သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွေဆီ MoU လုပ်သားစေလွှတ်မှု ယာယီဆိုင်းငံ့ 


မြန်မာရွှေ့ပြောင်းအလုပ်သမားများ။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ ဆောက်လုပ်ရေးလုပ်သား စေလွှတ်တာကို မြန်မာအလုပ်သမားရေးဌာနက ယာယီရပ်ဆိုင်းထားပါတယ်။ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူတွေ အမှန်တကယ် လုပ်ငန်းခွင်ထဲမရောက်တဲ့ ပြဿနာတွေကြောင့်လို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေဆီ MOU လုပ်သားစေလွှတ်တာကို အလုပ်သမားရေးဌာနက ယာယီရပ်ဆိုင်းထားပါတယ်။ အလုပ်သမား အေဂျင်စီအချင်းချင်း မြန်မာလုပ်သားတွေကို လိမ်ညာခေါ်ယူတဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက ပြောပါတယ်။

"Demand တချို့ကို မြန်မာအေဂျင်စီတွေဘက်က အလုပ်ရှင်၊ အလုပ်သမား စာချုပ်ချုပ်လိုက်တယ်။ ချုပ်လိုက်ပြီးတော့ ပို့လိုက်တယ်။ ဟိုရောက်တဲ့အခါကျမှ ဒီအလုပ်က A နဲ့ချုပ်ပြီးတော့ A ဆီမရောက်ဘဲ B, C, D ရောက်သွားတာပေါ့။ ဒီပြဿနာတွေ ရှိတယ်။ နောက်တခုကျတော့ မှားတဲ့အခါမှာ မြန်မာအေဂျင်စီဘက်က မှားတာ။ ထိုင်းအေဂျင်စီလည်း ပါတယ်။ ထိုင်းအေဂျင်စီဘက်က ဒါမျိုးလုပ်သွားတာ။ ဒါမှမဟုတ်လည်း အလုပ်ရှင်ကိုယ်တိုင်က လုပ်တာ။ ဒီ သုံးဦးသုံးဖလှယ်ကနေပြီး တယောက်ယောက်က မှားယွင်းပြီးတော့ ပို့ဆောင်တယ်။ ဒီပြဿနာတွေ ရှိနေတာပေါ့။ ထိုင်းဘက်ကလည်း တချို့တွေက စက်ရုံပို့ချင်တာ။ စက်ရုံပို့ချင်တဲ့ဟာကို ဆောက်လုပ်ရေး Demand နဲ့ထုတ်တယ်။ ဟိုရောက်တော့မှ စက်ရုံပြောင်းတယ်။ အဲလို လျှောက်လုပ်တာတွေရှိတယ်။ ရှိနေတော့ ထိုင်းဘက်ကလည်းပါတယ်။ မြန်မာအေဂျင်စီတချို့ကလည်း သူတို့လုပ်နေတယ်။ အဲလိုတွေ လုပ်တဲ့အတွက်ကို ဒီပြဿနာတွေ တက်လာတာပဲ။"

အခုလို ပြဿနာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီ အမှန်တကယ်ပို့ပေးနေတဲ့ အေဂျင်စီတွေနဲ့ အဲဒီလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်ချင်တဲ့ မြန်မာလုပ်သားတွေ နစ်နာရတယ်လို့ ပြောပါတယ်။ အလုပ်သမားခေါ်ယူတဲ့ မြန်မာ - ထိုင်း အလုပ်သမားအေဂျင်စီတွေဘက်က မမှန်မကန်လုပ်တာတွေရှိနေတယ်လို့ ဦးမြတ်သူက ပြောပါတယ်။

"မြန်မာအေဂျင်စီဘက်က လိုက်ရှင်းတဲ့အခါကျရင် တချို့ကိစ္စတွေမှာ မြန်မာအေဂျင်စီကိုယ်တိုင် ပါနေတာရှိတယ်။ သိရဲ့သားနဲ့ လုပ်တာပေါ့နော်။ များသောအားဖြင့်ကတော့ ထိုင်းအေဂျင်စီက လုပ်လိုက်တာများတယ်။ နောက်ပိုင်း ထိုင်းအေဂျင်စီက သေချာရှင်းပေးရင်ရှင်းပေး။ မှားတယ်ဆိုရင်လည်း ထိုင်းဘက်က အလုပ်ရှင် မှားရင်မှားမယ်။ လိုအပ်ခဲ့ရင် ဟိုဘက်ကိုသွားပြီးတော့ တရားလိုက်စွဲတာရှိတယ်။ အဲလိုစွဲလိုက်လို့ အောင်မြင်လာတာရှိသလို၊ မအောင်မြင်လာတာရှိတယ်။ အဲတော့ ဖြစ်တဲ့အကြောင်းကို ဘယ်သူမှားလဲဆိုတာ ပြန်တင်။ ပြန်တင်တဲ့အခါမှာ လိုအပ်တယ်ဆိုရင် ဒီဘက် အလုပ်သမားဝန်ကြီးဌာနက နေပြီးတော့ ထိုင်းဘက်က အေဂျင်စီတွေ၊ လုပ်ငန်းရှင်တွေကို Blacklist သွင်းလိုက်တာ ရှိပါတယ်။"

လုပ်ငန်းခွင်မရှိဘဲ လုပ်သားတွေခေါ်ယူခဲ့လို့ စာချုပ်ပါအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာက ပိုဆိုးလာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေကို ကူညီနေသူတွေက ပြောပါတယ်။ ဒီနှစ်ပိုင်းထဲမှာတင် အမှန်တကယ်လုပ်ငန်းခွင်ထဲ မရောက်သေးတဲ့ မြန်မာလုပ်သားတွေ တော်တော်များများ ရှိနေတယ်လို့ အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

"အခုလိုကာလမျိုးမှာ ထိုင်းနိုင်ငံထဲကို ရောက်လာတဲ့ MOU လုပ်သားတွေကတော့ ၂၀၂၄ တနှစ်ပတ်လုံးက နေရာမမှန်တဲ့ အလုပ်သမားတွေ ပိုများလာတယ်။ A to A မပို့နိုင်တဲ့ အလုပ်သမားတွေပေါ့။ ခေါ်သွင်းပြီး ထိုင်းဘက်ရောက်ရင် ဆောက်လုပ်ရေးဆိုပြီး စာချုပ်ချုပ်ပေမယ့် တချို့နေရာတွေမှာ အခန်းငှားပြီး ပစ်ထားတာတွေ၊ အလုပ်သမားတွေက စိတ်ညစ်သွားပြီးတော့ သူ့ဟာသူ ရှောင်ထွက်သွားတာတွေ၊ စားစရာမရှိလို့ ဗမာပြည်ပြန်သွားတာတွေ။ အဲဒီလို အခက်အခဲတွေနဲ့ ကြုံတွေ့ရတာ။ ကျနော့်အမြင်ကတော့ အဲဒီဟာတွေ တော်တော်များများက မြန်မာပြည်က ဝန်ကြီးဌာနတွေက သေချာစစ်ဆေးမှု မရှိဘူး။ ထိုင်းဘက်က သံအရာရှိတွေ ခန့်ထားတာလည်း နယ်မြေကိုသွားပြီး မစစ်ဆေးဘဲနဲ့ အလုပ်ခေါ်စာအတုတွေနဲ့ ထိုင်းနိုင်ငံထဲကို သွင်းနေတာ။ ဒါကြောင့်မို့ ဒုက္ခတွေ ရောက်ကြတာပေါ့ဗျာ။"

နှစ်နိုင်ငံသဘောတူညီချက်နဲ့ ရောက်လာတဲ့ MOU လုပ်သားတွေ ပြည်ပမှာဒုက္ခရောက်နေတာ မြန်မာပြည်ဘက်က ဝန်ကြီးဌာနတွေရဲ့ ပေါ့လျော့မှုကြောင့်လို့ ဦးခိုင်ကြီးက အပြစ်တင်ပါတယ်။

"MOU စာချုပ်က G to G ချုပ်ထားတဲ့အတွက် ပေါ့ပေါ့တန်တန်လေး ပို့လို့မရဘူး။ အနည်းဆုံးတော့ လဝက ဖြတ်ရတယ်ဗျာ။ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဖြတ်ရတယ်။ အဲဒီဝန်ကြီးဌာန ၃ ခုကလည်း ကျနော်တို့နိုင်ငံအတွက် အရေးကြီးဆုံး ဌာနတွေပဲလေ။ ဒီလိုဌာနတွေကတောင် စစ်ဆေးတာတွေ၊ သံတမန်အနေအထားတွေက မှားသွားတာတို့၊ မသိလိုက်တာတို့၊ ဒါမှမဟုတ်ရင် မစစ်ဆေးတာတို့က လုံးဝမဖြစ်သင့်ဘူးပေါ့ဗျာ။ တရားမဝင် လူကုန်ကူးမှုကို ရပ်တန့်သွားအောင် တရားဝင်တဲ့စနစ်နဲ့ MOU ကို စာချုပ်ချုပ်မိတာလေ။ အဲဒီတော့ သူတို့က တရားဝင်လူကုန်ကူးတဲ့ ပုံစံတွေဖြစ်နေတာပေါ့။ ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုဆိုးသွားတာပေါ့။"

အလုပ်အေဂျင်စီပေါင်း ၈၀ ကျော်ရဲ့ စာရင်းတွေအရ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကိုရောက်လာတဲ့ လုပ်သားဦးရေက တလကို ၅,၀၀၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီအလုပ်သမားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အခုချိန်မှာ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG