သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံလုပ်သား အခြေခံရပိုင်ခွင့် အချိုးဖေါက်ခံနေရ


This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor

စက်ရုံလုပ်သား အခြေခံရပိုင်ခွင့် အချိုးဖေါက်ခံနေရ

အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ တနေ့တာ ၅,၈၀၀ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ပေး လိုက်ပေမယ့် အချိန်ပိုကြေးကိုတော့ အရင်သတ်မှတ်နှုန်းထားအောက် ပြန်လျှော့ချ လိုက်တယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။ လုပ်ခလစာ အနည်းငယ်သာ ရနေတဲ့ အခြေခံလုပ်သားတွေ အတွက် အခုလိုထပ်ပြီး လျှော့ချတာဟာ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် အဆင်မပြေဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုရဲမွန်က ပြောပြမှာပါ။

အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ တနေ့တာ ၄,၈၀၀ ကျပ် သတ်မှတ်ထားတာကနေ အခု နိုဝင်ဘာလကစပြီး ၅,၈၀၀ ကျပ်အဖြစ် အလုပ်သမားရေး ဝန်ကြီးဌာနက ပြောင်းလဲသတ်မှတ် လိုက်တာပါ။ အလုပ်ရှင်တွေဘက်က အခုလကစပြီး ၅,၈၀၀ ကျပ် ပြောင်းလဲပေးတာ ရှိပေမယ့် အချိန်ပိုကြေးကိုတော့ ပြန်ပြီး လျှော့ချလိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ကုန်ဈေးနှုန်း တိုးလာနေချိန်မှာ အခြေခံလုပ်ခလစာ အနည်းငယ်သာရတဲ့ အလုပ်သမားတွေအတွက် ပိုပြီးအခက်တွေ့ စေတယ်လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။

"အခု ၁,၀၀၀ မတိုးခင် အားလုံးက ဝိုင်းတောင်းဆိုချိန်မှာ ၅,၆၀၀ ရခဲ့တယ်။ OT ကြေးက ၁,၄၀၀ ရတယ်။ အခု ၁,၀၀၀ တိုးပေးတယ်ဆိုပြီး သတ်မှတ်လိုက်တဲ့ အချိန်မှာတော့ ၅,၈၀၀ ပေးတယ်။ ဒါပေမဲ့ OT ကြေးက ၁,၂၀၀ ပြန်ဖြစ်သွားတယ်။ အတူတူနဲ့ အနူနူပဲ။ သူတို့တွေက ဘာကိုတိုးပေးမှန်းလည်း မသိဘူး။ အမှန်တကယ်ဆိုရင် Day ကြေးဆိုရင် ဘယ်လောက်၊ OT ကြေးဆို ဘယ်လောက်၊ ရက်မှန်ကြေးက ဘယ်လောက်ဆိုပြီး အဆင့်ဆင့် သတ်မှတ်ပေးရမှာ။ အခုဟာက သူတို့က OT ကြေးလည်းမဟုတ်၊ Day ကြေးလည်းမဟုတ်၊ ဒီအတိုင်း အပိုကြေးဆိုပြီး ၁,၀၀၀ တိုးပေးတဲ့ အခါကျတော့ အလုပ်ရှင်တွေနဲ့ လက်ဝါးရိုက်ပြီး လုပ်ထားတဲ့ အနေအထားမျိုးပဲ ဖြစ်နေတာပေါ့။ တိတိကျကျ ဖြစ်စေချင်တယ်။ Day ကြေးတိုးရင် တိုးသလောက် OT ကြေးလည်း တိုးစေချင်တယ်။ ဒါမှလည်း အလုပ်သမားတွေက အဆင်ပြေမှာ။ ဘာကြောင့်လဲဆိုတော့ ကုန်ဈေးနှုန်းတွေက ကျသွားတယ်မရှိဘူး၊ တက်လာတာပဲရှိတယ်။"

တနေ့တာ အလုပ်ချိန် ၈ နာရီအတွက် အနည်းဆုံးအခကြေးငွေ ၄,၈၀၀ ကျပ်ကို ၂၀၁၈ ခုနှစ်တုန်းက အတည်ပြုခဲ့တာဖြစ်ပြီးတော့ ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အလုပ်သမားတွေ ဝိုင်းပြီးတောင်းဆိုချိန်မှာ ၅,၆၀၀ ကျပ်အဖြစ် ပြီးခဲ့တဲ့ လပိုင်းမှာ စက်ရုံတချို့က ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ အချိန်ပိုကြေးက ၁,၄၀၀ ကျပ် ဖြစ်ခဲ့တာပါ။ အခုလကစပြီး ၅,၈၀၀ သတ်မှတ်လိုက်ချိန်မှာ တော့ အချိန်ပိုကြေးကို ၁,၂၀၀ ကျပ် ပြန်လျှော့လိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အရင်ကတည်းက ရှိခဲ့တာ ဖြစ်ပြီး၊ အခုနောက်ပိုင်းမှာတော့ ပိုဆိုးလာတယ်လို့ စက်ရုံလုပ်သားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ အလုပ်ရှင် ခရီးသွားနေချိန်ဖြစ်လို့ အခုလကစပြီး သတ်မှတ်လိုက်တဲ့ တနေ့တာ အခကြေးငွေကို တိုးပြီးမရသေးသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် အချိန်ပိုဆင်းရတဲ့ လုပ်ခလစာကိုလည်း လျှော့ချပေးတာမျိုး ရှိတယ်လို့ တရုတ်အထည်ချုပ် စက်ရုံမှာ လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

"သူတို့ အဲလိုမျိုး ၅,၈၀၀ ပေးတယ်ဆိုရင် OT ကြေးက တိုးသွားရမှာ မဟုတ်ဘူးလား။ သူတို့ လျှော့လိုက်တာကို ပြောချင်တယ်။ ဒါပေမဲ့ အခု သူတို့တွေက အခုလောလောဆယ်မှာ အော်ဒါမရှိဘူးဆိုပြီးတော့ အလုပ်ပိတ်ထားတာတွေလည်း ရှိတယ်။ တချို့တဝက်ကို Day ကြေး ၃,၀၀၀ ပေးပြီး ပိတ်ထားတယ်။ သူတို့သဘောနဲ့ သူတို့ အဲဒီလိုမျိုး ပိတ်လိုက်၊ ဖွင့်လိုက်၊ OT တွေကို အမျိုးမျိုးလျှော့လိုက်နဲ့ အလုပ်သမားဘက်ကပဲ လျှော့နေတာ။ တကယ်တော့ အော်ဒါမရှိတာက အလုပ်ရှင်ရဲ့ လိုအပ်ချက်လေ။ အဲဒါကို ဘယ်ဌာနကိုမှလည်း အကြောင်းမကြားဘဲနဲ့ အလုပ်သမားတွေကို အမျိုးမျိုးလုပ်နေတာ အဆင်မပြေဘူး။ နေ့နဲ့ညနဲ့ ချိန်းပြီးတော့ အလုပ်ဆင်းခိုင်းတာမျိုးတွေ ရှိတယ်။ နေ့ဘက်ကိုနား၊ ညဘက်ကို အပြတ်ဆင်းပေး။ အဲလို တနေကုန် တညလုံး ဆင်းခိုင်းပြီးတော့ နောက်နေ့ပိတ်တဲ့ဟာကိုလည်း Day ကြေးပေးမယ် ဆိုပြီးတော့ အလုပ်သမားတွေ ဆင်းတဲ့အခါမှာ Day ကြေးလည်း မပေးတော့ဘူး။ အဲအတွက် OT ကြေးပဲ ပေးမယ်ဆိုပြီး Day ကြေးထဲက ပြန်နှုတ်တာမျိုးတွေလည်း ရှိတယ်။"

အခြေခံလုပ်ခ လစာအပြည့်အဝ မရတာအပြင်၊ တရားဝင်သတ်မှတ်ထားတဲ့ တနေ့တာ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပြီး၊ အချိန်ပိုကြေး ထပ်ဆောင်းမပေးဘဲ အလုပ်ခိုင်းတာတွေက အခု နောက်ပိုင်းမှာ ပိုပြီးကြုံတွေ့လာတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းကာလ နောက်ပိုင်းမှာ လုပ်သားဈေးကွက် ကျဆင်းမှုနဲ့အတူ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ပိုပြီးဆုံးရှုံးလာတာပါ။ တချို့စက်ရုံတွေ ပိတ်သိမ်းလိုက်ချိန်မှာ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ လုပ်သားတွေဟာ နစ်နာကြေး မရတာမျိုးလည်း ရှိပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ကိုဗစ်ကပ်ရောဂါဘေးကနေ နာလန်ပြန်မထူနိုင်ချိန် အာဏာသိမ်းမှု ထပ်ပြီးကြုံတွေ့ရလို့ နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လူမှုစီးပွား အကျပ်အတည်းတွေက လုပ်သားဈေးကွက်ကို ထိခိုက်စေခဲ့တာပါ။ အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား ကဏ္ဍစုံမှာ ထိခိုက်ကျဆင်းလာတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ကလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG