သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ


ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့မှာရှိတဲ့ Shangcheng အထည်ချုပ်စက်ရုံရှေ့ မြန်မာအလုပ်သမားတွေဆန္ဒပြနေစဉ် (မတ် ၂၀၊ ၂၀၂၄)
ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့မှာရှိတဲ့ Shangcheng အထည်ချုပ်စက်ရုံရှေ့ မြန်မာအလုပ်သမားတွေဆန္ဒပြနေစဉ် (မတ် ၂၀၊ ၂၀၂၄)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်က အလုပ်သမားအခွင့်အရေးတချို့ကို ရဖို့ ဆန္ဒပြ တောင်းဆိုနေကြပြီး အလုပ်သမား ၂၀၀ လောက်ကို စက်ရုံပိုင်ရှင်တွေက နေရပ် ပြန်ပို့လိုက်ပါတယ်။ ဒါဟာ တရုတ်မှာ မြန်မာ အလုပ်သမားတွေ ဆန္ဒပြတာဟာ ပထမဆုံးဖြစ်ကြောင်း အလုပ်သမားရေးရာ အဖွဲ့အစည်းတချို့က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကိုအခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့မှာရှိတဲ့ Xinjiahao Clothing Technology နဲ့ Shangcheng အထည်ချုပ်စက်ရုံနှစ်ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်လောက် ဆန္ဒပြနေပြီး တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ အလုပ်ရှင်ကို တောင်းဆိုနေကြပါတယ်။ ဒီလိုတောင်းဆိုနေပေမဲ့ အလုပ်ရှင်က တောင်းဆိုချက်တခုကိုသာ အနည်းငယ် ဖြေလျှော့ပေးခဲ့ပြီး ဦးဆောင်တယ်လို့ ယူဆရတဲ့ အလုပ်သမား ၂၀၀ လောက်ကို တနင်္လာနေ့က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံက စက်ရုံတွေမှာ မြန်မာအလုပ်သမားတွေ အခုလို ဆန္ဒပြတာကို ပထမဆုံးအကြိမ် မြင်ရတာဖြစ်ကြောင်း မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (NLF-Myanmar) ရဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေ က ဗွီအိုအေကို ပြောပါတယ်။

အလုပ်ချိန်ကို တိတိကျကျ သတ်မှတ်ပေးဖို့၊ ခရီးစရိတ် ယွမ် ၃၀၀ ကို ၂၀၀ ပဲဖြတ်တောက်ဖို့၊ အချိန်ပိုကြေးပေးဖို့၊ အလုပ်သမားနဲ့ မျှတတဲ့ စံချိန်ကိုပဲ ထုတ်လုပ်ခိုင်းဖို့၊ ရက်မှန်ကြေးအပါအဝင် အခြေခံလစာ ယွမ် ၁,၅၀၀ ပေးဖို့၊ တနင်္ဂနွေနေ့တိုင်း အလုပ်ပိတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

" အလုပ်ရှင်ဘက်က တရုတ်ရဲတွေကို ခေါ်ထားတာရှိတယ်၊ ခေါင်းဆောင်တွေကို ထွက်ခိုင်းတာမှာ အလုပ်သမားတွေက မထွက်ရဲကြဘူး၊ သူများနိုင်ငံလည်းဖြစ်တော့။ အဲဒါနဲ့ All super တွေနဲ့ ခေါ်ညှိကြတယ်ပေါ့နော်။ အလုပ်သမားတွေကို တောင်းဆိုနေတဲ့ဟာတွေ ရပ်ခိုင်းတယ်၊ အဲဒီအချက်ထဲမှာ တချက်ပေါ့နော် တရုတ်ပြည်ကို သူတို့ရောက်တာက လစာထုတ်တဲ့အခါကြရင် တလကို ယွမ် ၃၀၀ ဖြတ်မယ်ဆိုပြီး ပြောထားတဲ့ဟာပေါ့နော်၊ အဲဒါကို အလုပ်သမားတွေက လက်မခံဘူး ယွမ် ၃၀၀ မဖြတ်ဖို့ ပြောတဲ့အခါမှာတော့ ယွမ်၂၀၀ပဲဖြတ်မယ်ဆိုပြီး ပြောတာပေါ့နော်။ အဲတခုပဲ အဆင်ပြေခဲ့တယ်။ ကျန်တဲ့အချက်တွေက အဆင်မပြေဘူး။ အဲဒါနဲ့ အလုပ်ရှင်က သူတို့မကျေနပ်တဲ့ အလုပ်သမားတွေကို ပြန်ပို့တာ။ လက်ရှိမှာ အလုပ်သမား ၁၀၀ကျော်၊ ၂၀၀ နီးပါးရှိသွားပြီပေါ့နော် ပြန်ပို့တာ။ ကျမတို့ အဖွဲ့အချုပ်အနေနဲ့က ဒါ ပထမဦးဆုံး သတင်းဖြစ်တယ်ပေါ့နော်။"

အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သတ်ပြီး တရုတ်လုပ်ငန်းရှင်တွေကို မေးမြန်းဖို့ VOA က ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။

ကိုဗစ်အတားအဆီးတွေကို ဖြေလျှော့ပြီးတဲ့နောက် ယူနန်အစိုးရက မြန်မာ အလုပ်သမားတွေကို ပြန်ပြီး လက်ခံခဲ့တာပါ။ အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ အခက်အခဲတွေကြောင့် တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်နေကြပေမဲ့လည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အခက်အခဲတွေ ကြုံနေရကြောင်း အလုပ်သမားတွေက လူမှုကွန်ရက်ကတဆင့် ဗွီအိုအေကို ဆက်သွယ်ပြောခဲ့ကြပါတယ်။

တရုတ်နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ
please wait

No media source currently available

0:00 0:02:46 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG