မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ ၂ လလောက် ကြာလာတဲ့ အချိန်မှာ ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေ ကြားမှာတော့ မကြာခင် လွှတ်တော်သစ်တွေ ဖွဲ့စည်းနိုင်မလား မျှော်လင့်နေကြပါတယ်။ မကြာခင် သီတင်းပတ်တွေ အတွင်းမှာကို လွှတ်တော်သစ်တွေ ဖွဲ့စည်းဖို့ ဆင့်ခေါ်နိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း အာဏာပိုင်တွေ အနေနဲ့ကတော့ တရားဝင် ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးပါဘူး။ လွှတ်တော်သစ်တွေ ဖွဲ့စည်းနိုင်မယ့် အလားအလာတွေ၊ ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေရဲ့ မျှော်လင့်ချက်တွေ ဘယ်လိုရှိနေလဲ ဆိုတာကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
စစ်အစိုးရ ခေါင်းဆောင်တွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီက အများစုပါဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ မကြာခင် သီတင်းပတ်တွေအတွင်း လွှတ်တော်ဖွဲ့စည်းတော့မယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အာဏာပိုင်တွေက တိတိကျကျ ကြေညာတာမျိုးတော့ မရှိသေးဘဲ ဖြစ်နေတာပါ။ ဒါပေမဲ့လည်း နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ် ၄ မဲဆန္ဒနယ်မြေမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရကို မကြာခင် ခေါ်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာကို ပါပါတယ်။ ၂၁ ရက် ကြိုတင်ပြီး ဖိတ်ကြားရမယ်ဆိုတာ ပါပါတယ်ခင်ဗျ။ လွှတ်တော် ကျင်းပမယ့် နေ့ရက်ကနေ ၂၁ ရက် ကြိုတင်ပြီး ဖိတ်ကြားရမယ်ဆိုတော့ အကယ်၍များ ၂၇၊ ၂၈ လောက်မှာ လွှတ်တော်တွေ ခေါ်မယ်ဆိုရင် သိပ်မကြာမတင် အချိန်မှာပဲ ဖိတ်ကြားလွှာတွေကို ပို့လိမ့်မယ်လို့ ကျနော်တို့လည်း ယုံကြည်ပါတယ်။”
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဆိုရင်တော့ ရွေးကောက်ပွဲတွေက ထွက်ပေါ်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ဆိုပြီး လွှတ်တော် ၃ ရပ်ကို ဖွဲ့စည်းသွားရမှာပါ။ လွှတ်တော်သစ် ခေါ်ယူရေးအတွက် အစောဆုံးအဖြစ် ဒီလ ဇန်န၀ါရီ ၂၇ ရက် ဒါမှမဟုတ်ရင်လည်း ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဖြစ်နိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
ဒီလိုပဲ စစ်အစိုးရ ခေါင်းဆောင်တွေ ဦးဆောင်ဖွဲ့စည်းပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွင်း လွှတ်တော်အမတ် နေရာပေါင်း ၁,၁၅၄ နေရာ ရှိတဲ့အနက်က ၈၄၂ နေရာ၊ ၇၇% နီးပါးအထိ အနိုင်ရတယ်လို့ ဆိုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်၊ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တဦးလည်းဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေကလည်း အလားတူ လွှတ်တော်အဆင့်ဆင့် ခေါ်ယူဖို့ သတင်းတွေ ထွက်နေပေမဲ့ တရားဝင် အသိပေး အကြောင်းကြားတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
“ကြားတာကတော့ ၁၄ လောက်ကို ပြည်သူ့လွှတ်တော်၊ ၂၁ လောက်ကို အမျိုးသားလွှတ်တော်၊ နောက်တော့မှ ပြည်ထောင်စုလွှတ်တော်၊ ဒီလထဲမှာ အပြီးခေါ်မယ်လို့တော့ ကြားတယ်။ တရားဝင်တော့ မထွက်လာသေးပါဘူး။ အခုချိန်ထိတော့ ဘာမှ မပို့သေးတော့ ပြောရဆိုရ ခက်တာပေါ့။”
အာဏာပိုင်တွေဘက်က တရားဝင် အသိပေး အကြောင်းကြားတာမျိုး မရှိသေးဘူး ဆိုပေမဲ့ လွှတ်တော်တွေ ဖွဲ့စည်းဖို့နဲ့ အစိုးရသစ်မှာ ဦးဆောင်မယ့် သူတွေအဖြစ် ကိုယ်စားလှယ် အများစု ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စစ်တပ်အရာရှိဟောင်း တချို့ကို ကြိုတင်စဉ်းစား ရွေးချယ်ထားတာမျိုးတောင် ရှိနေပြီ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တာလို့လည်း ဆိုကြပါတယ်။
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ ဒီလို ကြိုတင်အစီအမံတွေ ရှိနှင့်ပြီး ဖြစ်နေတာမို့ လွှတ်တော်တွေ၊ အစိုးရသစ်တွေ ဖွဲ့စည်းရေးဟာ အချိန်တို အတွင်းမှာပဲ ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
“စစချင်းကတော့ ဟုတ်ပါတယ်၊ အစိုးရသစ်တရပ် ဖွဲ့စည်းရေးပေါ့၊ ဒါကိုပဲ သွားရမယ် ထင်ပါတယ်။ အဲတော့ လွှတ်တော် တခုချင်းစီကနေ ဒုတိယသမ္မတတွေကို ရွေးကောက်ပြီး တင်မြှောက်လိုက်မယ်၊ ဒုတိယသမ္မတတွေထဲကမှ သမ္မတကို ရွေးပေါ့နော်။ ရွေးပြီးရင် သမ္မတက အစိုးရအဖွဲ့ဖွဲ့၊ တပြိုင်နက်တည်းမှာပဲ လွှတ်တော် ဥက္ကဋ္ဌတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးတဲ့အခါကြမှ လွှတ်တော်ဥက္ကဋ္ဌတွေက ရှိနေမယ်။ ပြီးတော့ ဒုတိယသမ္မတတွေ ရှိမယ်။ အဲဒါကတော့ ကျနော်ထင်ပါတယ်၊ လျာထားတာလေးတွေကလည်း ကြားပြုနေတာရှိတော့ တလအတွင်းလောက်များ ပြီးပြတ်သွားမလားတော့ မသိဘူး။”
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ အုပ်ချုပ်ရေး ပုံစံအသစ် ထွက်ပေါ်လာဖို့ ရှိနေပေမဲ့လည်း စစ်အစိုးရက ကမကထလုပ် ရေးဆွဲတဲ့ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်နေရာ ၂၅% ကို ထိန်းချုပ်ထားမှာ ဖြစ်သလို ရွေးကောက်ပွဲ အတွင်းမှာလည်း စစ်အစိုးရ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ထားတဲ့ နိုင်ငံရေးပါတီက အသာရထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး အပြောင်းအလဲတွေ ထူးထူးခြားခြား ထွက်ပေါ်လာနိုင်ပါ့မလား သံသယတွေလည်း ရှိနေကြတာပါ။
၁၉၉၀ ပြည့်နှစ်မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေမျိုးတွေ ရှိမှာမဟုတ်ဘူး ဆိုပြီး ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။