သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလည်ဗီဇာနဲ့ ပြည်ပထွက်အလုပ်လုပ်သူများကို တားဆီးမည် 


ထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် ရှိထားရမယ့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားကဒ်ပြား။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် ရှိထားရမယ့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားကဒ်ပြား။ (ယခင်မှတ်တမ်းဓာတ်ပုံ)

နိုင်ငံကူးလက်မှတ်အလည်အပတ်ဗီဇာ (PV) ကိုင်ဆောင်ပြီး ပြည်ပထွက်ပြီး အလုပ်လုပ်နေသူတွေကို တားဆီးပိတ်ပင်သွားမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးက ပြောလိုက်ပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းအပြီးမှာ မြန်မာနိုင်ငံကလူငယ်လူရွယ်တွေဟာ အလည်အပတ်ဗီဇာလျှောက်ပြီး အနီးဆုံးအိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်တာကြောင့်ဖြစ်ကြောင်း အလုပ်သမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က မြန်မာပြည်ပ အလုပ်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေနဲ့တွေ့ဆုံချိန်မှာ အလည်အပတ်ဗီဇာတွေနဲ့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေသူတွေကို တားဆီးဖို့လုပ်ဆောင်ခဲ့တာပါ။ လူငယ်တွေဟာ အလည်ဗီဇာတွေနဲ့ ထိုင်းအပါအဝင်အိမ်နီးချင်းနိုင်ငံတွေကို ဘာကြောင့်ထွက်ခွါခဲ့သလဲဆိုတာကိုတော့ ပြည်ပကိုထွက်လာခဲ့သူ လူငယ်ကိုမောင်မောင်က အခုလိုပြောပါတယ်။

"အဓိကတော့ စစ်မှုထမ်းဥပဒေကြောင့် ထွက်လာကြတယ်။ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ အဲဒီ ဥပဒေထွက်ပြီးကတည်းက အကုန်လုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ထွက်ကြတယ်။ PJ သမားတွေကလည်း အလုပ်တွေအမြန်ရအောင်လုပ်ပြီး ထွက်လာကြတယ်။ PV သမားကလည်း ကိုယ့်အလုပ်အကိုင်တွေရှိရဲ့သားနဲ့ အလုပ်အကိုင်တွေကို နုတ်ထွက်ပြီး၊ စွန့်ပြီးထွက်လာကြတယ်။ အဲဒီလိုသဘောနဲ့ပဲ ဥပဒေတွေထွက်လာပြီးကတည်းက လူငယ်တွေက အဲဒီနည်းနဲ့ပဲ ထွက်လာကြတယ်။"

စစ်ကောင်စီအနေနဲ့ ဖေဖေါ်ဝါရီလက စစ်မှုထမ်းဥပဒေထုတ်တာကြောင့်ကော ပြည်ပထွက်ပြီးအလုပ်လုပ်ခွင့်ကိုလည်း ယာယီရပ်ဆိုင်းလိုက်တဲ့အတွက်ကြောင့်ပါ လူငယ်တွေအနေနဲ့ အခုလိုမျိုး အလည်ဗီဇာယူပြီး အလုပ်ထွက်လုပ်လို့ ကြိုးစားနေကြတာဖြစ်တယ်လို့လည်း Labor Rights Foundation က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်ကပြောပါတယ်။

"သူတို့ကလည်း လုံးဝကို အပြင်( နိုင်ငံခြား)ကို မထွက်စေချင်တာ။ ကျနော်တို့နိုင်ငံသားတွေကလည်းကိုယ့်နည်းကိုယ်ဟန်တွေနဲ့ ထွက်နေကြရတာ။ တရားဝင် MOU စနစ်တွေကလည်းတုံ့ဆိုင်းနေတဲ့အတွက်လည်း ထွက်လို့ရတဲ့အလည်ဗီဇာတွေနဲ့ထွက်ကုန်ရော၊ အိမ်ပြန်ဖို့လည်း အန္တရာယ်ရှိနေတာ။ လုံခြုံမူလည်းမရှိဘူး။ ဒီတော့ပန်းရောင်ကဒ် (အလုပ်လုပ်ခွင့်ကဒ်) တွေလည်း အလည်စာအုပ်မှာ ဗီဇာတွေပြောင်းထည့်။အဲဒါတွေလုပ်တဲ့အခါကျတော့ တင်းတင်းကြပ်ကြပ်ကိုယ်တွယ်လာတာပေါ့ဗျာ။"

ပြည်ပမှာ အလုပ်လုပ်မယ့်အလုပ်သမားတွေအနေနဲ့ စစ်ကောင်စီကို အခွန်ဆောင်ဖို့နဲ့ စစ်ကောင်စီသတ်မှတ်ထားတဲ့ဘဏ်ကနေ ငွေတွေကိုပို့ဆောင်ဖို့၊ အေဂျင်စီတွေကလုပ်ဆောင်ပေးဖို့တွေကိုလည်း ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ တရားဝင်မြန်မာအလုပ်သမားက ၂ သန်း၊ ၃ သိန်းကျော်ရှိပြီး တရားမဝင်အလုပ်သမားက တရားဝင်အလုပ်သမားတွေထက်၂ ဆပိုများနေတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောကြပါတယ်။

Forum

XS
SM
MD
LG