သုံးရလွယ်ကူစေသည့် Link များ

အစိုးရနုတ်ထွက်ပေးဖို့အတွက် တောင်းဆိုနေတဲ့ သံဃာတော်နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေဟာ အစိုးရပြုတ်ကျတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သပိတ်မှောက် ဆန္ဒပြတာနဲ့ အစိုးရတရပ်ပြုတ်ကျမှာ မဟုတ်ကြောင်း သုံးသပ်တာတွေလည်းရှိနေပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့က သံဃာတော်နဲ့ အမျိုးသားရေးလှုပ်ရှားသူတချို့ဟာ အစိုးရနုတ်ထွက်ရေးအတွက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စတင်သပိတ်မှောက် ခဲ့ကြရာမှာ ဒီကနေ့လည်း ဒုတိယနေ့အဖြစ် ဆက်လက် သပိတ်မှောက်နေဆဲဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ သပိတ်မှောက်ရာမှာ ပါဝင်တဲ့ ဦးပညာသာရ ဇောတိကက အစိုးရပြုတ်ကျသည်အထိ ဆောင်ရွက်သွားမယ်လို့ VOA ကို အခုလို မိန့်ကြားပါတယ်။

“သပိတ်မှောက်တာကတော့ ဦးဇင်းတို့ တို့တာဝန်အရေးသုံးပါးထဲက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် ပျက်ပြားမှုတွေကို မြင်လာရတဲ့အတွက် ဦးဇင်းတို့ သပိတ်စမှောက်ရခြင်းဖြစ်ပါတယ်။ သပိတ်ကတော့ အစိုးရပြုတ်ကျတဲ့အထိ ရည်ရွယ်ထားပါတယ်။ အားကောင်းမှု အားမကောင်းမှုဆိုတာကတော့ ဘာသာ၊သာသနာနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ချစ်တဲ့သူတွေ ၀န်းရံလာရင်တော့ အားကောင်းလာမှာပါ။ ဘယ်လိုတွေ ဆက်လုပ်သွားမလဲဆိုတာ ဦးဇင်းတို့က ပြုတ်ကျသွားတဲ့အထိ သပိတ်ကို ထိုင်ပြီးတော့ ဆက်တိုက်ပွဲဝင်သွားမှာပါ။”

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက လက်ရှိ သပိတ်မှောက်တောင်းဆိုနေတာနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ အခုလို ရှင်းပြပါတယ်။

“ဥပဒေကြောင်းအရ ပြောမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒဖော်ထုတ်ခွင့်တော့ ရှိတာပေါ့။ အစိုးရတခုကို ဖြုတ်ချဖို့ ဆိုတဲ့အပိုင်းကျတော့ တရားဥပဒေနဲ့သွားရမှာပေါ့။ တရားဥပဒေနဲ့သွားရမယ်ဆိုတော့ ဒီလို ဆန္ဒပြတာနဲ့ သပိတ်မှောက်တာနဲ့လည်းဖွဲ့စည်းပုံပြဌာန်းချက်အရ ဥပဒေကြောင်းအရတော့ ဒီအစိုးရက ပြုတ်ကျမသွားနိုင်ပါဘူး။”

လက်ရှိသပိတ်မှောက်နေတာနဲ့ပတ်သက်ပြီး ဒါဟာဆန္ဒပြတာမဟုတ်တဲ့အတွက် အာဏာပိုင်တွေဆီက ခွင့်ပြုချက် ရယူတာမရှိဘူးလို့လည်း မန္တလေးက သံဃာတပါးက မိန့်ကြားထားတာရှိပါတယ်။

လက်ရှိသပိတ်မှောက်တောင်းဆိုနေသူတွေအနေနဲ့အခုလို အာဏာပိုင်တွေဖက်က ခွင့်ပြုချက်မယူဘူးဆိုရင် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ) စတာတွေနဲ့ အရေးယူခံရဖွယ်ရှိကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

“သပိတ်မှောက်တာတို့ ဒီဆန္ဒပြတာတို့ ဆိုတာကတော့ ငြိမ်းစုစည် ဥပဒေနဲ့ပဲ သွားမယ်။ ၅၀၅(ခ)တို့အထိဖြစ်လာနိုင်တာပေါ့။ နိုင်ငံတော်ကို ဂုဏ်သိက္ခာကျအောင် နိုင်ငံတော်အစိုးရကို ဟိုဟာဖြစ်အောင်လုပ်တယ် အစိုးရဖက်ကို စွဲနေကျပေါ့။ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း စွဲတဲ့ ၅၀၅(ခ)တို့ ဘာတို့ တပ်ပြီးစွဲမယ်ဆိုလည်း ရတာပေါ့။ အစိုးရကို အကြည်ညိုပျက်အောင် လုပ်တာပေါ့။”

ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို ချိုးဖောက်ရင် ၁နှစ်ထက် မပိုထက်ထောင်ဒဏ်နဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ကျူးလွန်ရင် ထောင်ဒဏ် ၂နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်၂ရပ်စလုံးကို ချမှတ်နိုင်တာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ လက်ရှိ သပိတ်မှောက်တောင်းဆိုနေတဲ့အပေါ်မှာ အခုလို ရှုမြင်ပါတယ်။

“အခုရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဟာ ၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကနေ ပြည်သူလူထုကနေ တိုက်ရိုက်ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်တွေကနေ ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တယ်။ အဲဒီအတွက်ကြောင့် အစိုးရအဖွဲ့ကို နုတ်ထွက်ပေးဖို့ တောင်းဆိုတာက ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ မြင်တယ်။ နောက်အကြောင်းအချက်လည်း ခိုင်လုံမှုမရှိဘူးလို့ မြင်တယ်။ နောက် လက်ရှိ ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ သွားနေတဲ့ အချိန်ကာလမျိုးမှာ ဒီလို ခြေလှမ်းမျိုးတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးပြန်လည်သင့်မြတ်ရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်လာမှာကို စိုးရိမ်စရာရှိတယ်လို့ ကျနော်က မြင်တယ်။”

သပိတ်မှောက်သူတွေရဲ့ တောင်းဆိုချက်တွေမှာတော့ အမျိုးဘာသာသာသနာကိုနှိပ်ချတဲ့ စိမံခန့်ခွဲမှုမကျွမ်းကျင်သူတွေကို နေရာပေးတဲ့ အမျိုးသားလုံခြုံရေးကို အကွယ်အကွယ်မပေးတဲ့ အစိုးရအလိုမရှိကြောင်း စတဲ့အချက်တွေ ပါဝင်နေပါတယ်။

XS
SM
MD
LG