သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ပြည်ပထွက်သူ မြန်မာလူငယ်တွေ တိုးလာနိုင်ကြောင်း အကဲခတ်တွေခန့်မှန်း


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

ပြည်ပထွက်ခွာမဲ့ မြန်မာနိုင်ငံသားတွေကို အကန့်အသတ်နဲ့ စစ်ဆေးမှုတွေကြောင့် တရားမဝင် ထွက်ခွာသူတွေ တိုးလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ တရားဝင် အလုပ်သွားလုပ်တဲ့ သူတွေကိုလည်း လစဉ်အခွန်ပေးဆောင်ဖို့ စစ်ကောင်စီက ဖိအားပေးနေတာဟာလည်း တရားမဝင် ထွက်ခွာမယ့်သူတွေ ပိုများလာနိုင်တဲ့ အကြောင်းရင်းတခု ဖြစ်နေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ခွာခွင့် အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

အလုပ်သမားစာချုပ်နဲ့ တရားဝင် အလုပ်သွားလုပ်သူတွေကို အခွန်၂၅ရာခိုင်နှုန်း လတိုင်းဆောင်ရမယ်ဆိုတဲ့ ဖိအားပေးမှုတွေကြောင့် နောက်ပိုင်းမှာ တရားမဝင် အလုပ်သွားလုပ်ချင်တဲ့ အရေအတွက်က ပိုများလာနေကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ထိုင်း-မြန်မာ နှစ်ဖက်အဖမ်းအဆီးတွေ ကြားမှာပဲ အလုပ်ရှာဖို့ ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်လာသူတွေ နေ့တိုင်းရှိနေကြောင်း AAC မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

၂၀၁၁ ခုနှစ်ဝန်းကျင်မှာ မြန်မာနိုင်ငံသား အများပြား ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးခံခဲ့ရပါတယ်။ ဒီလိုအခြေအနေကို ပြန်ပြီး ရောက်နိုင်တယ်လို့လည်း သူကခန့်မှန်းပါတယ်။

" အခု ထိုင်းအစိုးရကလည်း ဖမ်းတယ်၊ ဖမ်းတာသိသိနဲ့ မြန်မာဘက်ကလည်း နေလို့မရတော့ ဝင်တာပေါ့။ ထိုင်းက ခန့်မှန်းခြေဆိုရင် ကျနော်တို့ဒီဘက်က ထိုင်းNGOတွေ ခန့်မှန်းချက်ဆိုရင် တော်လှန်ရေးကာလမှာ ၃သန်းလောက် ပြည်တွင်းကနေ ဒီဘက်ကို ယိုဆင်းလာတယ်ပေါ့နော်၊ တနှစ်ကို တသန်းလောက် ဒီဘက်ကို စီးဆင်းလာတယ်။ အလွှာပေါင်းစုံပေါ့။ အခုလောလောဆယ် အနေအထားကတော့ တော်တော်ကြီးကို အခြေအနေ စိုးရိမ်စရာ ဖြစ်တာပေါ့ဗျာ။"

အသက် ၃၁ နှစ်အောက် အမျိုးသားတွေကိုတော့ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက အခုနှစ် မေလကတည်းက ပိတ်ထားပါတယ်။ အလည်အပတ် နိုင်ငံကူးလက်မှတ် အမျိုးအစားနဲ့ ပြည်ပထွက်မဲ့ လူငယ်တွေကိုလည်း ထွက်ခွင့်မပေးဘဲ လေဆိပ်မှာ ပိုပြီးစစ်ဆေး၊ တင်းကျပ်လာပါတယ်။ ဒီရက်ပိုင်းမှာလည်း အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာမဲ့ လူငယ်အများအပြား လေဆိပ်မှာ တားမြစ်ခံရကြောင်း တချို့ကလည်း ပြောပါတယ်။

ပြည်ပသွားချင်တဲ့ အကြောင်းရင်ကို အထောက်အထား အပြည့်အစုံ မပြောနိုင်ဘူးဆိုရင်တော့ တရားဝင်ထွက်နိုင်ဖို့ ခက်ခဲကြောင်း လူငယ်တဦးကပြောပါတယ်။

" ထွက်လို့ရတဲ့သူကတော့ ထွက်နေကြတာပေါ့နော်၊ သူ့လမ်းကြောင်းနဲ့ သူကတော့။ လုံးဝ မရဘူးတော့ မဟုတ်ဘူးဗျသိလား။ ကိုယ့်ဘက်က ဘယ်လိုထွက်မလဲဆိုတာ သေချာ လမ်းကြောင်းနဲ့ ထွက်မှ ဖြစ်မှာ။ အခုအချိန်က သူတို့ကစပြီးတော့ သတ်မှတ်တဲ့အချိန်ဆိုတော့ အရေးကြီးတယ် ဆိုရင်တောင်မှ အချိန်လေးနည်းနည်း နောက်ဆုတ်ပြီးတော့ ထွက်ရင်တော့ ပိုကောင်းတယ်။ ဘယ်ကိုသွားမယ် ဘာညာပေါ့၊ ခိုင်ခိုင်လုံလုံရှိရမယ် အဲလိုမျိုး။"

နိုင်ငံကူးလက်မှတ်ကို အလုပ်အကိုင်အမျိုအစား (PJ) ကနေ အလည်အပတ် အမျိုးစား (PV) ကို ပြန်ပြောင်းမယ်ဆိုရင် ခက်ခဲကြောင်း၊ ငွေကြေးအမြောက်အများ ပေးပြီးလုပ်ရကြောင်း လူငယ်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီလို ဖိနှိပ်မှုတွေကြောင့် အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနဲ့ မလေးရှားကို တရားမဝင်သွားသူတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီကို သတင်းဌာနတချို့က မေးမြန်းရာမှာ - ပြည်ပမှာ အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှတ် - OWIC ကို အလုပ်သမားဝန်ကြီးဌာနမှာ လျှောက်ထားသူတွေနဲ့ ပြည်ပကို အလည်အပတ်နဲ့ ဆေးကုသဖို့ သွားလိုတဲ့ PV စာအုပ် ကိုင်ဆောင်ထားသူတွေကို ထွက်ခွာခွင့်ပြုနေကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က ပြန်လည် ဖြေကြားထားပါတယ်။


UNDP ရဲ့ ၂၀၂၃ ခုနှစ်က စစ်တမ်းတခုမှာ မေးမြန်းခဲ့တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား ၂၂၀၀ ကျော်မှာ ၃၇ ရာခိုင်နှုန်းက အထောက်အထားမဲ့ နေထိုင်နေသူတွေ ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ အထောက်အထားမရှိတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ရက်ပေါင်း ၈၀ လောက်မှာ လူပေါင်း ၂၀၈,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲမှာ ၁၅၅,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းအစိုးရကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG