သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း UNHCR ရုံးရှေ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆန္ဒပြ


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးနဲ့ အလုပ်လုပ်ခွင့်တို့အတွက် ဘန်ကောက်မြို့ UNHCR ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ မြန်မာအလုပ်သမားများ။ (ဇူလိုင် ၇၊ ၂၀၂၄/ ဓာတ်ပုံ-Bright Future)
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးနဲ့ အလုပ်လုပ်ခွင့်တို့အတွက် ဘန်ကောက်မြို့ UNHCR ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ မြန်မာအလုပ်သမားများ။ (ဇူလိုင် ၇၊ ၂၀၂၄/ ဓာတ်ပုံ-Bright Future)

ကုလသမဂ္ဂနဲ့ ထိုင်းဝန်ကြီးချုပ်တို့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးနဲ့ အလုပ်လုပ်ခွင့်တို့အတွက် အချက် ၃ ချက်ကို ဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေက ဇူလိုင်လ ၇ ရက်နေ့မှာ UNHCR ရုံးရှေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတောင်းဆိုချက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် Certificate of Identity(CI) ထုတ်ပေးတဲ့စင်တာ တွေအားလုံးကို ဇူလိုင် ၇ ရက်မှာပိတ်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့ပြီးတဲ့နောက် ဇူလိုင် ၇ ရက်နေ့မှာပဲ ဘန်ကောက်က UNHCR ရုံးရှေ့မှာ မြန်မာအလုပ်သမားတွေစုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒပြပွဲကိုဦးဆောင်တဲ့ Bright Future အဖွဲ့က အချက် ၃ ချက်တောင်းဆိုခဲ့တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုစူရတ်ဂီရိကအခုလိုပြောသွားပါတယ်။

"ကျနော်တို့က ယူအန်ရုံးရှေ့မှာဆန္ဒထုတ်ဖော်ဖြစ်တာပေါ့နော်။ အဓိက အချက်ကတော့ ၃ ချက်ရှိတာပေါ့နော်။ ကျနော်တို့ကပန်းရောက်ကဒ်တခုတည်းနဲ့အလုပ်လုပ်မယ်နေမယ်၊ စီအိုင်မလုပ်ဘူးပေါ့။ ဒုတိယအချက်က နယ်စပ်မှာရှိတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုတွေလုပ်ပေးဖို့။ တတိယအချက်တော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ပြဿနာတွေကို NUG အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဖြေရှင်းပေးဖို့တောင်းဆိုပါတယ်။"

မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ်Certificate of Identity (CI) ထုတ်ပေးတဲ့စင်တာတွေကိုပိတ်ပြီး မြန်မာသံရုံးမှာပဲ ဒီစာအုပ်တွေထုတ်ရမယ်ဆိုရင် အခက်အခဲရှိနိုင်တယ်လို့လည်း သူကဆက်ပြောပြပါတယ်။

"စီအိုင်ရုံးတွေပိတ်တာကတော့ ၈ ခုလုံးပိတ်ထားမယ်။ ဒါပေမယ့် အခု ၅ ရက်နေ့က စာပြန်ထုတ်တာကတော့ ဆာမွန်ဆာခွန်းမှာတော့ ခဏတဖြုတ် ပြန်ဖွင့်ပေးထားမယ်။ သံရုံးကို လာပြီးလုပ်ရမယ်။ အဲဒါကအခက်အခဲအများကြီးတွေ့မယ်။ ကျနော်တို့က သံရုံးကိုလာရင် နယ်ကျော်လာရမယ်။ ခက်ခဲမှုတွေရှိတယ်။ အလုပ်တွေနားပြီးလာရမယ်။ ကားခတွေကုန်မယ်။ ပွဲစားကိစ္စတွေက ပိုပြီးကုန်မယ်။ မင်းအောင်လှိုင်တို့က ကျနော်တို့ကို အခက်ခဲဖြစ်အောင်လုပ်တယ်။ ကျနော်တို့က ထိုင်းဝန်ကြီးချုပ်ကိုတောင်းဆိုတာပေါ့နော်။"

အလုပ်သမားတွေဆန္ဒပြတောင်းဆိုမှုုတွေထဲမှာ ထိုင်းဘက်ကလုပ်ပေးတဲ့ပန်းရောင်ကဒ်တခုတည်းနဲ့ အလုပ်သမားလက်မှတ်တွေကိုသာပြုလုပ်ပေးဖို့၊စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့၊ စစ်ကောင်စီကိုမြန်မာအလုပ်သမားတွေ လွှဲပြောင်းပေးနေရတဲ့ အခွန်ဆောင်နေရတဲ့ကိစ္စတွေကို ရပ်တန့်ပေးဖို့တွေလည်းတောင်းဆိုခဲ့တယ်လို့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG