သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီလာခံမှာ ကဏ္ဍအလိုက် ဆွေးနွေးမှု ရလာဒ်ကောင်း မျှော်လင့်


စစ်ဘက်ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားခေါင်းဆောင်များ ၂၁ ရာစုပင်လုံဖွင့်ပွဲ တက်ရောက်လာကြစဉ်။
စစ်ဘက်ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားခေါင်းဆောင်များ ၂၁ ရာစုပင်လုံဖွင့်ပွဲ တက်ရောက်လာကြစဉ်။

အခုဆိုရင်တော့ ၂၁ရာစုပင်လုံညီလာခံကျင်းပလာခဲ့တာ လေးရက်မြောက်နေ့ဖြစ် လာပြီဖြစ်ပါတယ်။ ၂၁ရာစုပင်လုံညီလာခံတခုလုံး ကဏ္ဍပေါင်းစုံကနေ အစုအဖွဲ့အလိုက် ခေါင်းစဉ်အသီးသီးကနေ ဆွေးနွေးနေကြတဲ့အတွက် သဘောတူညီမှုတွေရှိသလို ဆက်လက် ညှိနှိုင်းရဦးမယ့်အခြေအနေတွေရှိပေမဲ့လို့ အဖြေရလဒ်ကောင်းတွေ ထွက်လာနိုင်ဖို့တော့ မျှော်လင့်တယ်လို့ ညီလာခံကို တက်ရောက်နေတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူအနေနဲ့ တက်ရောက်နေသူက ပြောပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပလာခဲ့တာ လေးရက်မြောက်လာချိန် ညီလာခံအပေါ် ခြုံငုံသုံးသပ်မှု အခြေအနေ ကိုတော့ မဆုမွန်က ဆက်တင်ပြပေးပါမယ်။

နေပြည်တော် မှာ ဇူလိုင်လ ၁၁ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်ဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ရက်နေ့အထိ ကျင်းပသွားကြမှာဖြစ်ပါတယ်။ ညီလာခံအတွင်းမှာတော့ တိုင်းရင်းသားတွေဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အဓိကထားဆွေးနွေးချင်ကြသလို အစိုးရဘက်ကလည်း ပြည်ထောင်စုဘက်က ခွဲမထွက်ရေးမူကို လက်ကိုင်ထားသလို အစည်းအဝေးမှာ အခြေအတင်ဆွေးနွေးနိုင်ရေး အခြေအနေဖြစ်နေတာကိုတော့ ညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူများအနေနဲ့ တက်ရောက်နေတဲ့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)က ဦးအောင်သူငြိမ်းက အခုလိုပြောပြပါတယ်။

"အရေးကြီးတဲ့ ပြဿနာတွေဆွေးနွေးဖို့ အများကြီး ကျန်သေးတယ်ခင်ဗျ။ အထူးသဖြင့်ကတော့ တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ပြည်နယ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဖို့ကိစ္စတွေတို့ နောက်တခါ အစိုးရဘက်ကလည်း လိုလားတာက ပြည်ထောင်စုက ခွဲမထွက်ရေးကိစ္စ စသဖြင့်ပေါ့။ ဒါပေမဲ့ ဒါတွေကို ဆွေးနွေးဖို့က မဖြစ်နိုင်သေးတော့ လောလောဆယ် နောက်ဆုတ်ထားရတဲ့သဘောပေါ့လေ။ ညီလာခံပြန်စနိုင်တာကလည်း တနှစ်ကျော်ကြာလာခဲ့တာဆိုတော့ ဘာပဲဖြစ်ဖြစ် ပြန်ဆွေးနွေးနိုင်တာကိုက ခြေလှမ်းအစပေါ့။ ကောင်းတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ သဘောတူခဲ့တာတွေလည်းရှိပါတယ်။ တချို့ ဆက်ပြီးတော့ ညှိရဦးမယ်ဆိုတာတွေလည်းရှိပါသေးတယ်။ အဲ့တာကိုတော့ မနက်ဖြန် UPDJC အဓိက ဦးဆောင်တဲ့အဖွဲ့တွေရဲ့အစည်းအဝေးမှာ ဒါတွေကို ဒီပြဿနာတွေကိုဆက်ပြီးတော့ ဆွေးနွေးကြမယ်လို့ထင်ပါတယ်။"

နောက်၂၁ရာစုပင်လုံ ညီလာခံတခုလုံး ကဏ္ဍပေါင်းစုံကနေ အစုအဖွဲ့အလိုက် ခေါင်းစဉ်အသီးသီးကနေ ဆွေးနွေးခဲ့ကြတဲ့အနေအထားကိုတော့ ဦးအောင်သူငြိမ်းက အခုလိုသုံးသပ်ပါတယ်။

"ကိုယ်စားလှယ်တွေကတော့ တက်တက်ကြွကြွကို ဆွေးနွေးကြပါတယ်။ ဒီကနေ့ကတော့ စတုတ္တနေ့ပေါ့နော်။ အဲ့တာမှာ ကိုယ့်အစုအဖွဲ့အလိုက်ပေါ့ ကျနော်တို့ကကျတော့ နိုင်ငံရေးပါတီအစုအဖွဲ့ဆိုတော့ကာ-နိုင်ငံရေးကဏ္ဍမှာတော့ အထူးသဖြင့် ကျား-မတန်းတူရေး ဒီကိစ္စကို အဓိကထားဆွေးနွေးပါတယ်။ စီးပွားရေးကဏ္ဍမှာတော့ ပြည်နယ်တိုင်းနဲ့ အောက်ခြေအစိုးရတွေကို စီးပွားရေးစီမံကိန်း ရေးဆွဲခွင့်တွေကို ပိုခွင့်ပြုပေးဖို့ပေါ့နော်။ ဒီလိုကိစ္စတွေ ဆွေးနွေးပါတယ်။ လူမှုရေးကဏ္ဍမှာတော့ အထူးသဖြင့် ပညာရေးမှာဆိုရင်လည်း အားလုံးပါဝင်ခံစားနိုင်ရေး ပညာရေးမူပေါ့။နောက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ပြဿနာမျိုး၊ စသဖြင့် ဆွေးနွေးကြတာများပါတယ်။ ဒါပေမဲ့ လုံခြုံရေးကဏ္ဍမှာတော့-ဘာမှ ရလဒ်ထွက်လာဖို့တော့ မရှိဘူးပေါ့။ နောက် မြေယာကဏ္ဍကိုလည်း ဆွေးနွေးကြပါတယ်။ အထူးသဖြင့် လယ်မြေကိစ္စတွေ ဒါတွေနဲ့ပတ်သက်လို့ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုဖြစ်သင့်သလဲဆိုတာကိုပါ ဆွေးနွေးကြပါတယ်။"

မနက်ဖြန် ဇူလိုင်လ ၁၅ရက်နေ့မှာတော့ ကဏ္ဍအလိုက် ဆွေးနွေးမှုတွေကို ခေတ္တရပ်နားမှာဖြစ်ပေမဲ့ UPDJC အဖွဲ့တွေကတော့ ညီလာခံကနေ ဆုံးဖြတ်ချက်တွေ သဘောတူညီမှု ရနိုင်ရေး ဆက်လက်ဆွေးနွေးကြမှာဖြစ်တယ်လို့ ဦးအောင်သူငြိမ်းကပြောပါတယ်။

"မနက်ဖြန်ကိုတော့ ကျန်တဲ့အဖွဲ့တွေ အကုန်နားပါတယ်။ UPDJC အဖွဲ့ဝင်တွေနဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တွေကတော့ သူတို့အစည်းအဝေးတွေရှိပါတယ်။ UPDJC အစည်းအဝေးပြီးသွားရင်တော့ ညီလာခံပိတ်ပွဲပဲရှိပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့မိန့်ခွန်းမှာ ပြောခဲ့တာကတော့ ၂၀၂၀ မတိုင်ခင်မှာတော့ နောက်ထပ် ညီလာခံ သုံးခု ဆက်ပြီးတော့ ကျင်းပသွားဖို့ရှိတယ်လို့တော့ သူပြောသွားတယ်။"

ဒီညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရ၊ လွှတ်တော်က အကြီးအကဲတွေနဲ့ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ လေ့လာသူတွေ ပါဝင်သင့်ပါဝင်ထိုက်သူတွေအပြင် နိုင်ငံတကာသံတမန်တွေလည်း ပါဝင်တက်ရောက်ခဲ့သလို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တရုတ်မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့လည်း လာရောက်လေ့လာခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG