သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ MOU လုပ်သားတွေကို မြန်မာစစ်ကောင်စီအခွန်တင်းကြပ်


ထိုင်းအစိုးရဘက်ကထုတ်ပေးတဲ့ အလုပ်လုပ်ခွင့် ပန်းရောင်ကဒ်
ထိုင်းအစိုးရဘက်ကထုတ်ပေးတဲ့ အလုပ်လုပ်ခွင့် ပန်းရောင်ကဒ်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ကြမယ့် MOUလုပ်သားများအနေနဲ့ ဩဂုတ်လ ၁ ရက်က စပြီး စစ်ကောင်စီသတ်မှတ်ထားတဲ့ သတ်မှတ်ထားတဲ့ဘဏ်တွေကနေ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို လွှဲပြောင်း ထားတဲ့ အထောက်အထားတွေပြမှသာ ထိုင်းနိုင်ငံဘက်ကို ပြန်လည်သွားရောက်အလုပ်လုပ်ခွင့်ရမယ် လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနလက်အောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဇူလိုင်လ ၃၀ ရက် နေ့က အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်ကြမယ့်သူတွေအနေနဲ့ ဩဂုတ်လ ၁ ရက်နေ့ကစပြီး အခြေခံလစာ (၃) လစာ (ခန့်မှန်း ဘတ် ၂၄,၀၀၀) ရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် (၆,၀၀၀) ကို သတ်မှတ်ထားတဲ့ဘဏ်ကနေ တရားဝင် လွှဲပြောင်းပေးပို့ထားကြောင်း အထောက်အထားပြသမှသာ ဆက်လက် အလုပ်လုပ်ခွင့်ရမယ်လို့ အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့တာပါ။ ဒါကတော့သက်တမ်းတိုးရာမှာ တင်းကြပ်ခဲ့တာဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

၂၀၂၄ ဩဂုတ်လ ၁ ရက်နေ့ကစပြီး ထိုင်းရောက် MOU လုပ်သားတွေ PJ လိုခေါ်တဲ့အလုပ်လုပ်ခွင့် ပတ်စ်ပို့ စာအုပ်ကိုင်ဆောင်ထားတဲ့အလုပ်သမားတွေက သူတို့ စာရွက်စာတမ်းသက်တမ်းတိုးတဲ့အခါ မြန်မာနိုင်ငံကနေ တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက စေလွှတ်တဲ့အလုပ်သမားတွေဟာ ဝင်ငွေခွန်ရဲ့ ၂ ရာခိုင်နှုန်း အခွန်ဆောင်ပြီးကြောင်း ပြေစာတခု၊ နောက် မိသားစုကိုသတ်မှတ်ထားတဲ့ဘဏ်ကနေ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း ပို့ထားတယ်ဆိုတဲ့ပြေစာတခုကို ပြရမယ်။ အဲဒီ ပြေစာ ၂ ခုပြမှ OWIC (Oversea Workers Identity Card ကို ထုတ်ပေးမှာဖြစ်တယ်

ဒီလုပ်သားတွေဟာ ထိုင်းမှာ အလုပ်ရှိပြီးသားတွေဖြစ်ကြပြီး ၄ နှစ်ပြည့်လို့ စာရွက်စာတမ်းတွေ သက်တမ်းတိုးတဲ့ အခါမှာ MoU U-turn စနစ်နဲ့ မြ၀တီနဲ့ကော့သောင်းဘက်ကစင်တာတွေမှာ နေ့ချင်းပြီး သွားရောက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုစာရွက်စာတမ်းတွေသက်တမ်းတိုးတဲ့အခါမှာ ငွေလွှဲထားကြောင်း သက်သေတွေမပြဘူးဆိုရင်တော့ ထိုင်းဘက်ကို ပြန်လွှတ်ပေးတာတွေကိုမလုပ်ပေးတော့ဘူးလို့လည်း ဆိုပါတယ်။

ထိုင်းကိုသွားရောက်လုပ်ကိုင်မယ့် အလုပ်သမားအသစ်တွေအနေနဲ့လည်း အဲဒီ သတ်မှတ်ချက်တွေကို လိုက်နာပါမယ့်အကြောင်း တချို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ခံဝန်ကတိ ထိုးခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဦးမိုးကြိုးကဆက်ပြောပြပါတယ်။

“ထိုင်းကိုရောက်တဲ့အခါမှာ ဝင်ငွေခွန်ရဲ့ ၂ ရာခိုင်နှုန်း ဆောင်ပါမယ်ဆိုတာရယ်၊ မိသားစုကိုလည်း သတ်မှတ် ထားတဲ့ဘဏ်ကနေ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပို့ပါမယ်ဆိုတာကို ခံဝန်ကတိထိုးရတယ်။ ပြီးတော့ MOU အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်တောင်းထားတယ်။ သတ်မှတ်ရက်မှာ အဲဒီအေဂျင်စီတွေက အလုပ်သမားတွေရဲ့အချက်အလက်ပေးရင်လည်း အေဂျင်စီတွေကိုဖျက်သိမ်းတဲ့အထိ အရေးယူမယ်လို့လည်း ပြောထားပါတယ်။”

အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ တရားဝင်အလုပ်သမား ၂ သန်း ၃ သိန်းကျော်ရှိပြီး အခုလို တင်းကြပ်လာတဲ့အတွက် သက်တမ်းမတိုးတော့ဘဲ တရားမဝင်အလုပ်သမားတွေအဖြစ် ဆက်လက်နေထိုင်ံကြမယ့်သူတွေလည်း ရှိလာပါတယ်။ ထိုင်းနိုင်ငံထဲကအလုပ်သမားတွေကတော့ ထိုင်းအစိုးရဘက်ကထုတ်ပေးတဲ့ ပန်းရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်သမားလက်မှတ်နဲ့သာ အလုပ်လုပ်ခွင့်ပြုဖို့လည်း ထိုင်းအစိုးရကိုတောင်းဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG