သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိုင်ကြီးငူ ဒုက္ခသည်စခန်းပိတ်သိမ်းဖို့ ဆောင်ရွက်နေ


မြိုင်ကြီးငူ ဒုက္ခသည်စခန်းကို လူမှုဝန် ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး လာရောက်ကြည့်ရှု (MOI)
မြိုင်ကြီးငူ ဒုက္ခသည်စခန်းကို လူမှုဝန် ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး လာရောက်ကြည့်ရှု (MOI)

(Zawgyi/Unicode)

လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသ ဘက်မှာ စစ်ရေးတင်းမာမှု ရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ် ကျော်ကတည်းက ဒုက္ခသည်တွေ တိမ်းရှောင်ခိုလှုံနေတဲ့ မြိုင်ကြီးငူဒုက္ခသည် စခန်းကို ပိတ်သိမ်းဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာနနဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့တို့ က စီစဉ်နေပါတယ်။

စစ်ရှောင် ၅၀၀၀ လောက် နေထိုင်ရာ မြိုင်ကြီးငူဒုက္ခသည် စခန်းကို ပိတ်သိမ်းဖို့ ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာနဲ့ စစ်ရှောင်တွေ ဘက်က ဘယ်လို သဘောထားတယ် ဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

စစ်ရှောင်ဦးရေ (၅၀၀၀)လောက် ရှိတဲ့ကရင်ပြည်နယ်၊ မြိုင်ကြီးငူစစ်ရှောင်စခန်းကို ပြီးခဲ့တဲ့စနေနေ့က လူမှုဝန် ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့ရောက်ရှိလာပြီးတော့ စစ်ရှောင် စခန်းပိတ်သိမ်းရေး နဲ့စစ်ရှောင်တွေအတွက်နေရာ အသစ်တည်ဆောက်ပေးဖို့ အစီစဉ်ချမှတ်ခဲ့တယ်လို့ ခရီးစဉ်မှာ ပါဝင်တဲ့ ကရင်ပြည်နယ်လူမှုရေး ဝန်ကြီးစောဘိုဘိုဝေအောင်က ဗွီအိုအေကိုပြောပါတယ်။

“အဓိကတော့ လူကယ်ကယ်ပြန်ဝန်ကြီးရော၊ပြည်နယ်ဝန်ကြီးချုပ်ရော ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဒီမြိုင်ကြီးငူ Camp ရဲ့ ဒီ Camp ပိတ်သိမ်းရေးအတွက် ရေးဆွဲဖို့အတွက် ကျွန်တော်တို့က လာပြီးတော့ လုပ်တဲ့သဘော။ ကျွန်တော် တို့က Camp ပိတ်သိမ်း တယ်ဆိုတာ၊ ဒီဘက်မှာဒေသခံတွေနဲ့ကျွန်တော်တို့ နားလည်အောင် သေချာရှင်းပြတယ်။ ဒီIDP Camp မှာ နေရပ်ကိုပြန်ချင်တဲ့သူပြန်။ တကယ်လို့နေရပ်ကို မပြန်ချင်တော့ဘူး ဒီCamp ပတ်ဝန်းကျင်မှာဘဲ ဒါမှမဟုတ် ကျွန်တော်တို့ အစိုး၇ကနေ နေရာအသစ် (New Site) တခုကိုပေါ့နော် ကျွန်တော်တို့ လုပ်ပေးဖို့ရှိတယ်။ အဲဒီမှာနေချင်တဲ့ သူ ကျတော့ အဲဒီမှာနေပေါ့။”

စခန်းသစ် ဆောက်ဖို့လျာထားတဲ့ နေရာ(၃) ခုရှိနေ ပေမဲ့ ဘယ်နေရာမှာ ဆောက်လုပ်မယ်ဆိုတာ ကိုတော့ မသတ်မှတ်ရသေးဘူး လို့ ဝန်ကြီးကဆိုပါတယ်။

စစ်ရှောင်တွေနေရာချထားပေး ဖို့ နေရာကို အတိအကျ မသတ်မှတ်ရသေးပေမဲ့ မြိုင်ကြီးငူနဲ့ မနီးမဝေးနေရာမှာ နေအိမ် တွေ ဆောက်လုပ်ပေးဖို့ အစီအစဉ်တွေကို ချပြပြောဆိုခဲ့တယ်လို့ မြိုင်ကြီးငူ စစ်ရှောင်စခန်း ကူညီရေးကော်မီတီ အတွင်း ရေး မှူး ဦးစောထွန်းကပြောပါတယ်။

“အေး ဟုတ်တယ်ရောက်လာတယ်။ နေရာချထားပေးမယ်ပေါ့ အဲဒီလို။ အိမ်တွေဘာတွေ ဆောက် ပေးမယ်။ အဲဒီလိုပေါ့။ လျာထားတာက လောလောဆယ်တော့ အစီစဉ်တော့ မစရသေးဘူး။ နောက်ထပ်တခါ ဆရာတော်နဲ့ တွေ့ဆုံဖို့ အစီစဉ် ရှိသေးတယ်။”

မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ အေးလင်းမြတ်ရှင်စခန်းနဲ့ ပန်းဝတ်မှုံစခန်းဆိုပြီး စခန်းနှစ်ခုခွဲထားပါတယ်။

လက်ရှိစစ်ရှောင်တွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကူညီဆောင်ရွက် ပေးနေ တယ်လို့ ဦးစောထွန်းကပြောပါတယ်။

အခုလိုနိုင်ငံတော်အစိုးရအစီစဉ်နဲ့ စစ်ရှောင်တွေကိုဒေသသစ်မှာနေရာချထားမဲ့အပေါ် စစ်ရှောင်တဦး ဖြစ်တဲ့ စောရွှေ ဝင်းကအခုလိုပြောပါတယ်။

“ကျွန်တော်တို့သိထားသလောက် သူတို့ ချထားပေးမယ့် နေရာက အဆင်ပြေပါတယ်။ နေရာသစ်ဆိုတော့ အခက်ခဲတော့ နည်းနည်းရှိမယ်နဲ့ တူတယ်။ လုပ်ကိုင်စားသောက်ဖို့ အတွက်ကတော့ သူတို့အဆင်ပြေအောင်တော့ လုပ်ပေးရမှာပေါ့။”

စစ်ရှောင်တွေကို အိမ်ယာသစ် ဆောက်လုပ်ပေးမဲ့ အစီစဉ် ကို ကြိုဆို ကြ ပေမဲ့ နေရာသစ်မှာ လုပ်ကိုင်စားသောက်ဖို့ အခက်ခဲရှိမှာကိုတော့ စစ်ရှောင်တချို့က စိုးရိမ်မှုတွေရှိနေတာပါ။

ဒီစခန်းထဲမှာ မဲသဝေါဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ စစ်ရှောင်အများစု နေထိုင်ကြပါတယ်။ ဒီ စစ်ရှောင်တွေအနေနဲ့ လုံခြုံရေးအခြေအနေအရ မိမိတို့ ဒေသရင်းကို ပြန်သွားဖို့မဖြစ်နိုင်ဘူးလို့လည်း စောရွှေဝင်းက ပြောပါတယ်။

“အခက်ခဲကတော့ အဓိကကတော့ မြေမြုပ်မိုင်းရှိတယ် တို့နေရာမှာလေ။ မိုင်းလဲ မရှင်းသေးဘူး အခုက။ လုံခြုံမှုလဲ သိပ်မရှိဘူး။ ဘယ်လိုပြောမလဲ အဖွဲ့များတယ်လေ။ ”

လှိုင်းဘွဲမြို့နယ် ၊ မဲသဝေါဒေသ ဘက်မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ခွဲထွက် DKBA အဖွဲ့နဲ့ မြန်မာစစ်တပ်၊ ကရင် နယ်ခြားစောင့် တပ် BGF တို့အကြား တိုက်ပွဲတွေ ဖြစ်နေလို့ မြိုင်ကြီးငူဘက်ကို စစ်ဘေးတိမ်းရှောင်လာနေကြ တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ KNUအပါဝင် ကရင်လက်နက်ကိုင်အဖွဲ့ တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းမြန်မာနယ် စပ်ဘက်က စစ်ရှောင်စခန်း(၉)ခုမှာလဲ စစ်ရှောင်ဦးရေတသိန်းကျော်ရှိနေတယ်လို့ ကရင်ဒုက္ခသည်ကူညီရေး အဖွဲ့ က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

..................


(Unicode)
















XS
SM
MD
LG