုတာတောင် မသိနိုင်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ထုတ်ပြန်ချက်မှာ ဘယ်လိုစွဲချက်တွေနဲ့ စီရင်ခဲ့သလဲဆိုတာ လုံးဝဖေါ်ပြမထားပါဘူး။ စစ်ရာဇဝတ်ကျူးလွန်မှုလား၊ လူသတ်မှု၊ မီးရှို့မှုလား၊ လိင်အကြမ်းဖက်မှု၊ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ အမိန့်တွေကို လိုက်နာခြင်းမရှိတာလား၊ အဲဒါဆိုရင်တော့ အမှုက အလွန်သေးတဲ့ ပြစ်မှုကျူးလွန်မှုမျိုး ဖြစ်ပါလိမ့်မယ်။ နောက်ပြီး သူတို့ကို ထောင်ထဲမှာ ထားမှာလား၊ ဘယ်နှစ်နှစ် ကျခံရမှာလဲ ဆိုတာတွေလည်း ဖေါ်ပြမထားပါဘူး။ ဒါအပြင် ကျူးလွန်သူတွေရဲ့ နာမည်တွေ၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရသူတွေရဲ့ အမည်တွေလည်း ဖေါ်ပြမထားပါဘူး။ အဲဒီတော့ ဒီစစ်ခုံရုံး တရားစီရင်မှှုဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက်လားဆိုတာ မသိနိုင်သလို အဓိပ္ပါယ်လည်းမရှိပါဘူး။"

တဘက်မှာတော့ မြန်မာစစ်တပ်က ICJ နိုင်ငံတကာတရားရုံးရဲ့ အမိန့်ကို တုံ့ပြန်ဆောင်ရွက်တာမျိုးဖြစ်နိုင်တယ်ဆိုပေမဲ့ သူတို့လုပ်ရပ်ကို နိုင်ငံတကာတရားရုံးအနေနဲ့ လက်ခံယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း Brad Adams ကပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုမထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူကိုယ်တိုင် ၂၀၁၉ဒီဇင်ဘာလက ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပတုန်းကလည်း တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်တွင်းဥပဒေနဲ့အညီ ကိုင်တွယ်သွားမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာပါ။

ဒါပေမယ့် ဒီခုခံချေပချက်ဟာ အငြင်းပွာစရာဖြစ်နေသလို လက်တွေ့မှာ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတိုင်းရင်းသားတွေအပေါ် စစ်တပ်ရဲ့ ဖိနှိပ်ညှဉ်းပမ်းမှုတွေအတွက်တရားမျှတရေး ပြည်တွင်း ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်စွမ်းမရှိဘူးဆိုတာ ထင်ရှားကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK ညွန်ကြားရေးမှူး Mark Farmaner ကဗွီအိုအေကို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပခဲ့တုန်းက ပြည်တွင်းကိစ္စမှာ နိုင်ငံတကာ တရားစီရင်မှုနဲ့ ကိုင်တွယ်တာကို စိုးရိမ်မိတယ်ဆိုတာမျိုး ပြောသွားတာရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာ တရားစီရင်မှုဆိုတာ ပြည်တွင်းတရားစီရင်ရေး အလုပ်မဖြစ်တဲ့အတွက်ဖြစ်ပေါ်လာတာပါ။ အဲတော့ ကြည့်ရတာက အထက် စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာတရားရုံးတွေက တရားစွဲဖို့မလိုအောင် အကာအကွယ်ပေးတဲ့အနေနဲ့ အောက်ခြေအဆင့် စစ်သားတချို့ကို အနစ်နာခံခိုင်းပြီး တရားစွဲအပြစ်ပေးတဲ့ပုံမျိုး ပြင်ဆင်နေပါတယ်။ တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် အရေးယူဆောင်ရွက်ထားတာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တရားစွဲဖို့ မလိုတော့ဘူး၊ နိုင်ငံတကာခုံရုံးတွေမှာ မြန်မာစစ်တပ်ကို တရားစွဲဖို့ မလိုတော့ဘူးဆိုတဲ့ ပုံစံမျိုး တွေ့ရပါတယ်။"

အခုလို ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုဆိုတဲ့ ကျူးလွန်မှုမှာ မြန်မာစစ်တပ်ရဲ့ တရားစီရင်မှုဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတရေးဆိုတာ ဘယ်လိုမှ မြင်လို့မရဘူးလို့ Mark Farmaner ကပြောပါတယ်။

" ဒီစီရင်ချက်ဟာ တကယ့်ကို ဟာသမြောက်စရာပါ။ သူတို့ ဒီလို အရေးယူတဲ့ လုပ်ရပ်ဟာ တရားမျှတရေးအတွက် အလေးအနက်ထားတယ်၊ တာဝန်ယူတယ်၊ ကုလသမဂ္ဂ ပြောထားသလိုမျိုး လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်တယ်ဆိုတဲ့အပေါ်မှာ အလေးအနက်တုံ့ပြန်တယ်ဆိုတာမျိုး သတ်မှတ်လက်ခံနိုင်စရာမရှိပါဘူး။ အောက်ခြေအဆင့် အမည်မဖေါ်လိုတဲ့ စစ်သားသုံးဦးကို လျှို့ဝှက်စစ်ခုံးရုံးက မသိရတဲ့ ထောင်ဒဏ်တွေချမှတ်အပြစ်ပေးတာဖြစ်ပါတယ်။ အသေးစိတ်ဘာမှ မသိရသလို၊ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ပါဘူး။ တရားမျှတမှုအတွက် သော့ချက်က ပွင့်လင်းမြင်သာမှုပဲဖြစ်ပါတယ်။ ဒီအပြစ်ပေးမှုမှာ ပွင့်လင်းမြင်သာမှု ဆိုတာ လုံးဝမရှိပါဘူး။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ့စစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင် ၁၂ ဦးကို အာဂျင်တီးနားတရားရုံးမှာ စွဲချက်တင် အမှုဖွင့်ထားတဲ့ ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့အစည်း ဥက္ကဥ ဦးထွန်းခင်ကလည်း ဂူတာပြင်အမှုမှာ တကယ်တမ်းတာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကိုပဲ အပြစ်ပေးအရေးယူသင့်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

" သူတို့ကိုပဲ ထောင်ဒဏ်နှစ်ပေါင်းများစွာချမှတ်တာကိုပဲ ကျနော်တို့မြင်ချင်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ဆက်ပြီး ကမ်ပိန်းလုပ်သွားမယ်။ နောက်တခုက ICJ၊ ICC နိုင်ငံတကာတရားရုံးတွေနဲ့ အာဂျင်တီနားတရားရုံးမှာ စွဲထားတဲ့အမှုတွေအပေါ်မှာ အခု ဂူတာပြင်ကျေးရွာ စီရင်ချက်က ဘာတခုမှ ရောင်ပြန်ဟပ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတကာတရားစီရင်မှုကနေ ကြည့်ရင် အဓိပ္ပါယ်မဲ့ဖြစ်နေပါတယ်။ ဘယ်သူဘယ်ဝါတွေကို ဘယ်နှစ်နှစ် ထောင်ချသလဲဆိုတာ ကျနော်တို့ မသိရဘူး၊ ဘာပြစ်မှုတွေ ကျူးလွန်တယ်ဆိုတာလည်း ကျနော်တို့ မသိရဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါဝင် စစ်ဗိုလ်ချုပ်တွေကိုပဲ ဆက်ပြီး တရားခွင်မှာ ပြစ်ဒဏ်စီရင်တာမျိုးကိုပဲ ကျနော်တို့မြင်ချင်ပါတယ်။"

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ ဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စစ်တရားရုံးက သက်သေစုံလင်စွာနဲ့ စစ်ဆေးခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့မှာ စစ်ဆေးမှုတွေ ပြီးစီးခဲ့ကြောင်းနဲ့ စစ်တရားရုံးရဲ့ စစ်ဆေးစီရင်မှုတွေကို သက်ဆိုင်ရာ အတည်ပြုချက်ရရှိပြီးနောက်မှာ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဖေါ်ပြထားပါတယ်။ အလားတူ မောင်နုနဲ့ ချွတ်ပြင်ကျေးရွာ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့လည်း စုံစမ်းစစ်ဆေးရုံးခုံရုံးနဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)














XS
SM
MD
LG