မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းအဆမတန် တက်လာနေချိန် အလုပ်သမားတွေအတွက် တရက်တာလုပ်ခလစာ အနိမ့်ဆုံး ၆,၈၀၀ ကျပ် အဖြစ် စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ လက်တွေ့မှာ ပြေလည်နိုင်မှာမဟုတ်ဘူးလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။ အခြေခံလုပ်ခလစာ အနည်းဆုံးအခကြေးငွေ တနေ့ကို ကျပ် ၁ သောင်း ဝန်းကျင် ရမှသာ အခုကာလ ကုန်ဈေးနှုန်းနဲ့ စားသောက်နိုင်မယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကိုအခြေခံပြီး တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ်လ (၁)ရက်နေ့ကစပြီး တရက်တာလုပ်ခလစာ အနိမ့်ဆုံး ၆,၈၀၀ ကျပ်အဖြစ်တိုးမြှင့် လိုက်ကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံအလုပ်သမားရေးဌာနကနေ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာကို အနည်းဆုံးအခကြေးငွေ ကျပ် ၄,၈၀၀ သတ်မှတ်ထားပြီး၊ ထောက်ပံ့ကြေးအဖြစ် ကျပ်ငွေ ၁,၀၀၀ကို တိုးမြှင့်သတ်မှတ်ခဲ့တာပါ။ အခု ဩဂုတ်လ ၁ ရက်နေ့ကစပြီး ထောက်ပံ့ငွေ နောက်ထပ် ၁,၀၀၀ ကျပ် တိုးမြှင့်လိုက်တဲ့အတွက် တရက်တာလုပ်ခလစာ အနိမ့်ဆုံး ၆,၈၀၀ ကျပ်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလုပ်ခလစာနှုန်းဟာ အခုကာလ ကုန်စျေးနှုန်းကြောင့် လောက်ငတဲ့ပမာဏကို ရရှိကြတာမဟုတ်ဘူးလို့ စက်ရုံလုပ်သား သမဂ္ဂဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။
"ဩဂုတ်လ ၁ရက်နေ့ကမှ စပြီးတော့ ဒီ ၁,၀၀၀ က တိုးပေးတာဆိုတော့ ၉ လပိုင်း ၅ ရက်နေ့ကျမှ ပါ၊ မပါကို သိကြရမှာ။ ဘယ်လိုလုပ် လောက်မှာတုန်း။ သူအခု ၃သောင်းတိုးပေးတယ် ဆိုတာကလည်း ဘယ်လိုနည်းနဲ့မှ လောက်တဲ့အနေအထား တခုမဟုတ်ဘူးလေ။ အရင်တုန်းက ၃သောင်းတိုးပေးတယ်။ အဲဒီ ၃သောင်းတိုးပေးတာကိုမှ ထပ်ပြီးတက်လာတယ်။ အခု ၃သောင်းထပ်တိုးပေးတယ်။ သူ ၃သောင်း ထပ်တိုးပေးလိုက်တဲ့ အခြေအနေမှာ အခုစားအုန်းဆီ တပိဿာစျေးက သိတဲ့အတိုင်းပဲ။ ဆန်တွေကလည်း လူလတ်တန်းစားတွေ စားတဲ့ဆန်ဆိုတာ အလုပ်သမားတယောက်ရဲ့ တနေ့တာလုံး အလုပ်လုပ်တဲ့ ၅,၈၀၀ တန်ဖိုးနဲ့ညီမျှတဲ့ ဆန်ကိုစားနေရတာ။ တနေကုန်လုပ်မှ ဆန်တပြည်လောက်ပဲ ဝယ်လို့ရတာ။ ကျန်တဲ့ဆေးဝါးတွေ၊ စားသောက်ဖို့ လိုအပ်တာတွေက ဘာမှတောင် မဝယ်နိုင်ဘူး။ ဒီဆန်တပြည်ဝယ်ဖို့ အတွက်တောင်မှ တနေကုန် အလုပ်လုပ်ရတာလေ။ အဲလိုဖြစ်နေတာဆိုတော့ ဘယ်လိုနည်းနဲ့မှ ဒါလောက်ငှတဲ့ အနေအထားမဟုတ်ဘူး။ တကယ့်လက်တွေ့မှာ Day ကြေး အမှန်တကယ် တိုးပေးမယ်ဆိုရင်တော့ OT ကြေးပါ တိုးလာမှာမို့လို့ အလုပ်သမားတွေအတွက်က လုံလောက်တဲ့ စားဝတ်နေထိုင်မှုတခု ဖြစ်လာလိမ့်မယ်လို့တော့ မျှော်လင့်တယ်။"
