သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမား တသောင်းကျော် ကိုရီးယားကို စေလွှတ်မယ်


EPA စနစ်နဲ့ ကိုရီးယားထွက်သွားသူများ (ဧပြီလ ၃၀၊ ၂၀၂၄)
EPA စနစ်နဲ့ ကိုရီးယားထွက်သွားသူများ (ဧပြီလ ၃၀၊ ၂၀၂၄)

ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုစာမေးပွဲ EPS စနစ်နဲ့ အခုနှစ်ထဲမှာ လုပ်သား ၁၀,၀၀၀ တသောင်း ကျော်ကို ကိုရီးယားကို စေလွှတ်သွားမယ်လို့ မြန်မာအလုပ်သမားရေးဌာနက ပြောပါတယ်။ ကိုရီးယားအစိုးရဟာ EPS အစီအစဉ်နဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆နိုင်ငံက ကျွမ်းကျင်မဟုတ်တဲ့ ပြည်ပအလုပ်သမား ၁၆၀,၀၀၀ (တသိန်းခြောက်သောင်း) ကျော်ကို ခေါ်ယူသွားဖို့ ပြင်ဆင်ထားတာပါ။ဒါပေမဲ့ လက်ရှိကိုးရီးယားရဲ့ စီးပွားရေးနဲ့ အလုပ်လိုအပ်ချက်က ထင်သလောက် မကောင်းသေးတာကြောင့် နောက်ပိုင်းမှာ ခေါ်ယူတဲ့အရေအတွက် နည်းသွားနိုင်တယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

အခုနှစ်အတွက် မြန်မာအလုပ်သမား ၁သောင်းကျော်ကို EPS စနစ်နဲ့စေလွှတ်သွားမယ်လို့ မြန်မာ အလုပ်သမားရေးဌာနရဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA)က မကြာသေးခင်က ပြောပါတယ်။ ဒါပေမဲ့ ကိုရီးယားရဲ့ အလုပ်အကိုင်စျေးကွက်က အေးနေသလို အရင်ရောက်ပြီးသား မြန်မာတွေကလည်း ဗီဇာသက်တမ်းတိုးပြီး နေထိုင်နေတာကြောင့် အလုပ်သစ်တွေခေါ်ယူတာ အရင်ကထက် နည်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ကိုရီးယားအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"၂၀၂၄၊ ၁၂လပိုင်း calling ကတော့ နည်းနည်းကျန်သေးတယ်ဗျ၊ ဒါပေမဲ့ ကိုရီးယားကစီးပွားရေး နည်းနည်းကျနေတာရယ် ဟိုဘက်မှာလည်း မြန်မာတွေကနည်းနည်း များနေတာနဲ့ ရှေ့လူတွေနဲ့ဆိုတော့ ခေါ်တာတော့ နည်းတယ်ဗျ။ ခေါ်တော့ ခေါ်ပေးပါတယ်။ သူ့အသုတ်အလိုက် တနှစ်ကို ငါးကြိမ် ခေါ်စာချပေးတာဆိုတော့ အဲဒီငါးကြိမ်ထဲမှာ ခေါ်ပေးသွားတာ။ နိုင်ငံ ၁၆နိုင်ငံမှာ ပျမ်းမျှသွားပြီး ကြိုက်တဲ့နိုင်ငံကို ခေါ်တာဆိုတော့ ဘယ်နှဦးခေါ်မယ်ဆိုတာ ကြိုပြောလို့မရဘူး။ အဓိကတော့ ကုန်ထုတ်ကို အများဆုံးခေါ်တာပေါ့။ ၁၄ကြိမ်တုန်းက လူ ၁၅,၀၀၀ ခေါ်သွားတယ်။ အခုက ၅၀၀၀ ကျော်၊ သူတို့လျာထားတဲ့ ၉,၀၀၀၊ ဒုအသုတ်ပါမှ ၉,၀၀၀ ပဲခေါ်မှာဆိုတော့၊ အခု ၂၀၂၅ ဒုအသုတ်ဖြေရမှာ ၄၀၀၀ ကျော်ပဲခေါ်မှာဆိုတော့ လျာထားချက်အရ အရင်နှစ်ထက် နည်းတာပေါ့။"

အနိမ့်ဆုံးလုပ်ခကို မြန်မာငွေနဲ့ ၂၅သိန်းလောက် ရနိုင်တဲ့အတွက် ကိုရီးယားသွားချင်တဲ့ မြန်မာလူငယ်တွေ အများအပြား ရှိနေပါတယ်။ ဖြေဆိုသူများလာလို့ အခုနောက်ပိုင်းမှာ ကိုရီးယား EPS စာမေးပွဲက ပိုပြီးဖြေရက်ခက်လာတယ်လို့ တချို့ကပြောပါတယ်။ ပေးမှတ် ၁၀၀ မှာ အမှတ်ပြည့်နီးပါးရမှ EPS စာပေးပွဲကို အောင်မြင်မှာပါ။ လက်ရှိမှာ ၁၆ကြိမ်မြောက် ကိုရီးယားအရည်အချင်းစစ် စာမေးပွဲ EPS အောင်ထားသူ ၅,၀၀၀ ကျော်ရှိနေသလို ပြီးခဲ့တဲ့ အသုတ်တွေမှာ အောင်ထားပြီးသူတွေလည်း ကျန်နေပါတယ်။ အရေအတွက်များများ ခေါ်ဖို့ဆိုတာ မသေချာကြောင်း ကိုရီးယားရောက် မြန်မာနိုင်ငံသားတဦးက ဗွီအိုအေကို ပြောပါတယ်။

"ထင်သလောက်တော့ မလွယ်ဘူး၊ ဒီဘက်မှာ အလုပ်ထွက်ထားသူ (မြန်မာ) များတာပေါ့နော်။ အခုနောက်ပိုင်းကြ ဘယ်လိုဖြစ်လဲဆိုတော့ တရားဝင်လမ်းကြောင်း EPS နဲ့လာတဲ့သူတွေ အလုပ်ကကြတော့ တော်တော်ရှားတယ်။ အဆင်မပြေမှုကလည်း နည်းနည်းတော့ များလာတာပေါ့။ အရင်က ဒေတာအရ မြန်မာက ၄သောင်းလောက်ပဲ ရှိတာကိုး။အခုက မပြန်ကြတဲ့သူကလည်း များလာတော့ လူကပိုများလာတယ်။ ပြီးတော့ EPS ကလည်း မြန်မာတနိုင်ငံထဲခေါ်တာ မဟုတ်ဘူး။ တခြားနိုင်ငံတွေကလည်း ဝင်နေတာဖြစ်တော့ အလုပ်က တော်တော်လေးကို လျှော့ပြီးခေါ်လာဖို့ ရှိတာပေါ့နော် လက်ရှိအခြေအနေအရ။"

ကိုရီးယားအစိုးရဟာ EPS အစီအစဉ်နဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆နိုင်ငံက ကျွမ်းကျင်မဟုတ်တဲ့ ပြည်ပအလုပ်သမား ၁၆၀,၀၀၀ (တသိန်းခြောက်သောင်း) ကျော်ကို ခေါ်ယူသွားဖို့ ပြင်ဆင်ထားတယ်ဆိုပြီး ၂၀၂၃ထဲမှာ ပြောထားတာပါ။ ၂၀၂၃ ထဲမှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံသား ၁၆,၀၀၀ (တသောင်းခြောက်ထောင်) လောက်ကို ခေါ်ယူခဲ့ပါတယ်။

အခု ၂၀၂၄ရဲ့ ပြီးခဲ့တဲ့ ၈လအတွင်းမှာ လုပ်သား ၆,၀၀၀ လောက် ခေါ်ယူထားပါတယ်။ အခုဒီဇင်ဘာလအကုန်မှာ လက်ကျန်အရေအတွက်ကို ခေါ်ယူသွားမယ်လို့လည်း ကိုရီးယားအလုပ်အကိုင် ဝန်ဆောင်မှု အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။

Forum

XS
SM
MD
LG