သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာအလုပ်လုပ်ဖို့ မူဆယ်မှာစောင့်ဆိုင်းသူများပြားလာ


မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် (Photo: Citizen Journalist)
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် (Photo: Citizen Journalist)

မြန်မာနယ်စပ်အနီး တရုတ်ယူနန်ပြည်နယ်ထဲက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားလိုအပ်ချက်များနေတဲ့အတွက် မြန်မာပြည်တွင်းက အလုပ်လိုချင်သူအများအပြား တရုတ်ဘက်ကို ထွက်ခွာနေကြတယ်လို့ မူဆယ်မြို့မှာရှိတဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတ​ယ်။

တရုတ်နယ်စပ်က အလုပ်ရုံတွေမှာ အလုပ်လုပ်ဖို့ မူဆယ်မြို့ပေါ်မှာ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီး နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် စောင့်ဆိုင်းနေသူတွေ အရင်ကထက် ပိုများလာကြောင်း မူဆယ်မြို့က ဒေသခံတွေက ပြောပါတယ်။ အရင်ကဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ဒေသခံတွေပဲ တရုတ်ကို အများဆုံးသွားကြတာပါ။ အခုတော့ မြန်မာပြည်အောက်ပိုင်း ရန်ကုန်၊ ဧရာဝတီတိုင်းပါမကျန် တရုတ်မှာအလုပ်လုပ်ဖို့ ကြိုးပမ်းလာကြောင်း မူဆယ်မြို့က လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"တရုတ်ကိုအထင်ကြီးပြီး ဦးလေးတို့မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်း ၁၄ ခုလုံးမှာ ယောကျ်ားသား၊ မိန်းမသားတွေ တရုတ်ပြည်ကို သွားရမယ်၊ ကားခတွေနဲ့ တလလောက် တပတ်ကဒ်စောင့်ရတာ၊ စားဖို့သောက်ဖို့နဲ့ဆိုတော့ တချို့ဆို မပြေလည်ဘူး။ အိမ်တွေပေါင်တယ်၊ ဝိုင်းတွေပေါင်တယ်၊ ကျွဲနွားတွေရောင်းပြီး တက်လာကြတယ်။ အခု တရုတ်ပြည်မှာက အထည်ချုပ်စက်ရုံတွေ၊ အလုပ်ရုံတွေမှာ ခေါ်တာက တလကို ၈ သိန်းခွဲနဲ့၊ ၁၀ သိန်းခွဲ ပတ်ချာလည်မှာရှိတယ်။ အဲဒီကျတော့ ဗမာပြည်မှာက တိုင်းရေးပြည်ရေးက မကောင်းတော့ ဒါကတကြောင်း၊ ကုန်စျေးနှုန်းတက်တာက တကြောင်း ဝယ်ရခြမ်းရ၊ စားရသောက်ရတာက အဆင်မပြေကြတော့ ဒီဘက် တရုတ်ပြည်ဘက်ကိုပဲ အများဆုံး တက်လာကြတယ်။"

မြန်မာနိုင်ငံအောက်ပိုင်းက လာသူတွေကတော့ စစ်မက်ဖြစ်ပွားတဲ့ နေရာတွေကို ဖြတ်သန်းရတဲ့အတွက် အတော်လေး အခက်အခဲဖြစ်ကြတယ်လို့ သူကပြောပါတယ်။ မြန်မာ လဝကဌာနကပေးတဲ့ နယ်စပ်တပတ်ဖြတ်သန်းခွင့်ကိုရဖို့အတွက်လည်း မူဆယ်မြို့ပေါ်မှာ တလနီးပါး ထပ်ပြီး စောင့်ဆိုင်းရတယ်လို့ ပြောပါတယ်။