အလုပ်ချိန် ၈ နာရီအပြည့်အတွက် လုပ်အားခ အပြည့်အဝ မရတာမျိုးအပြင် အချိန်ပို ဆင်းခိုင်းပြီး အခမဲ့ စေခိုင်းတာမျိုးလည်း တချို့လုပ်ငန်းခွင်တွေမှာ ရှိပါတယ်။ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေ ချိုးဖောက်ခံနေရချိန်မှာ အခုလို တရားဝင်သတ်မှတ်ထားတဲ့ တနေ့တာလုပ်အားခ နှုန်းထားကလည်း မလုံလောက်ဘူးလို့ ပြောပါတယ်။
"အခြေခံလုပ်ခလစာ ၁ သောင်းလောက်အထိ ရနေမှ ဒီ OTတွေ ဘာတွေနဲ့ တိုးမှာနဲ့ဆို သိသိသာသာပြောင်းလဲမှု တခုဖြစ်လာမှာပေါ့နော်။ အခုက ကုန်စျေးနှုန်းက ဒီလောက်ထိ မြင့်တက်နေပါတယ်ဆိုမှ ဒါတိုးသွားတာက အရမ်းကြီး သိသိသာသာ ပြောင်းလဲသွားတာမှ မဟုတ်တာ။"
တချို့လုပ်ငန်းခွင်တွေမှာတော့ အရင်ကတည်းက တနေ့တာလုပ်အားခကို ကျပ်ငွေ ၆,၈၀၀ ပေးထားတဲ့အတွက် အခုလို ကျပ်ငွေ ၁,၀၀၀ တိုးမြှင့်သတ်မှတ်လိုက်ချိန်မှာ အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။ လက်တွေ့မှာ တနေ့တာလုပ်အားခ ကျပ် ၁ သောင်း ရမှသာ အခုကာလမှာ စားသောက်နေထိုင်နိုင်မယ်လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။
"ပုံမှန်ကတော့ ၄,၈၀၀ ရယ်၊ ၁ထောင် ထပ်တိုးပေးထားတော့ ၅,၈၀၀။ အဲဒါကို ကျနော်တို့စက်ရုံက ၁ထောင် ထပ်တိုးပေးတော့ ၆,၈၀၀ ဖြစ်သွားပြီ။ အဲလိုတိုးထားတာက ၄၊ ၅ လလောက်တော့ ကြာသွားပြီ။ လောက်တာတော့ မလောက်ဘူး။ အနည်းဆုံး ၁သောင်းလောက်တော့ ဖြစ်သင့်တာပေါ့။ Day ကြေး ၁သောင်းဖြစ်မှသာလျင် အလုပ်သမားတွေရဲ့ စားဝတ်နေရေးကအစ၊ စုဆောင်းတာကအစ နည်းနည်းအဆင်ပြေတာပေါ့။ အခုက ၆,၈၀၀ နဲ့က ဘာမှမထူးပါဘူး၊ ဒီအတိုင်းပါပဲ။ စျေးနှုန်းပဲ တက်သွားလိမ့်မယ်၊ လစာက တက်မလာဘူး၊ အဲလိုဖြစ်နေတယ်။ ကျပ် ၁သောင်းတော့ ဖြစ်သင့်တယ်။"
နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့အတူ စက်ရုံလုပ်ငန်းခွင်တွေ ပုံမှန်လည်ပတ်နိုင်ဖို့ ခက်ခဲလာသလို၊ အလုပ်သမားတွေရဲ့ ဝင်ငွေကလည်း လက်ရှိ ကုန်ဈေးနှုန်းနဲ့ မမျှမတ အခက်ကြုံနေကြရပါတယ်။ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့် ခေါင်းပုံဖြတ်ခံရတာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းကာလ မတိုင်ခင်ကတည်းက အခြေခံလုပ်သား အများစုရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတာပါ။ ကိုဗစ်ကပ်ရောဂါဘေးကနေ နာလန်ပြန်မထူနိုင်ချိန် အာဏာသိမ်းမှု ထပ်ပြီးကြုံတွေ့ရလို့ နောက်ဆက်တွဲ မတည်ငြိမ်မှုတွေနဲ့ လူမှုစီးပွား အကျပ်အတည်းတွေဟာ အောက်ခြေလုပ်သားတွေအတွက် ပိုပြီး ထိခိုက်စေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။
Forum