သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်စည်းမျဉ်း အချိန်ကပ် ထုတ်ပြန်မှု နည်းလမ်းမကျ


လွှတ်တော်စည်းမျဉ်း အချိန်ကပ် ထုတ်ပြန်မှု နည်းလမ်းမကျ
လွှတ်တော်စည်းမျဉ်း အချိန်ကပ် ထုတ်ပြန်မှု နည်းလမ်းမကျ

မြန်မာစစ်အစိုးရက ဒီလကုန်မှာ လွှတ်တော်စခေါ်မယ်လို့ ကြေညာပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကိုလည်း အချိန်ကပ်ပြီး ကြေညာလိုက်တဲ့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေတွေနဲ့ ထပ်ပြီး ကြုံနေရပါတယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့တုန်းကလည်း ဒီလိုပဲ ကမန်းကတန်း အဖြစ်မျိုး နိုင်ငံရေးပါတီတွေ ကြုံခဲ့ရပြီးပါပြီ။ အဆင်သင့်မဖြစ်ဘဲ လွှတ်တော်ကို သွားကြမယ့်သူတွေအတွက် သတိထားစရာတွေ အများကြီး ရှိနေတဲ့အကြောင်း မြန်မာ့အရေးကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် ပြည်ထောင်စုရောက် ချင်းအမျိုးသား ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။ အပြည့်အစုံကို ဒေါက်တာ အန်ဒရူးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အခု ဇန်နဝါရီလ ၃၁ ရက်နေ့ကျရင် လွှတ်တော်ခေါ်မယ်လို့ ကြေညာလိုက်တဲ့ အခါမှာ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေ ကျင်းပတဲ့အခါ တက်ရောက်ကြမယ့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဆင်သင့် မဖြစ်ကြသေးဘူးလို့ ကြားပါတယ်။ ဆရာအန်ဒရူးကလည်း ဒီကိစ္စတွေကို စောင့်ကြည့်နေတဲ့သူဆိုတော့ နောက်ဆုံး ဘယ်လိုသိထားပါလဲခင်ဗျ။

“ကျနော် သိထားသလောက်ကတော့ ပြည်နယ်လွှတ်တော် ခေါ်နိုင်ဖို့အတွက် ပြည်နယ်လွှတ်တော် အဆောက်အဦးတို့၊ ပြီးတော့ အဲဒီပြည်နယ် အသီးသီးကနေ ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေအတွက် နအဖဘက်က ပြင်ဆင်မှုတွေ အခုချိန်ထိ ကောင်းကောင်းမွန်မွန်လုပ်တာ မသိရသေးပါဘူး။ ကျနော်သိထားတာတော့ ချင်းပြည်နယ်မှာဆိုရင် ပြည်နယ်လွှတ်တော် အဆောက်အဦးအတွက် အရင်တုန်းက ပဝတရုံးရဲ့ အဆောက်အဦးကို သူတို့ ပြန်သုံးမယ်လို့ ပြောတယ်။

“အခုချိန်ထိ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ပြည်နယ်လွှတ်တော် အမတ်အသီးသီးအတွက် အိမ်ရာ နေရာထိုင်ခင်းတို့၊ လစာတို့၊ အကျိုးခံစားခွင့်တို့၊ အဲဒါမျိုးတွေ အားလုံးကို နအဖဘက်က လုပ်ထားတာ ဘာမှ မရှိသေးဘူး ဆိုတာတော့ ကျနော် လွန်ခဲ့တဲ့ ၇ ရက်အတွင်းက ရထားတဲ့ သတင်းအရ သိရပါတယ်။

“ပြီးတော့ ပြည်နယ်တွေ အားလုံး အသီးသီးက သူတို့အတွက် အခုချိန်ထိ မှတ်သားလောက်တဲ့ ပြင်ဆင်မှု သူတို့လုပ်ထားတာ ကျနော် မကြားရပါဘူး။ သူတို့ ပြင်ဆင်မှု လုပ်နေတာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အဲဒါအတွက်ပဲ ပြင်ဆင်မှု သူတို့က အားသွန်ခွန်စိုက် လုပ်နေတယ်။ ကျန်တဲ့ဟာတွေ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် လက်ရှိ အာဏာရနေတဲ့ နအဖအနေနဲ့ လုပ်ထားတာ မရှိပါဘူး။”

ရက် ၂၀ လောက်ကျမှ လွှတ်တော်စမယ့်ရက်ကို ကြေညာတာ၊ ဆွေးနွေးကြရမယ့် ဥပဒေ၊ နည်းဥပဒေတွေကို ထုတ်ပြန်တာဟာ အချိန်ကပ်ပြီး ကြေညာတယ်လို့ ပြောရမလား၊ လုံလောက်တဲ့ အချိန်လို့ ပြောရမလားခင်ဗျ။

“စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ မကျတကျ၊ လွှတ်တော်စနစ်ကို ရွေးကောက်ပွဲအပြီး ရက် ၉၀ အတွင်း အသွင်ပြောင်းရမှာဆိုတော့ ရက် ၂၀ အတွင်းမှာ ဒါတွေကို ပြည်သူလက်ထဲ အရောက် ထုတ်ပြန်တယ်ဆိုတာ ကျနော့်အမြင်မှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခြေခံဥပဒေကို အတည်ပြုပြီးကတည်းက အသွင်ကူးပြောင်းရေး တာဝန်ကို ယူထားတဲ့ နအဖက အချိန်ယူပြီးတော့ ရေးဆွဲ ထုတ်ပြန်ထားသင့်တဲ့ အရာလို့ ကျနော်ကတော့ မြင်ပါတယ်။

“နောက်ပြီးတော့ ဒီလို အချိန်ကပ်ပြီး ထုတ်ပြန်လိုက်တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက် ဥပဒေပြုခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အနှောင့်အနှေး ဖြစ်စေမှာ ဖြစ်တယ်။ မရှိမဖြစ် ဥပဒေပြုရမယ့် ကိစ္စရပ်တွေမှာ နှောင့်နှေး ကြန့်ကြာခြင်းဟာ တိုင်းပြည်တခုလုံးရဲ့ ဆိုးကျိုးဖြစ်တယ်။”

လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို အချိန်ကပ်ပြီးမှ အသိပေးရတဲ့ အတွက်ကြောင့်မို့ လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ဘယ်လိုအခက်အခဲတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါလဲခင်ဗျ။ ဘာတွေ သတိထားစရာတွေ ရှိပါမလဲခင်ဗျ။

“အရေးကြီးတဲ့အရာတွေ များလွန်းတော့ ဘယ်ဟာကို ရှေ့တန်းတင်မလဲဆိုတာ ပြောရ တော်တော်ခက်နေပါတယ်၊ မြန်မာပြည်မှာ။ ဒါပေမဲ့ ကျနော့်အမြင်မှာတော့ ၂၀၁၀ အတွင်း ပြည်ထောင်စု ဘတ်ဂျက်လက်ကျန် ဘယ်လောက်ရှိတယ်၊ ၂၀၁၁ အတွင်းမှာ ရရှိနိုင်ခြေရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို ထည့်တွက်ပြီးတော့ ၂၀၁၁ အတွက် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်ဘတ်ဂျက်၊ တိုင်းဒေသကြီးများဘတ်ဂျက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဘတ်ဂျက်၊ စတာတွေကို လွှတ်တော် စဖွင့်ကတည်းက လွှတ်တော်အမတ်တွေ အသီးသီးက ရေးဆွဲရမှာ ဖြစ်တယ်။

“ဒီလိုလုပ်ခြင်းအားဖြင့် နှစ်ပေါင်း ၄၈ နှစ်အတွင်း တိုင်းသူပြည်သားတွေ မသိနိုင်တဲ့ ပြည်ထောင်စု ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ဘယ်လောက်သုံးစွဲတယ် ဆိုတာ ကျနော်တို့က သိလာမှာဖြစ်တယ်။ ဒီဟာတွေ လုပ်ဖို့ဆိုတာ ရက် ၂၀ အတွင်းမှာ လုပ်ဖို့ရနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ အဲဒါက ပြဿနာ။

“ဒုတိယအချက်က ဝန်ကြီးဌာနတွေ အသီးသီး ပေါ်လာမယ်။ အဲဒီဝန်ကြီးဌာန အသီးသီးအတွက် ဘတ်ဂျက်တွေ ဆွဲရမယ်၊ ပြည်နယ်တွေ၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ အတွက်လည်း ပြည်ထောင်စုက သတ်မှတ် ပေးအပ်လိုက်တဲ့ ဘတ်ဂျက်တွေ၊ ပြီးတော့ သူတို့ရဲ့ ၂၀၁၀ လက်ကျန် ဘဏ္ဍာငွေ အသီးသီးတွေ အပေါ်မှာ မူတည်ပြီးတော့ တိုင်းပြည်တခုလုံးအတွက် လိုအပ်တဲ့ ဥပဒေပြုခြင်း လုပ်ငန်းတွေကို ပြုနိုင်ဖို့အတွက် အဲဒီ ဥပဒေပြုတဲ့ နည်းဥပဒေတွေ မနေ့တနေ့ကမှ ထုတ်ပြန်ပြီးတော့ ရက် ၂၀ ပဲ အချိန်ပေးတယ် ဆိုတာကတော့ တော်တော်ကို မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော်ကတော့ မြင်ပါတယ်။”

အဆင်သင့်မဖြစ်ဘဲ လွှတ်တော်တက်ရမယ့် အခြေအနေဟာ နိုင်ငံရေးအရ ဘယ်လိုသတိထားစရာတွေ ရှိပါမလဲ။

“ဥပဒေပြုမယ့် သူတွေက သူတို့ ဘယ်လိုနည်း၊ ဘယ်လိုဟန်နဲ့ ဥပဒေပြုရမယ် ဆိုတဲ့ဟာကို အချိန် လိုအပ်သလို မရတဲ့အတွက် သူတို့မှာ ၂၀၁၁ ဖြစ်ဖြစ်၊ ၅ နှစ်အတွင်းမှာ သူတို့ ဥပဒေပြုစရာတွေကို အချိန်မီ မလုပ်နိုင်တဲ့ အခါကြတော့ တတိုင်းပြည်လုံးက နစ်နာစရာ ရှိပါတယ်။

“ဒုတိယအချက်က လွှတ်တော်အသီးသီးကို တက်မယ့်သူတွေ အနေနဲ့ သတိထားစရာ အများကြီး ရှိပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၄၈ လုံးလုံး မရှိခဲ့တဲ့နေရာကို ကျနော်တို့ ဝင်သွားတော့မယ်ဆိုတော့ ၂၀၁၀ မှာ ရွေးကောက်ခံတဲ့ အမတ်တွေ အားလုံးဖြစ်ဖြစ်၊ စစ်တပ်က ခန့်အပ်လိုက်တဲ့ စစ်ဗိုလ်အမတ်တွေ အားလုံးဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်မျက်နှာကို ကြည့်ပြီးတော့ ပူးတွဲလုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ ဆန္ဒ ရှိဖို့လိုတယ်။

“စစ်ဗိုလ်အမတ်တွေ အားလုံးလည်း မကောင်းတဲ့သူတွေ မဟုတ်သလို ပြည်သူက ရွေးလိုက်တဲ့သူတွေ အားလုံးလည်း အကုန်ကောင်းတယ် မဟုတ်ပါဘူး။ ပြည်သူတွေ ဘာကို လိုလားတောင့်တနေတယ် ဆိုတာကို နားလည်ပြီးတော့ ပြည်သူ့ကိုယ်စားပြု အမတ်ကောင်းတယောက်ပီပီ တာဝန်ကျေပြွန်စွာ လုပ်ဆောင်နိုင်ဖို့ အခြေခံဆန္ဒ ထားဖို့၊ အခြေခံဆန္ဒ ရှိဖို့က အရေးကြီးတယ်။ အဲဒီအပေါ်မှာပဲ တဖြည်းဖြည်းနဲ့ တတ်ကျွမ်းတဲ့သူတွေ၊ သိတဲ့သူတွေ ဗမာပြည်မှာ အများကြီး ရှိပါတယ်၊ ဥပဒေနဲ့ ပတ်သက်တဲ့သူတွေ၊ အဲဒါတွေရဲ့ အကူအညီ ယူပြီးတော့ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်းဖို့၊ သွားဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

မြန်မာ့အရေး လေ့လာသုံးသပ်သူ အန်ဒရူး ငွန်ကျုံးလျန် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG