သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် မြန်မာသံဃာတော်တွေ ပြန်လည်ပင့်ဆောင်ဖို့ စတင်စီစဉ်နေပြီ


အိန္ဒိယနိုင်ငံ Dharamsala မြို့က သံဃာတော် တပါး (မတ် ၁၂၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ Dharamsala မြို့က သံဃာတော် တပါး (မတ် ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီး တက်ရောက်နေတဲ့ သံဃာတော်တွေကို မြန်မာပြည်ကို ပြန်လည်ပင့်ဆောင်ဖို့အတွက် စီစဉ်နေရာမှာ လောလောဆယ် အပါး ၁၀၀ ကျော် ပြန်ဖို့ စာရင်းပေးပို့ထားပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံအတွင်းမှာ အသွားအလာတွေ ဖြတ်တောက်ထားတာကြောင့် အိန္ဒိယရောက် စာသင်သား သံဃာတော်တွေ နေရပ်ပြန်ရေးဟာ ခက်ခဲနေတယ်ဆိုတဲ့အကြောင်းကို တင်ပြသွားပါမယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် အသွားအလာတွေ ဖြတ်တောက်ပြီး နေအိမ်တွင်းမှာနေဖို့ ထုတ်ပြန်ထားချိန်မှာ မြန်မာ စာသင်သားသံဃာတော်တွေ နေရပ်ပြန်ကြွနိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက လေယာဉ်ခရီးစရိတ် ကုသိုလ်ပြု စီစဉ်တာ ဖြစ်ပါတယ်။

ဒီလို နေရပ်ပြန်ကြွနိုင်ရေးအတွက် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့က အသိပေးလျှောက်ထားရာမှာ သံဃာအပါး ၁၀၀ ကျော် စာရင်းပေးလာတယ်လို့ မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့က အရှင် ဝဏ္ဏိတသာရ က မိန့်ကြားပါတယ်။

“သီတဂူဆရာတော်ဘုရားကြီးကတော့ အားလုံးကို ပြန်ခေါ်ဖို့တော့ ကြိုးစားနေတာ။ လေယာဉ်လွှတ်ပေးဖို့ အဲဒီအဆင့်တော့ ရောက်နေပြီ။ စာရင်းက အခုလက်ရှိ ဦးဇင်းတို့ဆီကို စာရင်းပို့ထားတာ ၁၀၀ ကျော်တယ် ဒကာကြီး။ စာရင်းကတော့ ဧပြီ ၇ ရက်နေ့ ပိတ်မယ်လို့တော့ ဥက္ကဋ္ဌ ဆရာတွေက ပြောတယ်။”

နေရပ်ပြန်ဖို့ စီစဉ်နေပေမဲ့ စာသင်သားသံဃာတော်က သက်ဆိုင်ရာ တက္ကသိုလ်နဲ့ ဌာနဆိုင်ရာတွေဆီက ခွင့်ပြုချက်ရဖို့ အခက်အခဲရှိနေတယ်လို့လည်း ဆက်လက်မိန့်ကြားပါတယ်။

“အိန္ဒိယနိုင်ငံထဲမှာ ရှိတဲ့လူတွေရဲ့ အခက်အခဲက ဘာဖြစ်နေလဲဆိုတော့ Visa ၊ Passport ရှိရုံနဲ့ လေယာဉ်ကွင်းကို တန်းဆင်းလို့ မရဘူးဖြစ်နေတဲ့အနေအထားဆိုတော့ အိန္ဒိယအစိုးရရဲ့ ခွင့်ပြုချက်ရဖို့ စာရွက်စာတမ်းတွေ လိုတယ်။ အဲဒီလိုတဲ့ စာရွက်စာတမ်းတွေကလည်း တက္ကသိုလ်တွေကလည်း ဌာနတွေ ပိတ်နေပြီ။ အဲဒါ အခက်အခဲဖြစ်နေတာ ဒကာကြီး။ ဥပမာ ဆိုပါတော့ Geography ဆို Geography ဌာန တခုရဲ့ အကြီးအကဲ အကြီးအမှူးရဲ့ ထောက်ခံချက်လိုတယ်။ အဲဒီထောက်ခံချက်ရမှ ဌာနေ ရဲစခန်းကို သွားရမယ်။ ဌာနနေ ရဲစခန်းက မှန်ကန်ကြောင်း ပြန်လို့ ရပါပြီဆိုတဲ့ ခွင့်ပြုချက်ရမှ ဦးဇင်းတို့က လေယာဉ်ကွင်းကို ဆင်းရတာ။ အဲဒီအခက်အခဲဖြစ်နေတာ။ သို့သော် တက္ကသိုလ်အသီးသီးက ကြိုးစားနေဆဲပဲ ရှိတယ် ဒကာကြီး။”

စာသင်သား သံဃာတော်တွေ ပြန်လည်ပင့်ဆောင်ရေးနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ရှိသူ တဦးက အခုလို ဖြေကြားပါတယ်။

“လောလောဆယ်တော့ စီစဉ်နေတုန်းဆိုတော့ ဘာမှ သေချာပြောလို့ မရသေးပါဘူး။ ဒီမှာတော့ အိန္ဒိယမှာတော့ ဘယ်သူမှ အိမ်ပြင်ထွက်လို့ မရဘူးပေါ့လေ။ ပြည်နယ် တခုနဲ့ တခုလည်း ကူးလို့ မရဘူးပေါ့လေ။ နောက်ပြီးတော့ Domestic Flight တွေလည်း မရှိဘူး။ International Flight တွေလည်း မရှိဘူးပေါ့။ အခုကတော့ စီစဉ်နေတုန်းပေါ့လေ။”

မြန်မာစာသင်သား သံဃာတော်တွေဟာ နယူးဒေလီ၊ ဘီဟာနဲ့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေက တက္ကသိုလ်တွေမှာ အများစု တက်ရောက်နေကြတာ ဖြစ်ပါတယ်။ စာရင်းအရ စာသင်သားသံဃာ ၄၀၀ ကျော်ရှိပြီး အချို့ကတော့ အစောပိုင်းကတည်း မြန်မာပြည်ကို ပြန်ကြွသွားတာတွေလည်း ရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာ လေကြောင်း အဝင်အထွက်တွေကို မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း မတ်လ ၁၁ နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၈၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၀ လောက်ရှိနေပါတယ်။ ရောဂါကူးစက်ပြီး ပြန်လည်ကျန်းမာလာသူကတော့ ၁၅၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG