သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ အွန်လိုင်းငွေလုပ်ငန်းက တရုတ်နိုင်ငံသား ၁၅၀ နီးပါး နေရပ်ပြန်ပို့


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးစဥ်။ (ဖေဖေါ်ဝါရီ ၂၉၊ ၂၀၂၄/VOA)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ ပြန်ပို့ပေးစဥ်။ (ဖေဖေါ်ဝါရီ ၂၉၊ ၂၀၂၄/VOA)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ပထမအသုတ် အဖြစ် ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်းမှာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံကတဆင့် တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ပထမအသုတ်အနေနဲ့ ထိုင်း-မြန်မာနယ်စပ်ကနေ China Southern Airlines လေကြောင်းလိုင်းလေယာဉ် ၃ စင်းနဲ့ စတင်ပို့ပေးလိုက်ပါတယ်။ ဒီလိုပြန်ပို့တာနဲ့ပတ်သက်လို့ ထိုင်းဒုရဲချုပ် ဆူရချေ့ဟတ်ဖန်က အခုလိုပြောသွားပါတယ်။

"အခုတကြိမ်ကတော့ တရုတ်နိုင်ငံအစိုးရက တိုက်ရိုက်ကိုင်တွယ်ပြီး စစ်ဆေးတွေ့ရှိချက်အရ မြဝတီဘက်မှာရှိတဲ့ လောင်းကစားနဲ့အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ Call center တွေမှာ တရုတ်နိုင်ငံသားတွေ ခိုင်းစေခံရတာကို တွေ့ရှိခဲ့တာပါ။ ဒီအတွက် ထိုင်းနဲ့မြန်မာအာဏာပိုင်တွေညှိနှိုင်းပြီး အားလုံးကို သူတို့နိုင်ငံတွေဆီ ပြန်ခိုင်းတဲ့အစီစဉ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေကို မြဝတီကနေ မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်အထိ ဘတ်စ်ကားအစီး ၃၀ နဲ့ ပို့ခဲ့ပြီး မဲဆောက်ကနေ တရုတ်နိုင်ငံကိုပို့မှာဖြစ်ပါတယ်" လို့ ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတားအမှတ် ၂ ကနေ မြန်မာဌာနဆိုင်ရာ တာဝန်ရှိသူတွေက တရုတ်နိုင်ငံသားတွေကို တရားဝင်လွှဲပြောင်းခဲ့ပြီး ထိုင်းဘက်ကတော့ ထိုင်းလဝကနဲ့ တရုတ်အာဏာပိုင်တွေက လွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်။ ပထမအသုတ်ဖြစ်တဲ့ တရုတ်နိုင်ငံသား ၁၄၉ ယောက်ကို လေယာဉ် ၃ စင်းနဲ့ပို့ခဲ့ပြီး ကျန်တဲ့သူတွေကိုလည်း တရုတ်နိုင်ငံကို ဆက်ပို့ဆောင်သွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပေမဲ့ ထိုင်းနိုင်ငံဥပဒေအရ အရေးမယူဘဲ တရုတ်လေယာဉ်နဲ့ မဲဆောက်လေဆိပ်ကနေ ဘန်ကောက်လေဆိပ်၊ အဲဒီနောက် တရုတ်နိုင်ငံထိ ဆက်လက်ပို့ဆောင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေကို ကရင်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားပြီး လူ ၉၀၀ ကျော်နေတဲ့အတွက် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ အသုတ်လိုက် ခွဲပို့မှာဖြစ်ပါတယ်။ ဒီထဲမှာ ထိုင်းနိင်ငံသား ၉၂ ဦးကိုလည်း ပြန်လွှဲပြောင်းသွားမယ်လို့ဆိုပါတယ်။ အွန်လိုင်းကနေ လိမ်လည်ခံရသူအများစုဟာ ထိုင်းအသက်ကြီးပိုင်း ပင်စင်စားတွေဖြစ်ပြီး ဌာနဆိုင်ရာတွေမှာတာဝန်ယူထားတဲ့ ထိုင်းအစိုးရ ဝန်ထမ်းတွေတောင်ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG