သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MOU လုပ်သားတွေ ၂၅% ငွေပြန်မလွှဲရင် ပြည်ပထွက်ခွင့် ပိတ်ခံရနိုင်


ထိုင်းနိုင်ငံကို အလုပ်သမားစာချုပ် MOU နဲ့ရောက်လာတဲ့ မြန်မာအလုပ်သမားများ (ယခင်ပုံဟောင်း)
ထိုင်းနိုင်ငံကို အလုပ်သမားစာချုပ် MOU နဲ့ရောက်လာတဲ့ မြန်မာအလုပ်သမားများ (ယခင်ပုံဟောင်း)

ပြည်ပကို အလုပ်သမားစာချုပ် MOU နဲ့ တရားဝင်သွားပြီး အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်းကို လစာရဲ့ ၂၅ ရာခိုင်နှုန်း ပုံမှန်ပြန်ပြီး လွှဲမပေးရင် ပြည်ပမှာ အလုပ်သွားလုပ်ခွင့် အကန့်အသတ်နဲ့ ပိတ်သွားမယ်လို့ မြန်မာအလုပ်သမားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံခြားထွက် အလုပ်လုပ်သူတွေဆီကနေ စစ်ကောင်စီက နောက်တနည်းနဲ့ ဝင်ငွေရှာနေတဲ့ အခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှာ MOU အလုပ်သမားစာချုပ်နဲ့ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတိုင်း လစာငွေရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ လတိုင်း ဒါမှမဟုတ် သုံးလတကြိမ် မဖြစ်မနေ လွှဲပြောင်းပေးရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားရေးဌာနက စက်တင်ဘာ ၅ ရက်က ကြေညာခဲ့ပါတယ်။ အဲဒီလို ပြန်လွှဲတဲ့ငွေတွေကို ဗဟိုဘဏ်နဲ့ တရားဝင်ငွေလွှဲခွင့်ရထားတဲ့ ဘဏ်လုပ်ငန်းတွေကနေ တရားဝင်သတ်မှတ်ထားတဲ့ ဈေးနဲ့လွှဲရမှာဖြစ်ပါတယ်။

ပျက်ကွက်မယ်ဆိုရင် ပြည်ပထွက်ခွင့် ကာလအကန့်အသတ်နဲ့ ပိတ်တာ၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် OWIC ထုတ်မပေးတာ၊ နိုင်ငံကူးလက်မှတ် (passport) သက်တမ်း တိုးမပေးတာတွေ လုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဗဟိုဘဏ်ကသတ်မှတ်တဲ့ ငွေလဲနှုန်းက ဈေးကွက်ပေါက်စျေးထက် အဆမတန်နည်းနေလို့ မြန်မာအများစုက ငွေမလွှဲချင်ကြပါဘူး။ ဒါကြောင့် သူတို့ကိုပြည်ပစေလွှတ်လိုက်တဲ့ အေဂျင်စီတွေကို ငွေလွှဲဖို့ကိစ္စတွေကိုပါ စောင့်ကြည့်၊ စိစစ်ပေးဖို့ စစ်ကောင်စီက ဖိအားပေးထားပါတယ်။ အဲဒီအတွက် အေဂျင်စီတွေမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ အလုပ်သမားအေဂျင်စီလုပ်ကိုင်သူ တယောက်က ပြောပြပါတယ်။

"အေဂျင်စီတွေဘက်က အကုန်ဒုက္ခရောက်တာပေါ့ဗျာ၊ ဒီပိုက်ဆံက အလုပ်သမားက လွှဲရမဲ့ပိုက်ဆံပေါ့ဗျာ အေဂျင်စီက လွှဲရမဲ့ပိုက်ဆံ မဟုတ်ဘူး။ ထားပါတော့ ILO Law မှာကြတော့ ကျနော်တို့က ကလေးတွေကို အကြွေးစနစ်နဲ့ ပို့လိုက်တယ်ဆိုရင်တောင်မှ အဲဒီအကြွေးကို ကျနော်တို့က သူဌေးဆီကနေ ဖြတ်ချလို့မရဘူး တိုက်ရိုက်။ ကလေးတွေကို လခပြန်ပေးပြီးတော့မှ ကျနော်တို့ကို ကလေးတွေက တိုက်ရိုက်ပြန်ပေးရတယ်။ ဖြတ်ယူလို့မရဘူး။ သူတို့လွှဲချင်တဲ့အခါလည်း လွှဲမယ်၊ မလွှဲချင်တဲ့အခါလည်း မလွှဲဘူးပေါ့ဗျာ။"

ဒေါ်လာငွေ လိုအပ်နေတဲ့ စစ်ကောင်စီအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေဆီက အကျိုးအမြတ်ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာလို့ ထိုင်းရောက် မြန်မာအလုပ်သမားတယောက်က သူ့အမြင်ကို ပြောပြပါတယ်။

"ဘာပဲဖြစ်ဖြစ် လူတွေကတော့ တရားဝင်နည်းလမ်းကို စဉ်းစားကြတာပဲလေ၊ တရားဝင်နည်းလမ်းနဲ့သွားမှ သူ့အတွက် လုံခြုံမှုရှိတယ်ဆိုတာကို လုံးဝ လက်ခံထားတယ်။ ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ လုပ်တဲ့အခါမှာ တရားဝင်နည်းလမ်းတွေကို ဖိအားပေးတဲ့ပုံနဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်လာတဲ့အခါကြတော့ ရွှေ့ပြောင်းလုပ်သားတွေကလည်း တရားမဝင် နည်းလမ်းကိုပဲ စဉ်းစားတော့မှာပဲ။ နည်းလမ်းပေါင်းစုံနဲ့ ထွက်ကြမှာပဲ။ ဖမ်းခံရမယ်၊ ပွဲစားတွေက ဒီထက်ပိုပြီး အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်တယ်။"

၂၅ရာခိုင်နှုန်း ငွေပြန်ပို့ဖို့ ချိတ်ဆက်ထားတဲ့ ပြည်ပဘဏ်တွေကဖြစ်စေ၊ ဗဟိုဘဏ်က ထုတ်ပေးထားတဲ့ လိုင်စင်ရ ငွေလွှဲလုပ်ငန်းတွေကဖြစ်စေ၊ ဒါမှမဟုတ် တခြားနိုင်ငံတကာ ငွေလွှဲစနစ်တွေနဲ့ဖြစ်စေ လွှဲပြောင်းပေးရမယ်လို့ အလုပ်သမားရေးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG