မြန်မာနိုင်ငံ မြဝတီမြို့အနီးမှာ နောက်ထပ်ပေါ်လာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ အဓိကအာရုံစိုက် ဆက်လက်ဖိအားပေး ဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။
မြဝတီမြို့နားက ရွှေကုက္ကိုအပြင် နောက်ထပ် ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်နေတဲ့ နေရာအသစ်တွေ ထပ်မံပေါ်ပေါက်နေပါတယ်။ အဲဒါကြောင့် အဲဒီနေရာသစ်တွေကို အဓိကထား နှိမ်နင်းနိုင်ဖို့ ကြိုးစား နေတယ်လို့ တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ဇန်နဝါရီ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန် ထားပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်ကျူးလွန်သူတွေရဲ့ သားကောင်တွေ မဖြစ်ရအောင် နိုင်ငံခြားမှာ အလုပ်ရမယ်ဆိုပြီး မက်လုံးပေး စွဲဆောင်မှုတွေကို သတိထားကြဖို့ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
လူကုန်ကူးတွေရဲ့ လှည့်ဖျားမှုနဲ့ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံထဲက ငွေလိမ်လုပ်ငန်းတွေဆီကို လိမ်ညာခေါ်သွားခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတချို့ကို ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပြီးနောက်မှာ ခုလို တရုတ်အစိုးရက သတိပေးတာဖြစ်ပါတယ်။ တရုတ်သရုပ်ဆောင်တယောက်အပါအဝင် လိမ်ညာခေါ် သွားခံရသူ တချို့ကို ထိုင်းရဲအကူအညီနဲ့ ပြန်လည် ကယ်တင်နိုင်ခဲ့တာပါ။
တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်ပြီး တရုတ်ပြည်သူ တွေနဲ့ တရုတ်နိုင်ငံ အကျိုးစီးပွားတွေကို ကာကွယ်နိုင်အောင် လုပ်သွားမယ်လို့လည်း ထုတ်ပြန်ချက် ထဲမှာ ကတိပြုထားတာကို တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးမှာ အွန်လိုင်းကနေ ငွေလိမ်နေတဲ့ စင်တာပေါင်း ၂၀၂၃ ခုနှစ်တုန်းက ၁,၀၀၀ ကျော်ရှိခဲ့ပြီး နေ့စဉ် လူတသိန်းကျော်ကို လိမ်လည်နေတယ်လို့ တရုတ်အစိုးရက ပြောထားပါတယ်။
Forum