"မလွယ်ဘူးဗျ။ တောထဲမှာမိုးရွာလို့၊ ဘေလီတံတားလေးတွေ ပြုတ်ပါသွားလို့၊ တိုက်ပွဲဘာညာ ဖြစ်လို့ရှိရင် တောထဲမှာလေးည၊ ငါးည အနိမ့်ဆုံးအိပ်ရတယ်။။ နမ္မတူအရှေ့ဘက် ၂၄ မိုင်အကွာမှာရှိတဲ့ မိုင်းရင်ကနေပြီးတော့ မိုင်းပါးအထိက လူသူကင်းမဲ့တဲ့ တောဇုံကြီးပေါ့နော်။ စားစရာဆိုင်လည်းမရှိဘူး၊ ဒုက္ခဖြစ်လို့ ဘယ်အကူအညီတောင်းလို့ တောင်းရမှန်းမသိတဲ့ တောလမ်းကြီးထဲကို အခက်မသင့်ရင် ၃-၄ ည ကြာသွားတယ်။"

တပတ်ကဒ်ရပြီးရင်တောင် နယ်စပ်ဂိတ်ပေါက်အထိ တရုတ်သူဌေးတွေကိုယ်တိုင် လာခေါ်မှပဲ တရုတ်လဝက ဝန်ထမ်းတွေရဲ့ အစစ်အဆေး၊ အဖမ်းအဆီးမခံရဖို့ စိတ်ချရတယ်လို့ ယူနန်ပြည်နယ်၊ မံစီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာတဦးက ပြောပါတယ်။

"အခုလောလောဆယ် ဒီမှာ မြို့မှာတော့ တပတ်ကဒ်သမားတွေ ပေးမနေဘူး။ ပြီးတော့ အထည်စက်ရုံမှာတော့ ကုမ္ပဏီအကြီးကတော့ ရပါတယ် တပတ်ကဒ်သမားတွေ။ ဒါပေမဲ့ ရွှေလီကနေမှ တက်လာဖို့က လမ်းက နည်းနည်းအခက်အခဲရှိတာပေါ့။ သူဌေးကိုယ်တိုင် သွားအာမခံမှ တက်ခွင့်ရတာပေါ့နော်။ ဒီတပတ်ကဒ်သမားတွေ၊ သူဌေးတွေက နည်းနည်း ဆိုဒ်သေးတဲ့ဟာတွေက သိပ်လက်မခံချင်ဘူး ဘာလို့ဆို နေခွင့်မပေးဘူးလေ ရဲတွေက။"

တရုတ် ယွမ်ငွေစျေးကလည်း မြန်မာငွေနဲ့လဲလှယ်တာမှာ စျေးတက်လာပါတယ်။ တယွမ်ကို မြန်မာကျပ်ငွေ ၆၃၀ ဖြစ်လာတဲ့အတွက် တလကို ယွမ် ၂,၀၀၀ လောက်ရရင် ပြည်တွင်းမှာထက် ပိုပြီးအဆင်ပြေကြောင်း ရွှေလီမှာ အလုပ်သွားလုပ်တဲ့ အလုပ်သမားတချို့က ဗွီအိုအေကို ပြောပါတယ်။

ပြည်ပအလုပ်သမားတွေကို တရားဝင် လက်မခံထားတဲ့ တရုတ်အစိုးရဟာ ယူနန်ပြည်နယ်ထဲက ကုန်ထုတ်လုပ်ငန်းတွေအတွက် မြန်မာအလုပ်မားတွေကို MoU စာချုပ်နဲ့ တရားဝင်ခေါ်ယူဖို့ ရှိနေပါတယ်။ မြန်မာဘက်က အလုပ်သမားစေလွှတ်ဖို့အတွက် နှစ်နိုင်ငံ နားလည်မှု MoU စာချုပ်ကို လက်မှတ်ရေးထိုးထားတယ်လို့ မြန်မာအလုပ်သမားရေး ဌာနဘက်က ဗွီအိုအေကို မကြာသေးခင်က အတည်ပြု ပြောထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG