သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု တတိယပင်လုံ နဲ့ ငြိမ်းချမ်းရေးအလားအလာ


ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး (Myanmar State Counsellor Office)
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး (Myanmar State Counsellor Office)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးက ဆွေးနွေးချက် ၊ ဆုံးဖြတ်ချက်တွေကို ဒီကနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ အတည်ပြုရာမှာ ညီလာခံကို တင်သွင်းတဲ့ အချက် ၁၄ ချက်ကို အတည်ပြုနိုင်ခဲ့ပြီး မနက်ဖြန်မှာ လက်မှတ်ရေးထိုးထုတ်ပြန်မှာဖြစ်ပါတယ်။ လက်ရှိ ကျင်းပတဲ့ညီလာခံဟာ အခုဆိုရင် ၄ကြိမ်မြောက်ရှိလာပြီဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ တိုးတက်မှုအဖြစ် ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ ကဏ္ဍကြီး ၅ရပ်အနက်က နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ မြေယာကဏ္ဍ၄ခုအတွက် စုစုပေါင်း ၁၄ ချက်တင်သွင်းခဲ့ရာမှာ ဒီချက်တွေကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ၄ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးချက်တွေကို တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ၁၇ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ ပြန်လည်သုံးသပ်ဆွေးနွေးပြီး အားလုံးကို အတည်ပြုနိုင်ခဲ့ကြောင်း တနင်္ဂနွေနေ့က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ UPDJC ရဲ့ အတွင်းရေးမှုး ဦးဇော်ဌေးက ပြောပါတယ်။

“နိုင်ငံရေးက၄ချက်၊ စီးပွားရေးက ၄အချက်၊ လူမှုရေးက ၇ချက်နဲ့ မြေယာနဲ့သဘာဝပတ်ဝန်းကျင် ၂ချက် ပေါ့နော်။ ညီလာခံကို တင်သွင်းခဲ့တဲ့ ၁၄ ချက်မှာ အခုနောက်ဆုံး အစုအဖွဲ့လိုက်တွေ ဆွေးနွေးတယ်။ ကဏ္ဍအလိုက်တယ်ဆွေးနွေးတယ်။ ပြီးရင် အစုအဖွဲ့လိုက်ဆွေးနွေးပြီးတော့ UPDJC မှာ နောက်ဆုံးပြန်ပြီးတော့ အတည်ပြုပါတယ်။ အတည်ပြုတော့ ညီလာခံကို တင်သွင်းခဲ့တဲ့ ၁၄ ချက်အတိုင်းပဲ ရရှိပါတယ်။”

UPDJC က အတည်ပြုလိုက်တဲ့အချက် ၁၄ ချက်ကို တနင်္လာနေ့မှာ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးထုတ်ပြန်မှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက် လက်ရှိ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၄ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဒီညီလာခံ ၄ကြိမ်မှာ နောက်ဆုံး၂ကြိမ်မှာသာ နိုင်ငံရေးဆွေးနွေးမှုတွေကို အဓိက လုပ်ဆောင်နိုင်ခဲ့ကြောင်း UPDJC အတွင်းရေးမှုးတွေက အသိအမှတ်ပြုပြောဆိုပါတယ်။

လက်ရှိ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးဖြစ်တဲ့ ၄ကြိမ်မြောက် ညီလာခံဟာ နိုင်ငံရေးပြဿနာတွေကို ပူးပေါင်းအဖြေရှာတဲ့ အဆင့်ကို ရောက်ရှိလာပြီလို့ ဦးဇော်ဌေးက ပြောပါတယ်။

“ အခုအခြေအနေမှာ ပြဿနာတွေ ဘာတွေ ဘာတွေ ရှိတယ်ဆိုတာ အကုန်လုံးက အသိအမှတ်ပြုတယ်။ ကျနေ်ာတို့ ပြဿနာတွေဖြေရှင်းတဲ့အခါ ဘယ်လို ပြဿနာတွေ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။ ပထမဆုံး။ အခု အသိအမှတ်ပြုတာ ကျော်သွားပြီ၊ ကျော်သွားပြီးတော့ ဒီပြဿနာတွေ ဘယ်လိုရှင်းမလဲဆိုတဲ့ နည်းလမ်းရှာတဲ့အခါမှာ ပူးပေါင်းရှာတဲ့အဆင့်ကို ရောက်သွားပြီ။ အခုဟာ ဟိုးအရင်တည်းက ရှိခဲ့တဲ့ပြဿနာတွေ ပြေလည်သွားအောင်ဘယ်နည်းလမ်းနဲ့ ချဉ်းကပ်မလဲဆိုတဲ့ နည်းလမ်းရှာတဲ့အဆင့်ကို အကုန်လုံးက ဦးတည်ပြီးလုပ်နေတာ။ သို့သော် သူ့နည်းလမ်းကိုယ့်နည်းလမ်းတော့ နည်းနည်းလေး အငြင်းတော့ ပွားနေတယ်။ ဒါပေမဲ့ တချိန်မှာတော့ အဲဒါ တူညီတဲ့အချက်ဖြစ်အောင် ၊ အခုက ဘာဖြစ်လဲဆိုတော့ တဖြည်းဖြည်းနဲ့ ဒီ Process ပေါ်မှာ NCA အရဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အကုန်လုံးက တန်ဖိုးထားတယ်။ သမိုင်းကြောင်းတလျှောက် ပထမဆုံးဖြစ်ပေါ်လာတဲ့အခွင့်အရေးပါ။ ဒီအခွင်အရေးကို တန်ဖိုးထားတယ်။ တန်ဖိုးထားပြီးတော့ ပိုကောင်းအောင် ပိုအဆင်ပြေအောင်နည်းလမ်းရှာဖွေတဲ့ အခြေအနေကို ရောက်နေပြီနော်။ ”

အခြား UPDJC အတွင်းရေးမှုးတဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းကလည်း လက်ရှိ ကျင်းပလာခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတွေအပေါ်မှာ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ပြည်တွင်းစစ်သမိုင်းအပေါ်မှာ ကြည့်မယ်ဆိုရင် အခု ကျနော်တို့ လုပ်လာတဲ့ဟာက ၂၀၁၅ ကနေ ငြိမ်းချမ်းရေးဆွေးနွေးတာဖြစ်တယ်။ ဒီကာလကြားမှာ ကျနော်တို့အနေနဲ့က အချင်းချင်းတွေ့ဆုံနိုင်တယ်။ အချင်းချင်း အတူတကွ စကားပြောနိုင်တယ်။ အချင်းချင်းညှိနှိုင်းနိုင်တယ်။ ပြဿနာကို အတူတကွမဖြေရှင်းနိုင်သေးဘူးနော်။ သို့သော်ပြဿနာကို အတူတကွဖော်ထုတ်တယ်ဆိုတာ အင်မတန်မှ ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်ဆိုတာ ကျနော် ပြောချင်တယ်။ အစက ကျနော်တို့က ဒီပြဿနာကို ဒီလောက်ကြီးလေးတယ်လို့ မထင်ခဲ့တဲ့ဟာတွေ ကိုင်တွယ်ကြည့်လိုက်တဲ့အခါကျ ပေါ်လာတယ်။ စသည်အားဖြင့် ဒီဟာတွေက ကျနော်တို့ နှစ်ပေါင်း ၇၀ သမိုင်းစဉ်နဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ အောင်မြင်မှုက အင်မတန်မှ ကြီးမားတယ်လို့ ကျနော် ပြောချင်တယ်။ ”

ဒီညီလာခံမှာတော့ NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တရုတ်မြန်မာနယ်စပ်က မြောက်ပိုင်းအဖွဲ့ ၇ဖွဲ့ပါဝင်တက်ရောက်ခဲ့သလို ထိုင်းမြန်မာနယ်စပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPနဲ့ အိန္ဒိယမြန်မာနယ်စပ်က NSCN-K နာဂလက်နက်ကိုင်အဖွဲ့ တွေလည်း ပါဝင်တက်ရောက်လာပါတယ်။

အဓိကအားဖြင့် တိုက်ပွဲတွေမရပ်ဆိုင်းနိုင်သေးတဲ့ မြောက်ပိုင်းအဖွဲ့ဝင်တချို့နဲ့ NCA လက်မှတ်ရေးထိုးရေးကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့တာ၊ မကြာခင်ဆွေးနွေးဖို့ သဘောတူညီခဲ့ကြတာဟာလည်း တိုးတက်မှုအဖြစ် သုံးသပ်ပါတယ်။

အချို့သုံးသပ်သူတွေကတော့ ၂၁ ရာစုပင်လုံတတိယအစည်းဝေးမှာ နိုင်ငံရေးကဏ္ဍအတွက် ခွဲထွက်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို ထည့်သွင်းမဆွေးနွေးနိုင်တာ၊ ကဏ္ဍကြီး ၅ရပ်အနက်က လုံခြုံရေးကဏ္ဍကို ထည့်သွင်းမဆွေးနွေးနိုင်တာနဲ့ ညီလာခံကို အချိန်မှန် မကျင်းပနိုင်တာတွေအပေါ်မှာ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG