သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ်းလွန်ရေနံတူးစင်ထောက်ပံ့ရေးစခန်း တည်ဆောက်မှု မွန်ဒေသခံတွေ မကျေနပ်


မွန်ပြည်နယ် မော်လမြိုင်က ဈေးမြင်ကွင်းတခု။
မွန်ပြည်နယ် မော်လမြိုင်က ဈေးမြင်ကွင်းတခု။

ပင်လယ်ပြင်တွင်း ကမ်းလွန်ရေနံတူးစင်တွေကို ပံ့ပိုးမယ့် ထောက်ပံ့ရေးအခြေစိုက် စခန်းတစ်ခုကို မွန်ပြည်နယ်မှာ တည်ဆောက်မယ့် အစီအစဉ်ကြောင့် အချေအတင် အငြင်းပွားစရာတွေ ထွက်ပေါ်နေပါတယ်။ ကျိုက္ခမီမြို့နယ်က ပင်လယ်ကမ်းစပ် ကျွန်းတခုမှာ အဲဒီစီမံကိန်းကို တည်ဆောက်သွားမယ်လို့ မွန်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ အစိုးရရဲ့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေကြား ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေးသင့်တယ်လို့ ဒေသခံ မွန်အမျိုးသမီးအဖွဲ့က ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မွန်ပြည်နယ် မုဒုံမြို့နဲ့ သံဖြူဇရပ်မြို့ကို ခြားထားတဲ့ ဝါခရူချောင်းထိပ်က ကျွန်းပေါ်မှာ ပင်လယ်ပြင်တွင်း ကမ်းလွန်ရေနံတူးစင်တွေကို ပံ့ပိုးမယ့် Myanmar Offshore Supply Base Limited (MOSB) ထောက်ပံ့ရေးအခြေစိုက် စခန်းတစ်ခုကို လာမယ့်တနှစ်အတွင်း တည်ဆောက်သွားဖို့ ရှိတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်နဲ့ စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က VOA ကိုပြောပါတယ်။

“ အဲဒါဆောက်မှာ ကတော့ ဝါခရူချောင်း၊ အဲဒီ ဝါခရူချောင်းရဲ့ ဟိုဘက်ခြမ်းမှာ။ အဲဒီအခြမ်းမှာ ကျွန်းလေး တခုရှိတယ်။ ပင်လယ်ကမ်းစပ်မှာ ပေါက်တဲ့ ဓနိပင်တို့ဘာတို့ ပေါက်တဲ့ ကျွန်းလေး။ ဧက ၄၀ ကျော်ရှိတယ်။ အဲဒါကို သူတို့ကို ကျနော်တို့က ငှားပေးရမှာပေါ့။ အဲဒီ ဝါခရူချောင်းက မုဒုံမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကို ခြားထားတာ။ ကျိုက္ခမီနားမှာပဲ။မြစ်ဝမှာ။ ကုမ္ပဏီကတော့ Two Fish Company တဲ့ ငါး ၂ ကောင်ပေါ့။ Two Fish က သူက စင်္ကာပူ ပါတနာတွေဆီက share holders တွေပါတယ်။ သူတို့ အခု MITC ရင်းနှီးမြုပ်နှံမှု ကော်မရှင်လေ၊ ခွင့်ပြုချက်ကျတယ်။ ကျတဲ့အခါကြတော့ အခုမှ သူတို survey လုပ်ပြီးတော့ ဘာညာဆို အနည်းဆုံး တနှစ် လောက်တော့ ကြာအုံးမှာပဲ။ သူတို့ အနီးအနားကို ဆိုက်ဖို့ သွားဖို့ပဲ အဲမှာ တံတားတွေ ဘာတွေ ထိုးရအုံးမှာ။”

ကျိုက္ခမီမြို့နဲ့ အနီးဆုံးဖြစ်တဲ့ အဲဒီ ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်ပြီးရင် မွန်ပြည်နယ် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါ်လာမှာ ဖြစ်သလို၊ ပြည်နယ်အစိုးရအတွက်လည်း အခွန်ငွေ ရလာမယ်လို့ ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ရှင်းပြပါတယ်။

“ ပင်လယ်ထဲက ရေနံတွင်းတူးတဲ့ စင်တွေ၊ အဲဒီစင်တွေကို ကျနော်တို့က လိုအပ်တဲ့ ပစ္စည်းတွေ စားရေးသောက်ရေး ဆီ ဘာညာ အစုံပေါ့။ ကျနော်တို့ဆီက ဖြတ်မှာဆိုတော့။ ဟိုအရင်တုန်း ကဆို ကျနော်တို့ စင်္ကာပူကနေ ယူရတာလေ။ စင်္ကာပူကနေဆိုတော့ အဝေးကြီးပဲဆိုတော့ ကျနော်တို့ ဗမာပြည်ကနေ လုပ်ရင်တော့ နီးတာပေါ့။ နောက်ပြီးတော့ အခွန်အခတွေလည်း ရမှာပေါ့။ ပြည်နယ်သူ ပြည်နယ်သားတွေ အဲမှာ အလုပ်လည်း ရကြမယ်။ တချို့ အစားအသောက်တွေ ဘာတွေလည်း ရောင်းရမှာပေါ့။ ”

ဒီထောက်ပံ့ရေးစခန်း တည်ဆောက်မှုဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်း မွန်ပြည်နယ်အစိုးရ အဖွဲ့သစ်လက်ထက်မှာ ပထမဆုံးလုပ်မယ့် စီမံကိန်းလဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇူလိုင် ၁၁ ရက်နေ့ နေပြည်တော်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ လောလောဆယ် မွန်ပြည်နယ်ဒေသခံတွေကြား သိပ်ပြီး မသိရှိသေးကြောင်းနဲ့ ဒေသခံ တွေကြား ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေး သင့်တယ်လို့ မွန်အမျိုးသမီးအဖွဲ့ ဒုဥက္ကဌ မိကွန်ချမ်းနွန်က ပြောပါတယ်။

“ သူကတော့ ဒီမှာ အခြေစိုက် စခန်းလေးပဲ လုပ်တာ ဟုတ်ပေမယ့် အခွန်အတုတ်တွေ ရတယ်ဆိုတာကလည်း အဲဒီအခွန်အတုတ်တွေက ဘယ်လောက်အထိ ဒီဒေသမှာ ရှိတဲ့လူတွေအတွက် ဒေသရဲ့ဖွံ့ဖြိုးရေးမှာ အကျိုးအမြတ် ဖြစ်သလဲဆိုတာ ဘယ်သူမှ လည်း မပြောနိုင်ဘူးရှင့်။ တကယ်တမ်း ဒီမွန်ပြည်နယ် အစိုးရအနေနဲ့ ဒီလုပ်ငန်းကို လုပ်ဆောင်မယ်ဆိုလို့ ရှိရင်လည်း ဘာကြောင့် လုပ်ဆောင်ရတယ်ပေါ့။

ဘယ်က ဆုံးဖြတ်ချက်နဲ့ ဘယ်လိုမျိုး လုပ်ဆောင်မယ်။ ပြီးလို့ရှိရင် ဒီလုပ်ငန်း လုပ်ဆောင်ခြင်းအားဖြင့် ရရှိလာမယ့် ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြည်သူတွေ သိနားလည်အောင် ချပြသင့်တယ်လို့ ကျမ တောင်းဆိုချင်ပါတယ်။ ပြီးလို့ရှိရင် ဒီလုပ်ငန်းကို လုပ်ဆောင်ခြင်း အားဖြင့် ရရှိမယ့် အကျိုးအမြတ်တွေကို ဒေသအတွက် အသုံးချမယ် ဆိုလို့ရှိရင် ဘယ်လိုအကျိုးအမြတ်တွေကို ဘယ်လိုမျိုး အသုံးချမယ်ဆိုတာကို အဲဒီဒေသခံ ပြည်သူတွေ သိအောင် လွှဲပြောင်းပေးပါ လို့ပဲ ကျမက တောင်းဆိုချင်ပါတယ်ရှင့်။ ”

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တည်ဆောက်ထားတဲ့ ဘိလပ်မြေလုပ်ငန်းကို ကျောက်မီးသွေးလောင်စာသုံးပြီး ဧပြီလ(၁)ရက်နေ့ကစလို့ လည်ပတ်နေပြီဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ဇွန်လလယ်မှာပြောဆိုပါတယ်။ ကျောက်မီးသွေးက လူမှုဘဝကိုထိခိုက်ပြီး အဆိပ်သင့် နိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြပါတယ်။ ဒါကြောင့် အစိုးရကလုပ်တဲ့ ကျောက်မီးသွေး စီမံကိန်းတိုင်းကို မွန်ပြည်နယ် ဒေသခံကျေးရွာ (၁၁)ရွာက ကန့်ကွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG