သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးနိုင်ရေး ညှိနှိုင်း


အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် အစိုးရငြိမ်းကော်မရှင်၊ တနင်္သာရီတိုင်းအစိုးရနဲ့ KNU က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး(Peace Commission)
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် အစိုးရငြိမ်းကော်မရှင်၊ တနင်္သာရီတိုင်းအစိုးရနဲ့ KNU က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး(Peace Commission)

တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် NCA ကို လက်မှတ်ထိုးထားတဲ့ ဒေသတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံး က ကိုယ်စားလှယ်တွေ ဒီဇင်ဘာလ ၂၃ ရက် သောကြာနေ့က ရန်ကုန်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမတိုင်ခင် ဒီဇင်ဘာလ ၂၁ ရက်နေ့က လည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNU ကိုယ်စားလှယ်တို့ဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံခဲ့ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါသေးတယ်။

၂၀၁၇ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒုတိယပင်လုံညီလာခံမတိုင်ခင်မှာ NCA ကို လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားနယ်မြေတွေမှာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် အစိုးရက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သောကြာနေ့က တွေ့ဆုံမှုအတွင်း - တနင်္သာရီတိုင်းဒေသကြီးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှေ့လထဲ ကျင်းပဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အရပ်သားအစိုးရတက်လာချိန်ကစလို့ - ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တော်တော်များများပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တချို့ကတော့ NCA ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းအထိ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ UNFC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ NCA ကို လက်မှတ်မရေးထိုးထားပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်၊ ကိုးကန့်တပ်ဖွဲ့၊ TNLA တအာင်း-ပလောင် တပ်ဖွဲ့နဲ့ ရခိုင်တပ်မတော်တို့ ပါဝင်ကြပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးဖို့ကို ဒီလထဲ မှာပဲ ကမ်းလှမ်းထားပြီး - တွေ့ဆုံပွဲမှာ UWSA ၀ တပ်ဖွဲ့က သက်သေအဖြစ် ပါဝင်နိုင်ဖို့ အဆိုပြုထားတာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက် ကြာသပတေး နေ့ကတော့ UNFC နဲ့ UWSA ၀ တပ်ဖွဲ့တို့ ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့လည်း သိရပါတယ်။ NRPC အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေး - NCA မှာ ပါဝင်လက်မှတ်ရေးထိုးကြဖို့ကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG