သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် တာ့ခ်ခရိုင်မှာ အထောက်အထားမဲ့မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ 


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားစဥ်။ ((မေ ၆၊ ၂၀၂၄/ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားစဥ်။ ((မေ ၆၊ ၂၀၂၄/ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

မြန်မာနိုင်ငံမှာ အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီပိတ်ပင်လိုက်တဲ့နောက် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ကတဆင့် တရားမဝင် ဝင်ရောက်သူပိုများလာနေပါတယ်။ ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မယ်လမနဲ့ဖွတ်ဖရမြို့နယ်အတွင်း သောကြာနေ့ကစလို့ အထောက်အထားမဲ့မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် အမျိုးသားတွေ ပြည်ပထွက်ပြီးအလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့စပြီး ယာယီပိတ်ပင်လိုက်တဲ့အတွက် ထိုင်းနိုင်ငံကို တရားမဝင်နည်းနဲ့ ဝင်ရောက်သူ ပိုများလာနေပါတယ်။ ဒီရက်ပိုင်းမှာပဲ တာ့ခ်ခရိုင်ထဲက မြို့နယ် ၂ ခုမှာ တရားမဝင် ဝင်ရောက်လာတဲ့မြန်မာတွေကိုအစုလိုက်အပြုံလိုက် ဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

"တာ့ခရိုင် မဲဆောက်ပတ်ဝန်းကျင်မှာ တရားမဝင် မြန်မာတွေဖမ်းမိပါတယ်။မဲဆောက်မြို့ မြောက်ဘက် မယ်လမမြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၄၀ ဦး၊အမျိုသား ၂၉ ဦး၊ အမျိုးသမီး ၁၁ ဦးဖမ်းမိတယ်။ အဖွဲ့ကနှစ်ဖွဲ့ရှိတယ်။တဆက်တည်းမှာပဲ ဖွတ်ဖရမြို့နယ်ထဲမှာ ၅၅ ယောက်ရှိတယ်။ အမျိုးသားက ၃၃ ယောက်နဲ့ အမျိုးသမီး ၂၂ ယောက်။ ဘန့်တာ့ခ်မှာက ၁၉ ယောက်နဲ့ လူပွဲစားက ၂ ယောက်။ အားလုံးပေါင်း ၁၁၄ ယောက်ဖမ်းမိပါတယ်။"

အခုဆိုရင် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ အနီးဆုံး ထိုင်းနဲ့ ပြည်ပနိုင်ငံတွေကို နည်းအမျိုးမျိုးနဲ့ ထွက်လာနေသလို ဒီလဆန်းမှာထုတ်ပြန်လိုက်တဲ့ အမျိုးသားတွေ ပြည်ပထွက်ပြီးအလုပ်လုပ်ခွင့်ကို ယာယီပိတ်လိုက်တဲ့ကန့်သတ်ချက်ကြောင့် အခုလို အစုလိုက်အပြုံလိုက်ထွက်ဖို့ ပိုပြီး ဖြစ်လာတယ်လို့လည်းဆိုပါတယ်။

"အရွယ်ကောင်းတဲ့လူငယ်တွေ အသက် ၁၈ နှစ်နဲ့အသက် ၃၅ ကြား လူငယ်တွေဟာ စစ်မှုမထမ်းမနေရဥပဒေကြောင့်ကော၊ ရက်ပိုင်းအတွင်းထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံကအမျိုးသားတွေ ပြည်တွင်းကနေ ပြည်ပကို အလုပ်နဲ့ထွက်ခွါခွင့် ယာယီပိတ်ပင်လိုက်တဲ့အတွက် လူအတော်များများက မြန်မာက အေဂျင်စီတွေမှာ ပြည်ပထွက်ဖို့ MOU နဲ့ လာဖို့ စာရင်တင်းထားပေမယ့် စာရင်းက ကြာနေတာရယ်၊ ၆ လ တနှစ်ထိ စောင့်ရမယ်ဆိုတာ့ စိတ်မရှည်နိုင်တော့တာကြောင့် အခုလိုတရားမဝင်တဲ့နည်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ထွက်လာကြပါတယ်။"

ထိုင်းနိုင်ငံထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ထိ တရားဝင်အထောက်အထားလုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃,၄၁၅,၇၇၄ (သုံးသန်း လေးသိန်းကျော်ရှိပြီးဖြစ်ပါတယ်။ ဒါကတော့မြန်မာအပါအဝင် နိုင်ငံပေါင်း ၄ နိုင်ငံက အလုပ်သမားတွေဖြစ်ပါတယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ကတော့ - ၂,၃၇၉,၇၆၄ ( ၂ သန်း ၃ သိန်းကျော်) ရှိနေပါတယ်။ ဒီထဲမှာ မှတ်ပုံတင်တာ မြန်မာက အများဆုံးဖြစ်ပြီး အထောက်အထားမရှိတဲ့မြန်မာတွေလည်း ၂ သန်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူတွေက ခန့်မှန်းထာသလို အခုထိလည်းညအစုလိုက်အပြုံလိုက် တရားမဝင် ဝင်လာနေကြဆဲဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG