သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ မျိုးဖြတ်ရှင်းလင်းမှု မရှိဟု မြန်မာအစိုးရထပ်မံ ငြင်းဆို


အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း
အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း

ရခိုင်ပြည်နယ်မှာ မူစလင်လူနည်းစုတွေကို လူမျိုးတုံးသုတ်သင်နေတယ်ဆိုတာမျိုး လုံးဝမရှိပါဘူးလို့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဒီကနေ့မှာပဲ ထပ်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဘီဘီစီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော သွားတာကို ဦးသောင်းထွန်းက ဒီကနေ့ သံတမန် အသိုင်းအဝိုင်းကို ထပ်ပြောသွားတာပါ။ ရခိုင်ပြည် အခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ သံတမန်တွေကို ဦးသောင်းထွန်းက ရှင်းလင်းပြောဆိုတဲ့ပွဲကို ကိုယ်တိုင် သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းဟာ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ နိုင်ငံခြားသံရုံးတွေက သံတမန် အယောက် ၅၀ လောက်တက်ရောက်တဲ့ ဒီကနေ့ပွဲမှာ ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသုတ်သင် မှုဆိုင်ရာ စွပ်စွဲချက်နဲ့ပတ်သက်ပြီးတော့ ထပ်ပြီး အတိအလင်း ငြင်းချက် ထုတ်ပြောသွားတာပါ။

“ရခိုင်ပြည်နယ်မှာ မူစလင်လူနည်းစုတွေကို လူမျိုးတုံးသုတ်သင်နေတယ် ဆိုတာမျိုး လုံးဝမရှိပါဘူး။ ဒီကိစ္စဟာ ကွဲပြား ခြားနားနေတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ကိစ္စပါ။ ဒီအခြေအနေကို ကျော်လွှားဖို့နဲ့ ကွာဟချက်ကို ပိတ်ပစ်ဖို့အတွက် အစိုးရက ကြိုးစား လုပ်ဆောင်နေပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်ဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆိုရှိတဲ့ စစ်တပ်တွေက လုပ်ဆောင်တာနဲ့ အလားတူ ဖြစ်ပြီး သူတို့အနေနဲ့ မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပန်းတာတွေကိုလုပ်ဖို့ အခွင့်မရှိတဲ့အကြောင်းနဲ့ သူတို့မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိပြီး အဲဒါတွေကို လိုက်နာ လုပ်ဆောင်ရမှာဖြစ်တယ်လို့လဲ ဦးသောင်းထွန်းက ပြောသွားပါတယ်။

ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေ၊ အစိုးရက ကြိုးပမ်း လုပ်ဆောင်နေတာတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းက အကူ အညီပေးနေတာတွေ၊ ရရှိထားတဲ့ တိုးတက်မှုတွေကို ၄၅ မိနစ်နီးပါးကြာတဲ့ ရှင်းလင်းပြောဆိုချက်မှာ ဦးသောင်းထွန်းက အကျယ် တဝံ့ပြောဆိုသွားပြီး တိုးတက်မှုတွေရှိတဲ့ကြားက ပြင်းထန်တဲ့စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရတာ၊ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ပတ် သက်ပြီး ဆုံးဖြတ်ချက်ချမှတ်တာတွေကို ထောက်ပြပြောဆိုပါတယ်။

တိုးတက်မှုတွေကို ပြောတဲ့နေရာမှာ ကိုဖီ အာနန်ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်က အကြံပြုထားတဲ့အတိုင်း အိုးအိမ်စွန့်ထွက်ပြေးနေရ သူတွေ နေထိုင်နေတဲ့စခန်းတွေကို ပိတ်ပေးဖို့ စီစဉ်နေတဲ့အကြောင်းလဲ ဦးသောင်းထွန်းက ပြောသွားပါ တယ်။

“အိုးအိမ်စွန့်ထွက်ပြေးသူ IDP တွေနေတဲ့ စခန်းသုံးခုကိုပိတ်ပစ်ဖို့ လုပ်ငန်းစဉ် စထားပါ ပြီ။ ကျောက်ဖြူ၊ စစ်တွေနဲ့ ရမ်းဗြဲတို့မှာပါ။ ကျောက်ဖြူမှာက ရခိုင်လူမျိုးတွေအတွက် စခန်းပါ။ စစ်တွေမှာက ရိုဟင်ဂျာတွေအတွက် စခန်းဖြစ်ပြီး ရမ်းဗြဲက ကမန်လူမျိုးတွေအတွက်စခန်း ဖြစ်ပါတယ်။”

ဒါ့အပြင် အစိုးရက လုပ်ဆောင်ထားတဲ့ နောက်ထပ် အရေးကြီးတဲ့ အဆင့်တခုကတော့ဆိုပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆိုင်ရာ လုပ်ငန်းစဉ်ကို စလုပ်နေတဲ့အကြောင်းနဲ့ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံးကို နိုင်ငံသားအဖြစ် အလျင် အမြန် အသိအမှတ်ပြုပေးမယ့် လုပ်ငန်းစဉ်ဖြစ်တဲ့အကြောင်းလဲ အထူးအလေးထားပြောသွားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆင်ရေးလုပ်ဆောင်တာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ထားတာပါ။ ဒါနဲ့ပတ်သက်လို့လဲ ဦးသောင်းထွန်းက -

“ဥပဒေမဲ့လုပ်ဆောင်တယ်ဆိုတာ ရှင်းလင်းတဲ့ အထောက်အထားရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဥပဒေနဲ့အညီ အရေး ယူပါမယ်။ အထောက်အထားရှိရင် အရေးယူမယ်ဆိုတာ ကျနော်တို့ အကြိမ်များစွာ ပြောထားပါတယ်။ ဒါကို အစိုးရအဖွဲ့ အမြင့်ဆုံး အဆင့်ကနေ ပြောထားသလို ကာကွယ်ရေးဌာနကလဲ ထပ်ပြောထားပြီး ရဲတပ်ဖွဲ့ကလဲ ဒါကို ကြေညာထားပြီးသားပါ။”

ဦးသောင်းထွန်းရဲ့ ဒီကနေ့ ရှင်းလင်းပြောဆိုချက်တခုလုံးမှာ ဦးတည်ချက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည် အရေးနဲ့ပတ်သက်ပြီး အစိုးရက လုပ်ဆောင်နေတာတွေကို အပြုသဘောဆောင် ချဉ်းကပ်ပြီးတော့ ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင် ရေး အလေးထား တိုက်တွန်းဖို့ ရည်ရွယ်ပုံရပြီး အားလုံး လက်တွဲလုပ်ဆောင်မယ်ဆိုရင် တိုးတက်မှုတွေရလာမယ်ဆိုတဲ့ သဘော မျိုး ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG