သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးဆွေးနွေးပွဲ လူထုဆန္ဒထင်ဟပ်ဖို့ အရပ်ဘက်တောင်းဆို


လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်တွေမှာ ပြည်သူ့ဆန္ဒသဘောထားကို အခြေပြုပေးဖို့နဲ့ ညီလာခံရဲ့ ဆုံးဖြတ်ချက် ဆွေးနွေးချက်တွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ တိုင်းရင်းသားတွေပါ သိရှိနိုင်အောင် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးနဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေပါ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်လာစေရေး အလေးထား ဆောင်ရွက်ပေးဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။ မဆုမွန် က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကစလို့ ၅ ရက်တာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထု လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ ကိုယ်စားပြု တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်လာစေရေး အဓိကထား ဆွေးနွေးစေလိုပါတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အရပ်ဘက် မဟာမိတ် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

အနာဂတ်တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဆုံးဖြတ်ချက် ချမှတ်တဲ့အခါ လူထုအသံတွေ လူထုဆန္ဒသဘောထားတွေကို အလေးထား နားထောင်စေလိုပါတယ်လို့ အရပ်ဘက်အဖွဲ့အစည်း မြန်မာလူထုမဟာမိတ်အဖွဲ့က ဦးအောင်ကျော်မိုး က ပြောပါတယ်။

“အနာဂတ်တိုင်းပြည်အတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာ လူထုရဲ့အသံတွေကိုလည်း အမှန်တကယ် စင်စစ် ပါဝင်သွားစေချင်တဲ့ ဆန္ဒတွေ၊ လူထုရဲ့အသံတွေကို ထင်ဟပ်ပေါ်လွင်အောင် လူထုရဲ့ဆန္ဒတွေ ထင်ဟပ်ပေါ်လွင်ဖို့အတွက်ကလည်း ဒီမှာရှိနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေအနေနဲ့ ဒါတွေကို သတိထားပြီးတော့မှ ဆောင်ရွက်ပေးပါလို့ပဲ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ အားလုံး ပါဝင်သင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ အားလုံး ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားဒေသတွေမှာ အခု လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေ အားလုံး ပါဝင်စေချင်သလိုမျိုး အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့လူတွေလည်း ဒီထဲကို ပါဝင်လာစေချင်တယ်။ ဆုံးဖြတ်ချက်တွေ ချနိုင်လိမ့်မယ်လို့တော့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ဒါဟာ ပထမခြေလှမ်းတရပ်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ အားလုံး ပါဝင်နိုင်လောက်တဲ့ အနှစ်သာရနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတခု ဖြစ်ပေါ်လာဖို့အတွက်ကတော့ ကျနော်တို့ အတတ်နိုင်ဆုံး မျှော်လင့်ပါတယ်ဗျ။”

ငြိမ်းချမ်းရေး ညီလာခံအတွင်းမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးမှုတွေ၊ ဆုံးဖြတ်ချက် အတည်ပြုချက်တွေနဲ့ ပတ်သက်လို့လည်း အများပြည်သူလူထု အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် တိုင်းရင်းသား ဘာသာစကားမျိုးစုံနဲ့ ထုတ်ပြန်ပေးဖို့နဲ့ ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖြည့်စွက်ပြင်ဆင် အကြံပေးချက်တွေကိုလည်း လွတ်လပ်စွာ အကြံပြုခွင့်ပေးဖို့ တောင်းဆိုလိုပါတယ်လို့လည်း ပွင့်လင်းမြင်သာမှု တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း မဟာမိတ်အဖွဲ့ MATA ရဲ့ ဦးဆောင်ကော်မတီဝင် ဦးဇော်လွင်က ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေအားလုံး ကြားထဲမှာ နားလည်မှု မလွဲမှားစေချင်ဘူး။ နောက်ပြီး အားလုံး ပြည့်ပြည့်စုံစုံ နားလည်စေချင်တယ်။ ဒါကြောင့်မို့လို့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တယ်ဆိုတော့ ကောင်းပါတယ်။ နိုင်ငံတကာကလည်း သိတယ်။ အများစုလည်း သိမယ်ပေါ့။ မြန်မာလိုဖတ်တတ်တဲ့လူ။ ဒါပေမဲ့ ကျနော်တို့ နားလည်မှု တည်ဆောက်တဲ့အခါမှာ မြန်မာတခုတည်းနဲ့လည်း တည်ဆောက်လို့ မရနိုင်ဘူးလေ။ အဲတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တိုင်းရင်းသားတိုင်းမှာ အလိုလိုကို ရှိနေကြတာ။ အဲတော့ အားလုံး အလုံးစုံ တာဝန်နဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် အခု ဒီကချမယ်ဆိုတဲ့ မူကို ဒါ အခုက ပထမဆုံး ညီလာခံပေါ့နော် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြတယ်၊ ဘာတွေ ဆွေးနွေးကြမယ်၊ ဘာတွေ ဆက်လုပ်ကြမယ် ရှေ့အလားအလာတွေတော့ ဘာတွေရှိသလဲ ဆိုတာလေးတွေ၊ နောက်ပြီးတော့ အားလုံး ပါဝင်ကြမယ်ဆိုလို့ရှိရင်လည်း ငါတို့သည် ဘယ်လိုအခန်းကဏ္ဍကနေ ငြိမ်းချမ်းရေးအတွက် တတတ်တအား ပါဝင်နိုင်မယ်ဆိုတာ သူတို့သိဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ထုတ်ပြန်စေချင်တာပါ။”

ညီလာခံအတွင်းမှာ အမှန်တကယ် ဒေသတွင်း ဖြစ်ပျက်နေတဲ့ အကြောင်းခြင်းရာတွေနဲ့ လက်တွေ့ပြည်သူ့အသံတွေကို ပါဝင်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရတပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်တွေဘက်က တင်ပြဆွေးနွေးစေလိုကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းတွေဘက်က တောင်းဆိုပါတယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

“ကျနော်တို့ဟာ မြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့ နိုင်ငံသားတွေဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံရေးကိစ္စတွေကို ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ကတော့ အားလုံးပါဝင်သင့်တယ်လို့ ထင်ပါတယ်။ အားလုံး ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားဒေသတွေမှာ အခု လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေ အားလုံး ပါဝင်စေချင်သလိုမျိုး အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ လူတွေလည်း ဒီထဲကို ပါဝင်လာစေချင်တယ်။ နောက်တခုက အချိုးအစား မညီမျှတဲ့ ကိစ္စတွေမှာ အနာဂတ်တိုင်းပြည်အတွက် ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ လူထုရဲ့အသံတွေကိုလည်း အမှန်တကယ် စင်စစ် ကျနော်တို့က ပါဝင်သွားစေချင်တဲ့ ဆန္ဒတွေကတော့ တော်တော်ရှိပါတယ်ဗျ။ အဲတော့ လူထုရဲ့အသံတွေကို ထင်ဟပ်ပေါ်လွင်အောင် လူထုရဲ့ဆန္ဒတွေ ထင်ဟပ်ပေါ်လွင်ဖို့အတွက်ကလည်း ဒီမှာရှိနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေအနေနဲ့ ဒါကို သတိထားပြီးတော့မှ ဆောင်ရွက်ပေးပါလို့ပဲ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒီညီလာခံအဖွင့်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အနိုင်ရပါတီ NLD ပါတီဥက္ကဋ္ဌတို့ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သလို အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ အစပျိုး လုပ်ဆောင်မှုတွေကို ရရှိနိုင်မယ်လို့ ယူဆပြီး လူထုရဲ့ ဆန္ဒနဲ့အညီ တည်ငြိမ်တဲ့ နိုင်ငံတော်တည်ဆောက်နိုင်ဖို့ လိုလားကြောင်းနဲ့ ဒီညီလာခံရလဒ်တွေကို အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ကိုလည်း စောင့်ကြည့်သွားမှာဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG