သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီထောက်ခံမှုမလိုတဲ့ ပန်းရောင်ကဒ်ကိုသာ လက်ခံဖို့ ထိုင်းအစိုးရကို မြန်မာအလုပ်သမားတွေ တောင်းဆို


Bright Future အဖွဲ့နဲ့ ထိုင်းလွှတ်တော်အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ MR. SARITPONG KIEWKONGတွေ့ဆုံ (ဇူလိုင် ၁၇၊ ၂၀၂၄)
Bright Future အဖွဲ့နဲ့ ထိုင်းလွှတ်တော်အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ MR. SARITPONG KIEWKONGတွေ့ဆုံ (ဇူလိုင် ၁၇၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ မြန်မာ ရွှေပြောင်းအလုပ်သမားတွေအတွက် စစ်ကောင်စီရဲ့ ထောက်ခံစာမပါပဲ ထိုင်းအစိုးရက ထုတ်ပေးတဲ့ အလုပ်လုပ်ကိုင်ခွင့် ကဒ်တခုတည်းကိုပဲ ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာ့အလုပ်သမားအရေးတက်ကြွသူတချို့က ထိုင်းလွှတ်တော် ကို ဒီကနေ့ သွားရောက်ပေးအပ်ခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

မြန်မာစစ်ကောင်စီဘက်က ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား လက်မှတ်လုပ်စရာမလိုပဲ ထိုင်းအစိုးရက ထုတ်ပေးတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ်တခုတည်းနဲ့သာ အလုပ်လုပ်ခွင့်ပြုဖို့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတွေကသွားရောက်တောင်းဆိုခဲ့ကြတာပါ။ ထိုင်းလွတ်တော်ကိုသွားရောက်တောင်းဆိုခဲ့သူ Bright Future အဖွဲ့က တာ၀န်ခံ ကိုစူရတ်က သူတို့ တောင်းဆိုချက်တွေကို အခုလို ဗွီအိုအေကိုပြောပါတယ်။

"ဒီနေ့က အလုပ်သမားကော်မတီကို စာပေးတာပေါ့ ဗျာ၊ အလုပ်သမားကော်မတီက ဥက္ကဋ္ဌ ကိုယ်တိုင်စာလာယူတာပေါ့ဗျာ ကျနော်တို့ရဲ့တောင်းဆိုချက်ကတော့
CI ( မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားစာအုပ်) မဟုတ်ပဲ ပန်းရောင်ကဒ် (ထိုင်းကထုတ်ပေးတဲ့အလုပ်လုပ်ခွင့်လက်မှတ်)နဲ့ပဲနေတော့မယ် ၂၅% ကလည်း စစ်ကောင်စီက တောင်းဆိုသလိုမဖြတ်ဘူးပေါ့၊ စီအိုင်လည်းမလုပ်ဘူး၊ အနီရောင်ပတ်စပို့လည်းမလုပ်ဘူး။ အရင်လိုပဲသွားမယ် အရင်တုန်းကလို့ပန်းရောင်ကဒ်တခုတည်းနဲ့ လုပ်ကြမယ်ဆိုပြီး ကျနော်တို့ကလာပြီးတောင်းဆို တင်ပြတာပေါ့နော်။"

ထိုင်းလွှတ်တော်အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ကို မြန်မာအလုပ်သမားရေးလှုပ်ရှားသူတွေက သွားရောက်တွေ့ဆုံပြီး တောင်းဆိုခဲ့တာဖြစ်ပြီး အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဆာရီဖုန် ခရိုခုန် ကတော့ဘယ်လိုတုန့်ပြန်သလဲဆိုတာကိုလည်း ကိုစူရတ်က အခုလိုပြောပါတယ်။

"ဥက္ကဋ္ဌကတော့သူက ပြောလာပါတယ်၊ ကျနော်တို့ရဲ့အချက်အလက်တွေ ဒီစာကိုလက်ခံပြီးမှ ဆက်ပြီးအလုပ်လုပ်သွားမယ် အဲဒါကို ဥပဒေအရလည်းဆက်ဆွေးနွေးသွားမယ် နောင်ကျနော်တို့အဖွဲ့တွေကို လည်းခေါ်ပြီးဆွေးနွေးမယ် ၊ပြီးတော့ အစိုးရကိုတင်ပြမယ် အစိုးရကတဆင့်ပြန်ပြောပြမယ်ပေါ့။"

ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ လစာရဲ့ ၂၅% ကို မြန်မာနိုင်ငံက ဘဏ်တွေကိုတရားဝင်လွှဲ ပြောင်းပေးဖို့ နဲ့အလုပ်သမားတွေအနေနဲ့ တိုင်းပြည်ကိုအခွန်ဆောင်ဖို့ကို မြန်မာစစ်ကောင်စီဘက်ကတော့ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ပြည်တွင်းအေဂျင်စီတွေနဲ့တွေဆုံချိန်မှာလည်း MOU လုပ်သားတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ထပ်ပြီးသတိပေးတာတွေလည်းရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အပြီး စီးပွားရေးနလံမထူနိုင်သေးတာတွေကြောင့် ထိုင်းနိုင်ငံထဲမှာအလုပ်အကိုင်အခွင့်အလမ်းတွေ ရဖို့လာကြတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်တွေအဆင်မပြေတာတွေနဲ့ ဥပဒေနဲ့ အညီမဟုတ်ပဲ လုပ်အားခမရကြတာတွေ စတဲ့ အခက်အခက်ခဲတွေရင်ဆိုင်နေရကြောင်း အလုပ်သမားရေးလှုပ်ရှားတက်ကြွသူတွေကပြောပါတယ်။

Forum

XS
SM
MD
LG