သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာအလုပ်သမား တရားဝင်နေခွင့် နှစ်ဘက် အစိုးရစီစဉ်


ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ နွားခြံလို့ပြောပြီး ကြံခင်းကိုပို့ခံရပြီး ညှင်းပမ်းခံနေရသူ မြန်မာအလုပ်သမား ၁၄ ယောက်ကို ထိုင်းတာဝန်ရှိသူတွေနဲ့အတူ ကယ်ဆယ်ခဲ့ပုံ။ (မတ်လ ၆၊ ၂၀၂၃/ ဓာတ်ပုံ- HRDF)
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ နွားခြံလို့ပြောပြီး ကြံခင်းကိုပို့ခံရပြီး ညှင်းပမ်းခံနေရသူ မြန်မာအလုပ်သမား ၁၄ ယောက်ကို ထိုင်းတာဝန်ရှိသူတွေနဲ့အတူ ကယ်ဆယ်ခဲ့ပုံ။ (မတ်လ ၆၊ ၂၀၂၃/ ဓာတ်ပုံ- HRDF)

ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့ နေထိုင်နေတဲ့မြန်မာအလုပ်သမားတွေအတွက် ထိုင်းအစိုးရက တရားဝင်နေထိုင်ခွင့်အလုပ်သမားကဒ်ထုတ်ပေးသလို မြန်မာအစိုးရကလည်း အထောက်အထားလက်မှတ် (CI) စာအုပ်တွေထုတ် ပေးလိုက်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအဖို့ တော့ အထောက်ထားနဲ့နေခွင့်ရလာပေမဲ့ အလုပ်ကိုင်ကောင်းတွေ ရှားပါးလာနေသလို အခွန်ကြီးမြင့်တဲ့ပြဿနာကြောင့် အခက်ကြုံနေကြရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းအစိုးရက ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူတွေများလာတဲ့အတွက် ဖြေလျှော့ဥပဒေအနေနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေက အလုပ်သမားအားလုံးကို တရားဝင်နေထိုင်ခွင့်အလုပ်သမား လက်မှတ်တွေ လုပ်ပေးလိုက်ပါတယ်။ ဒီလက်မှတ်လုပ်အပြီး မြန်မာဘက်ကလည်း တရားဝင်သွားလာလို့ရအောင်ဆိုပြီး မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားစာအုပ် ( CI) တွေကိုပါ ထုတ်ပေးခဲ့ပါတယ်။ ထိုင်ဘတ်ငွေ တသောင်းခွဲကနေ နှစ်သောင်းကျော်ထိကုန်ကျတဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံရဲ့ အထောက်အထားလက်မှတ်တွေကို အလုပ်သမားတွေက လုပ်မှသာ ထိုင်းနိုင်ငံထဲမှာတရားမဝင် နေထိုင်သွားလာခွင့်အလုပ်လုပ်ခွင့်ရမှာပါ၊ အဲဒီနောက် မြန်မာစစ်ကောင်စီဘက် အလုပ်သမားတွေရဲ့လုပ်အားခရဲ့ နှစ်ရာခိုင်နှုန်းကို အခွန်ကောက်မယ်လို့ ကြေညာထားပါတယ်။ အလုပ်သမားလက်မှတ်ရှိပြီးသားလူတွေကလည်း အခွန်ဆောင်နေရပြီး အခုမှအသစ်စလုပ်ရတဲ့ လက်မှတ်အထောက်အထားမပြည့်စုံသေးတဲ့သူတွေကလည်း CI စာအုပ်လုပ်ပြီဆိုကတည်းက အခွန်တွေပါတွဲပြီး ဆောင်ရတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူဦးအောင်ကျော်က အခုလို ပြောပါတယ်။

"အခွန်ကောက်တဲ့ကိစ္စလို့ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ (မြန်မာဘက်က) သူတို့ဘက်က ဝင်ငွေခွန်ကောက်ခံမယ်လို့ ကြေညာလိုက်တာပါ။ အခုချိန်ကနေစပြီး စာအုပ်လုပ်သူအားလုံးကလည်း ပြီးခဲ့တဲ့အောက်တိုဘာကစပြီး တွက်ချက်ပြီး တလကို ၁၅၀ နှုန်း ကောက်တာပါ။ အကယ်လို့ CI လုပ်တဲ့သူဒီထက်နောက်ကျပြီးမှလုပ်ရင်လည်း တလနောက်ကျတိုင်း ၁၅၀ ကို ထပ်မံတိုးမြှင့်ပြီး ကောက်မှာပါ။ လောလောဆယ် CI တန်ဖိုးက 7/11 မှာသွင်းရင်တော့ ၇၁၀ ပါပဲ။ အမိန့်စာထုတ်ပြီး ဝင်ငွေခွန်ထုတ်ပြန်ပြီး နှစ်ရာခိုင်နှုန်းကောက်ခံမယ်၊ အကျုံးဝင်ပြီလို့ တရားဝင်ပြောပြီးတဲ့အချိန်ကစပြီး လေးလကြာရင် ၆၀၀ ပါ။ ၇၁၀ နဲ့ပေါင်းရင် ၁,၃၁၀ ဖြစ်တာပါ။ ဒါကလည်း တသတ်မတ်တည်းမဟုတ်ပါဘူး။ တလနောက်ကျတိုင်း ၁၅၀ ထပ်တိုးနေမှာပါ။"

ထိုင်းရောက်မြန်မာတွေဟာ အခုလိုမျိုး ဘတ်ငွေနှစ်သောင်းလောက် (မြန်မာငွေ ကျပ် သိန်း ၂၀) လောက်အကုန်ခံပြီး လုပ်ရတဲ့အထောက်အထား လက်မှတ်တွေလုပ်ရပေမယ့် အလုပ်လက်မဲ့ဖြစ်နေတာတွေ၊ အလုပ်အကိုင်မကောင်း၊ ဝင်ငွေမရှိတာတွေ၊ အခွန်ကောက်ခံတာတွေ၊ နောက်ထပ်လည်း PJ လို့ခေါ်တဲ့ အနီရောင်စာအုပ်နဲ့နိုင်ငံကူးလက်မှတ်ပြန်လုပ်ရမယ့် အဆင့်ဆင့်လုပ်ငန်းစဉ်တွေကြောင့်ကော ဖိအားတွေဖြစ်နေတာပါ။ မကြာခင် ဖေဖေါ်ဝါရီလ ၁၀ ရက်ကထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေရဲ့ဖိအားတွေပါ ထပ်ဖြစ်လာတာကြောင့် တရားမဝင်အထောက်အထားမဲ့တွေအဖြစ် နေကြမယ့်သူတွေများလာနိုင်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းကလည်း ပြောပါတယ်။

"အခုဆိုရင် စစ်မှုထမ်းဥပဒေဆိုတာ ပေါ်လာတယ်။ နောက်ပိုင်းဆိုရင် ထိုင်းရောက်မြန်မာနိုင်ငံသားတွေက နေထိုင်ခွင့် ပတ်စပို့စ်တွေမတိုးတော့ဘဲ ကြုံသလိုပဲနေထိုင်သွားကြမယ့်အခြေအနေမျိုးတွေကို ဖြစ်လာနိုင်တယ်။ တချို့ အဲဒီလိုဖြစ်နေပြီး ပတ်စပို့သက်တမ်းတိုးရမယ်၊ အခွန်တွေလည်းပေးရမယ်။ ပြီးရင်လည်း စစ်မှုထမ်းရမယ်၊ ပုံစံမျိုးစုံနဲ့ဖိအားတွေကြောင့် ထိုင်းရောက်မြန်မာတွေဟာ ပတ်စပို့သက်တမ်းတွေမတိုးတော့ဘဲ ပုံစံမျိုးစုံနဲ့လက်မှတ်မရှိဘဲ (Without) သဘောမျိုးနေကြမယ့်အခြေအနေမျိုးတွေကို ကျနော်တို့တွေ့ရတယ်။"

ထိုင်းအစိုးရက တရားမဝင် အထောက်အထားမဲ့တွေအတွက် ဖြေလျှော့ပြီး အလုပ်သမားလက်မှတ်လုပ်ပေးပြီးတဲ့နောက်မှာ မြန်မာဘက်ကလည်း မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ်တွေကို ထိုင်းနိုင်ငံကနေရာ ၅ ခုမှာ စင်တာဖွင့်လုပ်ခဲ့သလို နေရာ ၃ ခုမှာတော့ Mobile ယူနစ်လေးတွေဖွင့်ပြီး လုပ်ပေးတာဖြစ်တယ်လို့လည်း ဦးအောင်ကျော်ကပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ တရားဝင်အထောက်အထားလုပ်ကြတဲ့ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃,၄၁၅,၇၇၄ (သုံးသန်း လေးသိန်းကျော်ရှိပြီး) တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား စုစုပေါင်း - ၂,၃၇၉,၇၆၄ (၂သန်း ၃သိန်းကျော်ရှိနေပါတယ်)။ ဒီထဲမှာ မြန်မာကအများဆုံးဖြစ်ပြီး တရားမဝင် အထောက်အထားမရှိတဲ့မြန်မာတွေလည်း နှစ်သန်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG