သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း NUG တိုးပေး


တောင်ကိုရီးယားနိုင်ငံ လဝကရုံးတခုမြင်ကွင်း
တောင်ကိုရီးယားနိုင်ငံ လဝကရုံးတခုမြင်ကွင်း

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေတဲ့ တက်ကြွ လှုပ်ရှားသူတွေ အပါအဝင် ဗီဇာအမျိုးမျိုးနဲ့လာကြတဲ့ မြန်မာနိုင် ငံသားတွေကို တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကိုယ်စားလှယ်ရုံးက နိုင်ငံကူး လက်မှတ် သက်တမ်းတိုးပေးခဲ့ပြီး ကိုရီးယား လူဝင်မှု ကြီးကြပ်ရေးရုံးကလည်း NUG က သက်တမ်းတိုးပေးထားတဲ့ နိုင်ငံကူးစာအုပ်တွေကို လက်ခံပြီး ဗီဇာ ထပ်ပေးခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသားတွေကဆိုပါတယ်။ ဒီလိုသက်တမ်းတိုးထားတဲ့သူ မြန်မာ ရာဂဏန်းနဲ့ ရှိနေပြီလို့လည်းသိရပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ မြန်မာနိုင်ငံကူးပတ်စပို့ သက်တမ်းကုန်နေတဲ့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် ဗီဇာအမျိုးမျိုးနဲ့လာကြတဲ့ မြန်မာနိုင်ငံသားများကို တောင်ကိုရီးယားနိုင်ငံ NUG ( အမျိုးသား ညီညွတ်ရေးအစိုးရ) ကိုယ်စားလှယ်ရုံးက နိုင်ငံကူး လက်မှတ် သက်တမ်းတိုးပေးခဲ့ကြောင်း ကိုယ်တိုင် သက်တမ်းသွားတိုးခဲ့တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတဦးက VOA ကို ပြောပါတယ်။

“၂၀၂၄ ၈လပိုင်းတုန်းက ကျနော်ကပတ်စပို့သက်တမ်းကုန်သွားတယ်ဗျ၊ ကျနော်လည်း ၂၀၂၁ ခုနှစ်ကတည်းက တကိုယ်တော်ဆန္ဒပြတာ အလှူခံပေးတာတွေ ထောက်ပို့လုပ်တာတွေလုပ်နေတာတွေဖြစ်တဲ့အတွက်ကြောင့် စကစ သံရုံးမှာ သူတို့ တွေလက်အောက်မှာ သက်တမ်းမတိုးဘူးဆိုပြီး ကျနော်တို့လှုံဆော်တယ်၊ ကိုယ်တိုင်လည်းသက်တမ်းမတိုးဘဲ အိုဗာစတေးနေလိုက်တာ ဒီကောင်တွေနဲ့မပတ်သက်ဘူးပေါ့၊ NUG ကလည်း သူတို့ဆီမှာသက်တမ်းမတိုးဖို့တွေလည်း သူတို့တွေက ပြောတယ် ဒီတော့ သူတို့ က NUG ကကော ဘာတွေလုပ်ပေးမလဲဆိုပြီး ကျနော်တို့က တိုက်တွန်းကြတယ် ၊ပြောလာတာရှိတယ် သူတိုဘက်ကလည်းကြိုးပမ်းကြတယ် NUG ကိုယ်စားလှယ်ရုံးမှာကျနော်တို့က သက်တမ်းသွားတိုးလို့ရတယ် ပြီးတော့ အင်ချွန်းလ၀ကမှာလည်း ၁၄ရက်အတွင်းအကြောင်းကြားတော့အဆင်ပြေခဲ့တယ်”

NUG ကိုယ်စားလှယ်ရုံးမှာသက်တမ်းသွားတိုးခဲ့ပြီး အင်ချွန်းလ၀ကရုံးမှာ သွားရောက်ပြီး အကြောင်းကြားတာကိုလုပ်ခဲ့ရာမှာ အနည်းငယ်စိုးရိမ်မူတွေရှိပေမယ့် အဆင်ပြေခဲ့တယ်လို့လည်း ဆက်ပြောပြပါတယ်။

အခုမှ သက်တမ်းတိုးပြီး လုပ်တော့ ဘာတွေများမေးမလဲဆိုတာစဉ်းစားသေးတယ် ဒါပေမယ့် ဘယ်လောက်အတိုင်းအတာထိနိုင်ငံရေးအရ ကိုရီးယားအစိုးရနဲ့ ဆက်စပ်မှု ရှိလဲဆိုတာလည်းကျနော်တို့ကအလုံးစုံမသိဘူး။ လ၀ကမှာသွားပြီး NUG ရုံးမှာပတ်စပို့သက်တမ်းတိုးထားတယ်လို့ပြောတာ နည်းနည်းတော့မသက်သာဖြစ်မှုတော့ရှိတာပေါ့နော်၊ ဒါပေမယ့် ဟိုရောက်တော့ (လ၀ကရောက်တော့) အေးအေးဆေးဆေးပါပဲ၊ နာရီဝက်အတွင်းသက်တမ်းတိုးတာ ပြီးမြောက်ခဲ့တာပေါ့နော်

အခုလိုမျိုး အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကနေ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးပေးနေတာ ၅ လ ခန့်ရှိပြီ ဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အလုပ်လာလုပ်သူတွေ၊ ကျောင်းသားတွေ စတဲ့ နယ်ပယ်အသီးသီးက မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေကို လုပ်ဆောင်ပေးနေတာပါ။

ဒီသက်တမ်းတိုးပေးလိုက်တဲ့ နိုင်ငံကူးစာအုပ်နဲ့ လိုအပ်တဲ့စာရွက်စာတမ်းအချက်အလက်တွေကို NUG ရုံးက လုပ်ဆောင်ပေးတဲ့အတွက် တောင်ကိုရီးယားလ၀ကရုံးမှာ ဗီဇာသက်တမ်းတိုးပြီးဆက်နေထိုင်လို့ရအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ကိုရီးယားရောက်မြန်မာတွေကဆိုပါတယ်။ ဒီနိုင်ငံကူးစာအုပ်နဲ့တော့နောက်ထပ် ပြည်ပနိုင်ံငံတွေကို ထွက်လို့မရသေးပေမယ့် တောင်ကိုရီယားနိုင်ငံမှာတော့ အဆင်ပြေစွာ နေထိုင်ရပ်တည်လို့ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG