သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yale တက္ကသိုလ် ကမ္ဘာ့ထူးချွန်လူငယ်ပြိုင်ပွဲဝင် မြန်မာအမျိုးသမီးငယ်


World Scholar's Cup ( မဆုနေခြည်ထူး)
World Scholar's Cup ( မဆုနေခြည်ထူး)

အမေရိကန်ပြည်ထောင်စု့က နာမည်ကျော် Yale တက္ကသိုလ်ကြီးရဲ့WSC World Scholar's Cup ပြိုင်ပွဲမှာ ဝိဇ္ဇာရော သိပ္ပံဘာသာရပ်တွေမှာ ထူးချွန်ထက်မြတ်တဲ့ ကမ္ဘာနိုင်ငံအသီးသီးက ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြရာမှာ မြန်မာနိုင်ငံက MISY ကျောင်းသားတွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ Myanmar International School Yangon က ကျောင်းသားတွေ ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှုဖြစ်ပြီး၊ အဲဒီမှာတော့ မြန်မာကျောင်းသူ မဆုနေခြည်ထူး ပြိုင်ပွဲကနေ ဆုလေးဆုရရှိခဲ့ပါတယ်။ Connecticut ပြည်နယ် New Haven မြို့အထိ ခရီးပေါက်အရောက်လာရတဲ့ ဒီ မြန်မာကျောင်းသူတဦးဖြစ်တဲ့ မဆုနေခြည်ထူးကို သူ့ရဲ့ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ပတ်သက်လို့ မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Myanmar International School Yangon ကကျောင်းသူ မဆုနေခြည်ထူးဟာဆိုရင် ကမ္ဘာတဝှမ်းက ကျောင်းသားတွေနဲ့ အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသင်းလိုက်နဲ့ တစ်ဦးချင်းစီအတွက် ဆု ၄ ခုရခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း international ကျောင်းတွေ အချင်းချင်း ယှဉ်ပြိုင်ပြီးတဲ့နောက် ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ နောက်တစ်ဆင့် ပြိုင်ပွဲတွေမှာ အရွေးခံရပြီးမှ အခု Yale တက္ကသိုလ်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရတာ ဖြစ်တယ်လို့ မဆုနေခြည်ထူးက ပြောပါတယ်။ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲလည်းဖြစ်တဲ့ ဒီပြိုင်ပွဲကနေရတဲ့ ထူးထူးခြားခြားအတွေ့အကြုံကို ပြန်ပြောပြပါတယ်။

“ကျမတို့ ရှေ့တုန်းကတော့Scavenger Hunt အဲဒီမှာ နိုင်ငံတကာက လူတွေနဲ့လည်းတွေ့ရတယ်။ သူတို့ရဲ့နိုင်ငံအကြောင်းတွေလည်း သိရတယ်။ အဲဒီအချိန်ကျမှ သမီးတို့ တယောက်နဲ့တယောက် ပိုပြီးတော့ ရင်းနီးသွားကြတယ်။ အဲဒီလိုမျိုးပြန်ပြီးပြိုင်တဲ့အခါကျတော့ ဒီ Yale ၊ New Haven မြို့တခုလုံးပတ်ပြီးတော့ လုပ်ရတဲ့အချိန်ကျတော့ တွေ့ရတဲ့နေရာတွေလည်းအများကြီးတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ အဲဒီလောက် လှတဲ့ ခန့်ညားတဲ့ အဲလိုမြို့ကြီးတွေ Buildingကြီးတွေ မရှိတဲ့အချိန်ကျတော့ ပတ်ရတဲ့အချိန်ကျတော့ ပိုပြီးတော့ ပျော်စရာကောင်းတယ်။”

World’s Scholars Cup ပြိုင်ပွဲဟာ ကျောင်းသားလူငယ်တွေ သင်ယူလိုစိတ်တိုးလာအောင်၊ အရည်အချင်းသစ်တွေ တတ်လာအောင်နဲ့ ကမ္ဘာ့နိုင်ငံသားကောင်း အဖြစ် ခံယူနိုင်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျောင်းသားတွေက ဘာသာရပ် ၆ခု ဖြစ်တဲ့ သမိုင်း၊ နည်းပညာ၊ စာပေ၊ သိပ္ပံနဲ့ အနုပညာ ဘာသာရပ်တွေနဲ့ဆိုင်တဲ့ မေးခွန်းတွေကို ဖြေဆိုရပါတယ်။ နောက် ကျောင်းသားတွေ သိထားတဲ့ ဘာသာရပ်တွေကို တစ်ဦးချင်းရော အသင်းလိုက် ပြိုင်ကြရတဲ့ထဲမှာ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး၊ ပြဿနာ ဖြေရှင်းတဲ့ ပြိုင်ပွဲတွေပါဝင်ပါတယ်။ ဒီလို တမူထူးခြားတဲ့ ပြိုင်ပွဲပုံစံအကြောင်းကို မဆုနေခြည်ထူးက ရှင်းပြပါတယ်။

“Round 3 ခုရှိတယ်။ ပထမဆုံးကတော့ ရန်ကုန် Round (Regional Round) , ဒုတိယကျတော့ Global Round ဆိုပြီးတော့ Hanoi မှာသွားပြိုင်တယ်။ ၁ သင်းမှာ ၃ ယောက်ဆိုပြီးတော့ debate မှာလည်း သမီးတို့ အသင်းလိုက် debate လုပ်ရတယ်။ debate ကတော့ သူတို့ ချပေးထားတဲ့ဟာကို ၁၅ မိနစ် research လုပ်ရတယ်။ တယောက် ၄ မိနစ်ဆီပြောရတယ်။ နောက်တခုက Collaborate writing ဆိုတာက ၁ သင်းနဲ့ ၁ သင်း သူတို့ချပေးထားတဲ့ topic တွေကို တယောက်တခုစီရွေးပြီးတော့ အဲဒါကို အတူတူဖြေရတယ်။ နောက်တခု Scavenger Hunt ကတော့ အမှတ်တွေထဲမှာ မပါပေမယ့် သူတို့ အသင်းတွေဘာတွေ ချပေးထားတဲ့အခါကျတော့ တခြားနိုင်ငံကသူတွေနဲ့လည်း တစ်သင်းထဲဖြစ်သွားတယ်။”

နှစ်စဉ် ပြိုင်ပွဲမှာ ကဏ္ဍ ၄ ခုပါဝင်ပါတယ် - အသင်းလိုက် ကျပန်းစကားပြောပြိုင်ပွဲ၊ ရေးဖြေစာမေးပွဲ၊ အသင်းလိုက် စာစီစာကုံးရေးဖြေ၊ နဲ့ အသင်းလိုက် ပြဿနာ ဖြေရှင်းတဲ့ ကဏ္ဍတို့ ပါဝင်တာပါ။ WSC ပြိုင်ပွဲကို စုစုပေါင်း နိုင်ငံ ၅၀ ထက်မနည်း ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေ စုဝေးပြီး အသင်းအဖွဲ့လိုက် ပြိုင်ပွဲဝင်ကြရတာ ဖြစ်ပါတယ်။ MISY အနေနဲ့ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်တာဆိုရင် ၂၀၁၆ အရင်နှစ်ကမှ စပြီး ကျောင်းသားတွေ စေလွှတ်ယှဉ်ပြိုင်တာပါ။ နောက်နှစ်တွေမှာ သွားပြိုင်မယ့် ကျောင်းသားတွေအတွက် မဆုနေခြည်ထူးက သူ့အတွေ့အကြုံအရ အခုလို အကြံပေးပါတယ်။

“ကိုယ့် Team mate တွေကို တယောက်နဲ့ တယောက် trust လုပ်ထားတာ အရမ်းအရေးကြီးတယ်။ Scholar’s Bowl မှာဆိုရင် အသင်းလိုက်ဖြေရတဲ့အခါကျတော့ တချို့အသင်းတွေဆိုရင် ထ ရန်ဖြစ်ကြ ဘာဖြစ်လို့လဲဆိုရင် မှားသွားကြလို့လေ။ အဲဒီအချိန်တွေမှာဆိုရင် တယောက်နဲ့ တယောက် trust လုပ်တာ အရေးကြီးတယ်။ Debate လုပ်တဲ့ အချိန်ဆိုရင် အရမ်း Self-confidence မ ရှိဖို့လည်းလိုတယ်။ ကိုယ့်ဟာကိုယ် ရတယ်လို့ထင်နေတယ် ဒါပေမယ့် တချို့တွေက မရသွားကြဘူး။”

World Scholar's Cup ကို ၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး Yale တက္ကသိုလ် က ကြီးမှူး ကျင်းပတာ ဖြစ်ပါတယ်။ တကမ္ဘာလုံးက အစိုးရနဲ့ ပုဂ္ဂလိက ကျောင်းတွေက ဘဝနောက်ခံမတူညီတဲ့ ကျောင်းသားတွေ စာပေအကျိုး၊ ခေါင်းဆောင်မှုအပိုင်းနဲ့ အသင်းအဖွဲ့စိတ် တိုးတက်လာအောင် ရည်ရွယ်ပြီးတည်ထောင်ခဲ့တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ကျောင်းတွေစာရင်းမှာ လတ်တလောတော့ မြန်မာနိုင်ငံက international ကျောင်း ၆ ခုသာ ပါဝင်သေးတာ ဖြစ်ပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG