သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PV အမျိုးအစားနိုင်ငံကူးလက်မှတ်နဲ့ အလုပ်မလုပ်ရလို့ စစ်ကောင်စီပြော


မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်

အလည်အပတ်သွားသူတွေအတွက် ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ် (Passport for Visit, PV) နဲ့ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက် လုပ်ကိုင်တာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၃ ရက်ထုတ်သတင်းစာတွေကနေ ထပ်မံကြေညာလိုက်ပါတယ်။ နိုင်ငံခြားသွားအလုပ်လုပ်ဖို့ဆိုရင် ပြည်ပအလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Passport for Job, PJ) နဲ့သာ ထွက်ခွာဖို့ ထပ်မံသတိပေးတာကြောင့် နိုင်ငံခြားထွက်မယ့်သူတွေ ပိုပြီးစစ်ဆေးခံရမှာကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကိုအခြေခံပြီး တင်ပြထားပါတယ်။

နိုင်ငံခြားသွားတဲ့ အကြောင်းအရင်းပေါ်အခြေခံပြီး နိုင်ငံကူးလက်မှတ် Passport ပုံစံ အမျိုးစုံလုပ်ထားတဲ့ မြန်မာနိုင်ငံမှာ အလည်ခရီးသွားသူတွေအတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား PV နဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်လို့ မရဘူးလို့ စစ်ကောင်စီက ထပ်မံပြောကြားလိုက်ပါတယ်။ PV နိုင်ငံကူး လက်မှတ်နဲ့ ပြည်ပအလုပ်အကိုင် ဗီဇာတွေ ယူပြီး လေကြောင်းနဲ့ ထွက်ခွာဖို့ လုပ်ကြတာကြောင့် ပြည်ပမှာ အလုပ်လုပ်မယ်ဆိုရင် ပြည်ပအလုပ်အကိုင် နိုင်ငံကူးလက်မှတ် အမျိုးအစား PJ နဲ့သာ ထွက်ခွာရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြည်ပ အလုပ်အကိုင်အတွက် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမား သက်သေခံကတ် (OWIC) ပါ လျှောက်ဖို့ လိုအပ်တယ်လို့လည်း ပြောထားပါတယ်။ အခုလို ထုတ်ပြန်ချက်ကြောင့် လေဆိပ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်လာမှာ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ နိုင်ငံခြားထွက်မယ့် လူငယ်တွေကို အရင်ထဲက တင်းကျပ်နေတာကြောင့် တာဝန်ရှိသူတွေကို ငွေပေးလာဘ်ထိုးနေရတဲ့ အခြေအနေကို လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတယောက်က ခုလိုပြောပြပါတယ်။

"စိတ်တော်တော်ညစ်ရတယ် တခေါက် သူတို့ပြောအပြီး လေဆိပ်မှာ စစ်မှုထမ်းရမယ့်အရွယ်တွေဆို ထွက်ဖို့ခက်သွားတယ်။ စိတ်ကြိုက်ခေါ်မေးခံရတယ်။ အမေးမခံချင် VIP လမ်းကြောင်းဝင်ရတယ်။ ငွေကုန်တာပေါ့ ခုတခေါက်ထပ်ထုတ်ပြန်တော့ ပိုကျပ်တော့မယ်ထင်တယ်။ သူတို့က စစ်မှုထမ်းမယ့်အရွယ် ထင်တဲ့သူတွေကိုဆို အလည်တောင်သွားခွင့်မပေးတာတွေကြုံဖူးတယ်။ တချို့ဆိုလေယာဉ်လက်မှတ်ဆုံး။ မဆုံးချင်သူတို့နဲ့ ညှိအဲလို သူတို့စားဖို့ ဂွင်ဖန်နေသလိုဘဲ။"

မဖြစ်မနေ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးတဲ့နောက် စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားတဲ့ အသက်အရွယ်တွေ နိုင်ငံပြင်ပထွက်ဖို့ ခက်ခဲမှုတွေရှိနေပါတယ်။ အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက် အလုပ်လုပ်တာတွေ မလုပ်ဖို့ သြဂုတ် ၁၅ ရက်နေ့ကလည်း စစ်ကောင်စီက ကြေညာချက်ထုတ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် ထုတ်ပြန်ပြီးနောက်ပိုင်းတုန်းကလည်း လေဆိပ်မှာ ပြည်ပထွက်ခွာသူတိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးခံခဲ့ရသလို တချို့တွေဆို ခရီးသွားခွင့် မပြုတာကြောင့် လေယာဉ်စရိတ်တွေအဆုံးခံရတဲ့အထိ ဖြစ်ခဲ့တာတွေရှိပါတယ်။ စစ်ကောင်စီ ဒီနေ့ထုတ်ပြန်ချက်မှာ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ ပြည်ပထွက်ဖို့ ကြိုးစားသူတွေဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ လေဆိပ်ကနေ ထွက်ခွာခွင့်မရတာတွေရှိတာကို စစ်ကောင်စီက ပြောထားပါတယ်။ စစ်ကောင်စီကန့်သတ်မှုတွေဟာ လူ့အခွင့်အရေးကိုပါ ထိခိုက်စေတယ်လို့ ရန်ကုန်မြို့ခံတယောက်က ဝေဖန်ပါတယ်။

"နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ခုချိန်မှာက ကျနော်တို့တိုင်းပြည်မှာက လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရတယ်အခြေအနေတခုဖြစ်နေတာပေါ့။ ကိုယ့် အိမ်တွင်းမှာက မငြိမ်မသက်ဖြစ်နေတယ်။လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေတယ် ကိုယ့်အိမ်မှာမနေချင်ဘူး။ တခြားတိုင်းပြည်တခုဆီမှာ အလုပ်သွားလုပ်ကြရတယ်။ သူတို့ကကျတော့ လက်နက်ကိုင်ပြီးတော့ အုပ်ချုပ်နေတဲ့စနစ်ဆိုတော့သူတို့မှာက လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိတော့ သူတို့ထင်သလို လုပ်မှာဘဲ ဒါကတော့သူတို့အာဏာရှင်စနစ်ရဲ့ လုပ်ရပ်ပါဘဲ။"

ပြီးခဲ့တဲ့ ဇွန်လကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် အမျိုးအစား PJ ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ်အမျိုးအစား PV ကို ပြောင်းရာမှာ ခြောက်လနဲ့အထက် သက်တမ်းရှိတာတွေကို စစ်ကောင်စီက ပြောင်းလဲခွင့် မပြုတော့ပါဘူး။ စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်၊ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီဥပဒေထုတ်ပြန်ပြီးနောက် လူငယ်အများအပြား ပြည်ပထွက်ဖို့ ကြိုးစားနေကြသလို အာဏာပိုင်တွေဘက်ကလည်း ပိုပြီးတင်းကြပ်မှုတွေ လုပ်နေပါတယ်။

Forum

XS
SM
MD
LG