သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ဖို့ မလေးရှားစီစဉ်


မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရပုံ။ (အောက်တိုဘာ ၂၀၊ ၂၀၂၃)
မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရပုံ။ (အောက်တိုဘာ ၂၀၊ ၂၀၂၃)

အထောက်အထားမဲ့နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာသံရုံးတွေရဲ့ ထောက်ခံချက်နဲ့ နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို အခုလာမယ့်မတ်လ ၁ ရက် ကစပြီး လုပ်သွားမယ်လို့ မလေးရှားအစိုးရက ကြေညာထားပါတယ်။ အထောက်အထားမဲ့ နေထိုင်သူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း အများအပြား ရှိနေတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် နေရပ်ပြန်ချင်သူ နည်းပါးကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ အထောက်အထားမယ့်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထောင်ချတာတွေမလုပ်ဘဲ သက်ဆိုင်ရာသံရုံးရဲ့နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် (CI) နဲ့ မတ်လ ၁ ရက်ကစပြီး နေရပ်ပြန်ခွင့်ပေးသွားမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး (Saifuddin Nasution Ismail) က မကြာသေးခင်က အသိပေးထားပါတယ်။ စည်းကမ်းဖောက်ဖျက်မှုအတွက် ရင်းဂစ် ၃၀၀ ကနေ ၅၀၀ အထိ ဒဏ်ငွေအသီးသီး ပေးဆောင်ပြီးတာနဲ့ပြန်လို့ရမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အသက်ဝင်လာတဲ့အတွက် ပြန်ဖို့စီစဉ်ထားသူတွေတောင် စဉ်းစားရခက်တဲ့ အခြေအနေမျိုး ကြုံနေရကြောင်း မလေးရှားက မြန်မာလူမှုကူညီရေးအသင်းတခုရဲ့တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်တယ်။ သူတို့ မတ်လ ၁ ရက်မှာ တနိုင်ငံလုံး overstayတွေ ပြန်ခွင့်ပေးမယ်ပေါ့၊ အဲလိုပြောထားတယ်။ သူတို့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပြောတယ်။ အခုသူတို့က ကြော်ငြာတာနဲ့ ဒဏ်ကြေးပေးဆောင်ခတွေမှာ ရက်သတ် မှတ်တဲ့အခါမှာ တခါတည်း ကြော်ငြာပါလိမ့်မယ်။ ကျနော်တို့ အဲလိုပဲ ထင်ပါတယ်။ ဒါပေမဲ့ နောက်တချက်က အခု ကိုယ့်နိုင်ငံအနေအထားနဲ့ အခြေအနေနဲ့ သတင်းတွေလည်း ထုတ်လိုက်တဲ့အခါမှာ ပြန်ဖြစ်၊ မပြန်ဖြစ်ဆိုတာကတော့ နည်းနည်း တွေဝေနေကြပြီပေါ့ လူငယ်တွေက။ အဲလိုတော့ ဖြစ်နေပါတယ်။"

မလေးရှားအစိုးရကတော့ သူတို့အနေနဲ့ အခုလက်ရှိမှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ လယ်ယာနဲ့ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် နိုင်ငံခြားသားခေါ်ယူမှုက လိုအပ်ချက် ပြည့်မီနေပြီလို့ ပြောထားပါတယ်။ မြန်မာအများစုက ထိုင်းနိုင်ငံထက်စာလျှင် ဝင်ငွေပိုကောင်းတဲ့ မလေးရှားနိုင်ငံကို သွားချင်ကြပါတယ်။ အခြေခံအလုပ်တွေမှာ တလကို မလေးရှားရင်းဂစ်ငွေ ၂,၀၀၀ လောက်ရနိုင်ကြောင်း မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

"ဒီမှာ မလေးရှားအစိုးရ သတ်မှတ်ထားတာက basic လစာ ရင်းဂစ် ၁,၅၀၀ ကျန်တာကတော့ OT ပေါ့နော် အစိုးရသတ်မှတ်ထားတဲ့ စျေးနှုန်း ၁,၅၀၀ နဲ့ ၂,၀၀၀ ကြားပေါ့နော်။ အခုပေါက်စျေးအရဆိုရင် ၁၅ သိန်း ဝန်းကျင်ပေါ့နော်။ ပြီးခဲ့တဲ့နှစ်တွေကတော့ အဲလိုမျိုး CI ဖွင့်ပြီဆိုရင် ပြန်မဲ့သူကများတယ်၊ အခုကတော့ ကျနော်တို့အထင်ပေါ့နော် နည်းသွားမယ်ပေါ့နော်၊ ဒီမှာကတော့ 'O' သမား (Overstay) တွေ အများကြီးရှိတာပဲ။ သူ့ဟာနဲ့သူ အပြင်သွားတာပြုတာ သိပ်မလုပ်ဘူးပေါ့နော်၊ တချို့ဆိုလည်း လေးငါးဆယ်နှစ်တောင်ရှိပြီ။ အဲလိုပဲ 'အို' သမားတွေ အဆင်ပြေတဲ့သူ ပြေတာပဲပေါ့နော်။"

UNHCR ရဲ့ အခု ၂၀၂၄ ဇန်နဝါရီလစာရင်းအရဆိုရင် မလေးရှားမှာ ဒုက္ခသည် လျှောက်ထားသူဦးရေ ၁၈၆,၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၁၆၃,၀၀၀ ကျော်က မြန်မာနိုင်ငံကလို့ ဆိုပါတယ်။ တချို့သတင်းတွေကတော့ မလေးရှားမှာ မြန်မာနိုင်ငံသား သုံးသိန်းကျော်လောက် နေထိုင်နေကြပြီး ၂၀၂၁ နောက်ပိုင်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အများအပြားရှိနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG