သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပမြန်မာအလုပ်သမားတွေ ဘဏ်ကနေငွေလွှဲဖို့ စစ်ကောင်စီဖိအားပေး


မြန်မာနိုင်ငံကနေ ပြည်ပကို တရားဝင်စာချုပ်နဲ့ အလုပ်သမားစေလွှတ်တာကို ၂၀၂၂၊ မေလမှာ ပြန်ပြီး စတင်ခဲ့ပြီး အများစုက ထိုင်းနဲ့ မလေးရှားနိုင်ငံမှာ အလုပ် လုပ်ကိုင်ကြပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို တရားဝင်စာချုပ်နဲ့ အလုပ်သမားစေလွှတ်တာကို ၂၀၂၂၊ မေလမှာ ပြန်ပြီး စတင်ခဲ့ပြီး အများစုက ထိုင်းနဲ့ မလေးရှားနိုင်ငံမှာ အလုပ် လုပ်ကိုင်ကြပါတယ်။

မြန်မာစစ်ကောင်စီဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ငွေလွှဲစနစ်တွေကနေ အိမ်ပြန်လွှဲကြဖို့ ဒီသီတင်းပတ် အစောပိုင်း သြဂုတ်လ ၆ ရက် (အင်္ဂါနေ့က) ထပ်မံ ဖိအားပေးလာပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေစျေးနှုန်း ပြင်ပပေါက်စျေးတွေ တနေ့တခြား တက်လာတဲ့အတွက် အများစုက ငွေပိုရတဲ့ ဟွန်ဒီစနစ်ကိုပဲ အဓိက အသုံးပြုနေကြတာပါ။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြည်ပကို MoU စနစ်နဲ့ စေလွှတ်လိုက်တဲ့ မြန်မာအလုပ်သမားတွေကို ဘဏ်စနစ်ကနေ ငွေပြန်လွှဲဖို့ စစ်ကောင်စီက ဖိအားပေးနေပေမဲ့လည်း မြန်မာဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းဟာ ပြင်ပစျေးထက် အဆမတန် လျော့နည်းနေကြောင်း မြန်မာအလုပ်သမားတွေက ပြောပါတယ်။ ဒါကြောင့် စျေးပိုရတဲ့ ပြင်ပ ဟွန်ဒီငွေလွှဲတွေကိုပဲ အားကိုးနေရကြောင်း ထိုင်းနဲ့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေက ပြောပါတယ်။

လစာရဲ့ ၂၅ ရာခိုင်နှုန်းကို အိမ်ပြန်ပို့ပါမယ်ဆိုတဲ့ ကတိကဝတ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကစပြီး ပြည်ပထွက်ခွာတဲ့ အလုပ်သမားတိုင်း စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ရတာပါ။ အဲဒီနောက်ပိုင်းသွားတဲ့ အလုပ်သမားတွေထဲက ငွေပြန်မလွှဲတဲ့သူတွေရဲ့ စာရင်းကို တင်ပြပေးရမယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေကို စစ်ကောင်စီဘက်က အခု ဩဂုတ်လ ၆ ရက်မှာ ထပ်ပြီး ဖိအားပေးထားတာပါ။ စာရင်းမပြနိုင်ဘူးဆိုရင်တော့ အေဂျင်စီရော၊ အလုပ်သမားရော နှစ်ဘက်စလုံးကို အရေးယူသွားမယ်လို့လည်း ပြောပါတယ်။

ငွေလဲနှုန်း အဆမတန် ကွာဟနေလို့ နိုင်ငံခြားဘဏ်ကနေ ပြည်တွင်းဘဏ်ကို လွှဲမယ်ဆိုရင် အလုပ်သမားတွေနစ်နာကြောင်း အေဂျင်စီတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပြပါတယ်။

" ဘာပြဿနာတက်နေလဲဆိုတော့ ဗဟိုဘဏ် rate နဲ့ အပြင်ပေါက်စျေးနဲ့က ကွာနေတာ။ ကလေးတွေက နာတယ်ထင်တယ်၊ နောက်ပြီး ရှုပ်တယ်ထင်ပြီး မလွှဲကြတာ။ သူတို့လွှဲလိုက်တဲ့ ပိုက်ဆံတွေရဲ့ စာရင်းကိုလည်း ကလေးတွေကို ကျနော်တို့အေဂျင်စီတွေက ပြန်တောင်းတယ်၊ အစိုးရတောင်းနေတာ အဲ စလစ်ကို တောင်းနေတာ။ တလဘယ်လောက်လွှဲတယ် လွှဲလိုက်တဲ့ မိတ္တူလေးကို အေဂျင်စီက ပြန်တောင်းပြီး မောင်ဘယ်သူက ဘယ်လောက်လွှဲပါတယ် ကျနော်တို့က ပြန်တင်ပေးရတာ။ အဲဒါကို ကလေးတွေက ပြန်မပေးဘူးဖြစ်နေတာ၊ ပြန်ပေးဖို့ ခက်နေတာပေါ့နော်။ အလုပ်သမားကို သူက ချက်ချင်းအရေးယူလို့မရဘူး၊ မရတော့ အေဂျင်စီကို အရေးယူမယ်လို့ပဲပြောတာ။ အလုပ်သမားကို သူတို့ အရေးယူချင်ရင် အနည်းဆုံး ကလေးတွေက ဗီဇာသက်တမ်း ရှိသေးတော့ ပြန်လာမှာ မဟုတ်ဘူးလေ။"

ငွေလွှဲကိစ္စကို သေချာမလုပ်ပေးတဲ့ အေဂျင်စီတချို့ကိုလည်း စစ်ကောင်စီအရေးယူထားပါတယ်။ အလုပ်သမားတဦးချင်းစီရဲ့ ငွေလွှဲကိစ္စကို အေဂျင်စီတွေဘက်က တာဝန်ယူပေးရတဲ့အတွက် အဆင်မပြေကြောင်း အလုပ်သမား အေဂျင်စီတွေဘက်က ပြောပါတယ်။

" အေဂျင်စီတွေဘက်က အကုန်ဒုက္ခရောက်တာပေါ့ဗျာ၊ ဒီပိုက်ဆံက အလုပ်သမားက လွှဲရမဲ့ပိုက်ဆံပေါ့ဗျာ။ အေဂျင်စီက လွှဲရမဲ့ပိုက်ဆံ မဟုတ်ဘူး။ ထားပါတော့ ILO Law မှာကြတော့ ကျနော်တို့က ကလေးတွေကို အကြွေးစနစ်နဲ့ ပို့လိုက်တယ်ဆိုရင်တောင်မှ အဲဒီအကြွေးကို ကျနော်တို့က သူဌေးဆီကနေ ဖြတ်ချလို့မရဘူး တိုက်ရိုက် ကလေးတွေကို လခပြန်ပေးပြီးတော့မှ ကျနော်တို့ကို ကလေးတွေက တိုက်ရိုက်ပြန်ပေးရတယ်။ ဖြတ်ယူလို့မရဘူး။ သူတို့လွှဲချင်တဲ့အခါလည်း လွှဲမယ်၊ မလွှဲချင်တဲ့အခါလည်း မလွှဲဘူးပေါ့ဗျာ။"

ဩဂုတ်လ ၉ ရက် ညနေပိုင်းမှာတော့ ပြင်ပစျေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၆,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ စင်္ကာပူ တဒေါ်လာကို ၄,၂၀၀ကျပ်ကျော်၊ ထိုင်းငွေတဘတ်ကို ၁၇၀ ကျော်၊ မလေးရှား တရင်းဂစ်ကို ၁,၃၀၀ ကျော်နဲ့ တရုတ်ငွေ တယွမ်ကို ၈၀၀ကျပ်ကျော်အထိ ရှိနေပါတယ်။ တရုတ်နယ်စပ်မှာ အလုပ်ရှင်တွေက လစာကို ယွမ်ငွေမပေးတော့ဘဲ မြန်မာကျပ်ငွေနဲ့ ရှင်းပေးတဲ့အထိ မြန်မာကျပ်ငွေက တန်ဖိုးကျဆင်းနေကြောင်း ဒေသခံတွေက ပြောပြကြပါတယ်။

Forum

XS
SM
MD
LG