သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်ပါဝင်ဖို့ NLD တိုက်တွန်း


၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျင်းပ
၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျင်းပ

၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပါဝင်ပြီး အောင်မြင်အောင် ဆောင်ရွက်ဖို့ ဒီကနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နှိုးဆော်လိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ အခမ်းအနားကို ကိုယ်တိုင် သွားရောက်သတင်းယူတဲ့ ကိုထက်အောင်ခန့်က ပြောပြမှာပါ။

၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့၂၁ ရာစု ပင်လုံညီလာခံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပါဝင် ကြိုးပမ်းသွားဖို့ NLD ပါတီရဲ့ တိုက်တွန်းချက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဖတ်ပြပါတယ်။

" ကျွနု်ပ် တို့ဟာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးနဲ့အတူ အစဉ်အလာ ကြီးမားလာခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ယူကြရသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကိုလည်းကောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုကိုလည်းကောင်း ၊ တပ်မတော်ဟာ ပြည်သူနဲ့အတူ တိုင်းရင်းသားများနဲ့အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း စုပေါင်းအင်အားအဖြစ် လက်တွဲပါဝင် အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုတောင်း နှိုးဆော်လိုက်ရပါတယ်။"

၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်း ပုဂ္ဂိုလ်ရေးအကျိုးထက် နိုင်ငံရဲ့ အကျိုးကို ဦးစားပေးမှ အောင်မြင်မှုရမယ်လို့ ပြောလာသူက ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွ့ဲဝင် ဒေါက်တာမျိုးညွှန့်ပါ။

"အရေးကြီးတာတော့ မိမိတို့ပန်းတိုင်ကို မပြတ်ဘဲနဲ့ ကျွန်တော်တို့အမြဲတမ်းရှေ့ကို ဆက်လက်ပြီး ချီတက်နေဖို့ ပါပဲ။ ဒါဆိုရင်တော့ တချိန်မှာကျွန်တော်တို့ ပန်းတိုင်ကို ရောက်မှာပါ။ ကျွန်တော်တို့အခက်အခဲတွေရှိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းကြားထဲမှာလည်း နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ မကျေနပ်ချက်တွေ မယုံကြည်မှုတွေ ဒါတွေကလည်းရှိပါတယ်။ နောက်တပ်မတော် နဲ့ပြည်သူကြား ထဲမှာလည်း တဖက်က တဖက်ကို မယုံကြည်မှုတွေ ရှိနေပါတယ်။ အဲ့ဒါတွေကို နိုင်ငံနဲ့တိုင်းပြည်အကျိုးအတွက် ဘာအရေးအကြီးဆုံးလည်း ကိုယ့်အဖွဲ့အစည်းအကျိုး ကိုယ်ပုဂ္ဂလိကအကျိုးထက် နိုင်ငံနဲ့လူမျိုးရဲ့အကျိုးကို ဦးစားပေးတဲ့နေ့မှ ကျွန်တော်တို့ အောင်မြင်မှုတွေ အကုန်ရလာမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။"

လူတန်းစားအလွှာအသီးသီးက ပြည်သူလူထုတွေ ပါဝင်ပြီး ဖက်ဆစ်စနစ်ကို တညီတညွတ်တည်း တော်လှန်ခဲ့ကြတဲ့ မတ်လ ၂၇ ရက်နေ့ကို “ဖက်ဆစ်တော်လှန်ရေးနေ့” အဖြစ် သမိုင်းအစဉ်အဆက် သတ်မှတ်လာခဲ့ကြပေမဲ့၊ အာဏာရှင် ဗိုလ်ချုပ်နေဝင်း လက်ထက်မှာတော့ တပ်မတော်က “တပ်မတော်နေ့” အဖြစ် ခေါ်ဝေါ်လာခဲ့ပါတယ်။ တပ်မတော် အနေနဲ့ ဒီလိုနေ့မျိုးမှာ စစ်ရေပြအခမ်းအနားတွေ နဲ့ တပ်မတော်နေ့ကို နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပကြပေမဲ့၊ NLD ပါတီကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပနေဆဲပါ။

ဒါနဲ့ပတ်သက်လို့ ဒေါက်တာမျိုးညွှန့်က ခုလိုပြောပါတယ်။

"ကျွန်တော်တို့ပါတီကတော့ ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ပါတယ်။ တပ်မတော်ကတော့ တပ်မတော်နေ့လို့ သတ်မှတ်တာပေါ့။ ကျွန်တော်တို့ဘာဖြစ်လို့ ဖက်ဆစ်တော်လှန်ရေးနေ့ သတ်မှတ်လည်း ဆိုရင် ဒီနေ့ဟာ နိုင်ငံအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်တခုကို ပြည်သူတွေ တိုင်းရင်းသားတွေ နောက် လူတန်းစားပေါင်းစုံ စုပေါင်းပြီးတော့ စတင်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက် ဒီသရုပ်အဓိပ္ပါယ်ကို ပေါ်လွင်ဖို့ အတွက် ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီနေ့အနေနဲ့ လည်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာဖြစ်နေတဲ့ အခက်အခဲတွေကို ပြည်သူတိုင်းရင်းသား ပေါင်းစုံ အလွှာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ထပ်မံပြီးတော့ ကျွန်တော်တို့ သတိပေး နှိုးဆော်ချင်တဲ့အတွက် ဒီနေ့ဟာ တမျိုးတဖုံပေါ့ အဓိပ္ပါယ်ထူးခြားပါတယ်လို့ ပြောချင်ပါတယ်။"

ဒီကနေ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကကျင်းပတဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား ကိုတော့ ပါတီနာယက ဦးတင်ဦးအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို၊ နိုင်ငံခြား သံတမန် တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG