မြန်မာနိုင်ငံအတွင်း ကြက်သွန်နီဈေးတွေ အဆမတန် ကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေတာကြောင့် ရေနံချောင်းမြို့နယ် တောင်သူတွေ စုပေါင်းပြီး ဈေးနှုန်းထိန်းညှိပေးဖို့ မနေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို စာရေးသား ပေးပို့ မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။ ကြက်သွန်ကုန်သည်တွေက ပြည်ပတင်ပို့တာကို ပြန်လည်ခွင့်ပြုမယ် ဆိုရင်တော့ ကြက်သွန်နီဈေးကို ပြန်ပြီး ထိန်းညှိနိုင်မယ်လို့ သုံးသပ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
မနှစ်က အခုလို ဈေးကောင်းတဲ့ ရာသီမှာ ကြက်သွန်နီဈေးဟာ တပိဿာကို ကျပ်ငွေ ၁,၂၀၀ လောက် ဈေးရှိရာက အခုနှစ်မှာတော့ ၁၂၀ ဈေးလောက်ထိ ကျဆင်းနေတာ ဖြစ်ပါတယ်။ ဒီလို ဈေးကျဆင်းခဲ့တာကြောင့် လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို ရေနံချောင်းမြို့နယ်က ကြက်သွန်စိုက် တောင်သူတယောက်က အခုလို ပြောပါတယ်။
“ကျနော်တို့ မိုးကြက်သွန်၊ ဆောင်းကြက်သွန် အားလုံး ကြက်သွန်ပေါ် ရာသီကနေ ဒီနေ့အချိန်ထိပေါ့ ကြက်သွန်တောင်သူတွေ အကုန်လုံးက အရှုံးနဲ့ အဆုံးပေါ့။ အရင်းဆိုတာကို ကျနော်တို့ မရနိုင်တော့ဘူးပေါ့၊ အနေအထားက။ အခုက ကျနော်တို့က ၁၀၀ ဈေး ပတ်လည်လောက် ရောင်းရတယ်ဆိုတော့ အခုချိန်မှာ ကြက်သွန်လျော့တာနဲ့ အားလုံး အနေအထား အရက ၃၀၀ ဈေးလောက်မှ အရင်းလောက် သွားကိုက်တော့မှာ။ အခု ကျနော်တို့ တောင်သူတွေက ကြွေးဆက် ဆက်တင်နေကြတယ်။
“ဘာလို့လဲဆိုတော့ ကျနော်တို့က ကြက်သွန်နယ်မြေပဲ ဆိုတော့ ဒီကြက်သွန်ပဲ ဦးစားပေးလုပ်တာ။ ကြက်သွန်ဈေး မကောင်းတာဆိုတော့ အားလုံးက စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးက အကုန်လုံး အခြေယိုင်နေတာပေါ့ဗျာ။ ကြက်သွန်တောင်သူ အကုန်လုံးက။”
ဒီလိုအခြေအနေကြောင့် ကြက်သွန်စိုက် တောင်သူတွေ စုပေါင်းပြီး ကြက်သွန်ဈေးကို ထိန်းညှိပေးဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီက စာပေးပို့ ပန်ကြားခဲ့ကြပါတယ်။
“ကျနော်တို့ ပင်းဝအိုးဘိုက ကြက်သွန်စိုက် တောင်သူ လူ ၃၀ လောက် ပါပါတယ်။ နောက် ရေနံချောင်းမြို့နယ်က ဥသျှစ်ကုန်းက တောင်သူ ၅၀ လောက်ပေါ့။ အဲလို ကျနော်တို့ ဦးသန်းရွှေဆီမှာ လိပ်မူပြီးတော့ ကြက်သွန်တောင်သူများရဲ့ စီးပွားရေး အခြေအနေက ယိုင်နဲ့နေတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ ကြက်သွန်စိုက် တောင်သူများ အပေါ်မှာ သက်ညှာသောအားဖြင့်၊ သနားသောအားဖြင့် ပေါ့ဗျာ၊ ဒီ ကြက်သွန်ဈေးလေးကို သင့်တင့်လျောက်ပတ်တဲ့ ဈေးဖြစ်အောင် လုပ်ဆောင်ပေးပါလို့ ကြက်သွန်စိုက် တောင်သူများကိုယ်စား စုဖွဲ့ပြီးတော့ တောင်သူများအားလုံး လက်မှတ်ထိုးပြီးတော့ စာပေးထားတာ ဦးသန်းရွှေဆီမှာ။
“နိုင်ငံတော် အုပ်ချုပ်တဲ့ ခေါင်းဆောင်တယောက် အနေနဲ့ ဒီတိုင်းပြည်မှာ ရှိတဲ့လူတေလည်း သားသမီးတွေကိုး၊ ကိုယ့်သားသမီးတွေ ဆင်းရဲနေတာ၊ အခြေယိုင်နေတာကို သူ့အနေနဲ့ တည့်မတ်ပေးအောင်။ ဒီအပေါ်မှာ စဉ်းစားပေးလိမ့်မယ်လို့ ယုံကြည်ချက်နဲ့ပေါ့။”
မြန်မာနိုင်ငံ အလယ်ပိုင်း ကြက်သွန်စိုက်ပျိုးတဲ့ ဒေသတွေကတော့ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ ပခုက္ကူ၊ ရေနံချောင်း၊ စလင်း၊ ဆိတ်ဖြူ၊ မကွေး စတဲ့ဒေသတွေ ဖြစ်ပါတယ်။
စလင်းမြို့နယ်ဘက်မှာတော့ ရောင်းမရတာနဲ့ ခရီးစရိတ် မကာမိတာကြောင့် ကြက်သွန်တွေကို အလကားပေးတာ၊ မြစ်ထဲမျှောပစ်တာနဲ့ ကိုင်းတောတွေမှာ မြှုပ်ပစ်ရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံတန်းက ကြက်သွန်ပွဲစား တယောက်ကတော့ ကြက်သွန်ဈေးတွေ ကျဆင်းရတဲ့ အကြောင်းကို အခုလို ပြောပါတယ်။
“မနှစ်က ဈေးကောင်းလိုက်တယ်။ အဲဒီအတွက် တောင်သူတွေက အစိုက်များလိုက်တယ်။ အစိုက်များလိုက်တဲ့ အချိန်မှာ ရာသီဥတုကလည်း မှန်တယ်။ အဲဒီနှစ်ချက်ကြောင့် ဒီနှစ် အထွက်ကောင်းတယ်။ ပြည်တွင်းမှာ စားသုံးနိုင်တာထက် ပိုထွက်တယ်ပေါ့နော်။ ရိုးရိုးရှင်းရှင်း ပြောရရင်တော့ Supply ပိုပြီး Demand နည်းတဲ့အတွက် ဈေးကျသွားတာ။”
အခုလို ဈေးကျဆင်းရတဲ့ နောက်တချက်က ပြည်ပတင်ပို့တာကို ပိတ်ပင်လိုက်တာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီအခြေအနေကို သူက အခုလို ဆက်ရှင်းပြပါတယ်။
“ဒီဥစ္စာလည်း အချက် တချက်အနေနဲ့ ပါပါတယ်။ ဒါပေမဲ့ အဲဒီဟာက အဓိက အချက်တော့ မဟုတ်ဘူးပေါ့၊ ပါတယ်။ အဓိကကတော့ ထွက်နှုန်း အများကြီး တိုးသွားတာက အဓိက ကျတာပေါ့။ မနှစ်က ဈေးတအား ကြီးသွားတဲ့အတွက် စားသုံးသူဘက်က မဖြစ်သင့်တဲ့ဈေး ဖြစ်သွားတယ်ပေါ့။ အဲဒီဥစ္စာကို cover ယူတဲ့အနေနဲ့ ဒီနှစ် Export ပို့တာကို ခွင့်မပြုတာပေါ့။
“တဘက်က စားသုံးသူနဲ့ တောင်သူကြားမှာ အစွန်းနှစ်ဘက် လွတ်အောင် လုပ်ဖို့ ဆိုတာကတော့ နည်းနည်း အခက်အခဲ ရှိတာပေါ့နော်။ ဒီနှစ် အနေအထားကတော့ တောင်သူ နည်းနည်း အထိနာသွားတာပေါ့။ Export ပို့ခွင့်ရမယ် ဆိုရင်တော့ တောင်သူတွေအတွက်ကို သင့်တင်မျှတတဲ့ ဈေးလေး ဖြစ်သွားတာပေါ့လေ။”
အရင်နှစ်တွေက မြန်မာနိုင်ငံက ကြက်သွန်နီကို နယ်စပ်လမ်းကနေ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကို တင်ပို့ပြီး ရေလမ်းကနေ စင်ကာပူ၊ မလေးရှား စတဲ့နိုင်ငံတွေကိုလည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကြက်သွန်နီ စိုက်ပျိုးရာမှာ ဥစိုက်နဲ့ အပင်စိုက်ဆိုပြီး ၂ မျိုး စိုက်ပျိုးပါတယ်။ ဥစိုက်ကြက်သွန်က တလလောက်သာ အထားခံပြီး အပင်စိုက်ကတော့ ၆ လလောက်ထိ အနည်းဆုံး အထားခံပါတယ်။ အခု ဈေးကွက်တွင်း ရောက်ရှိနေတဲ့ ကြက်သွန်တွေကလည်း အများဆုံး ဒီနှစ်ကုန်လောက် အထိသာ အထားခံမယ့် အနေအထားရှိတာ ဖြစ်ပါတယ်။