သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင်အတွင်း အထောက်အထားမဲ့ မြန်မာ ၂၅ ဦး ဖမ်းဆီးခံရ


ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာ ၂၅ ယောက်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးစဥ်။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/ဇန်နဝါရီ ၁၄၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာ ၂၅ ယောက်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးစဥ်။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/ဇန်နဝါရီ ၁၄၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် ဖွတ်ဖရမြို့နယ်ထဲမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကနေ တရားမဝင် ဝင်လာတဲ့ မြန်မာ ၂၅ ယောက်ကို ထိုင်း လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် ဖွတ်ဖရမြို့နယ်ထဲကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၅ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေကဖမ်းမိခဲ့ကြောင်း ဒေသခံတဦးက ပြောပြပါတယ်။

"အဲဒီမှာ ၂၅ ယောက်ပါလာတယ်။ အဲဒါက ထိုင်းနိုင်ငံ ဘန်ကောက်အတွင်းပိုင်းထိသွားဖို့ကို ဖွတ်ဖရမြို့နယ်က ထိုင်းရဲတွေကဖမ်းလိုက်တာပါ။ ပိတ်ပြီးဖမ်းလိုက်တာ ၂၅ ယောက် ဖမ်းမိပါတယ်။ တာခ့်ခရိုင် ဖွတ်ဖရ ၄၈ ကီလိုဘက်ကနေ ဘန်ကောက်သွားတဲ့လမ်းကြောင်းတွေလည်းရှိတယ်။ ဘန်ကောက်သွားတဲ့လမ်းကြောင်းက ဒုက္ခသည်စခန်းနောက်ဘက်ကနေ ဖြတ်တက်သွားတာလည်းရှိတယ်။ လမ်းတိုက်ရိုက်ရှိတယ်။ တချို့ကျတော့လည်း တာခ့်ဘက်နေ ဖြတ်တက်တာတွေလည်းရှိတယ်။"

အခုဆိုရင်နေ့စဉ်ဆိုသလို မြန်မာပြည်သားတွေဟာ သူတို့ပိုင်ဆိုင်တဲ့ ခြံတွေ မြေတွေပေါင်နှံပြီး အလုပ်အကိုင်ရဖို့ ထိုင်းနိုင်ငံကို အစုလိုက် အပြုံလိုက်လာရောက်နေကြတယ်လို့လည်း ပြောပါတယ်။

"လူတွေကတော့ အမြဲလာနေတာပဲ။ တယောက် ပြန်ဆင်းသွားရင် ဆယ်ယောက်လောက်က ပြန်ပါလာတယ်။ ဒီမှာက လူတွေကပုံနေကြတာပဲ။ သူတို့က အရင်းအနှီးကြီးကြီးနဲ့လာကြပေမယ့် ထိုင်းမှာက အလုပ်မရှိတဲ့သူတွေက တပုံကြီးပဲ။ သူတို့ကတော့ တနင့်တပိုး ရင်းနှီးပြီးလာကြတယ်။ အိမ်တွေခြံတွေပေါင်ပြီး လာကြတယ်။"

အခုဖမ်းမိသူတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းက မြို့တွေဆီကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ဖြစ်သလို နေ့စဉ်လည်း နယ်စပ်ဝင်ပေါက်တွေကနေ ဝင်လာကြသူတွေ ရှိနေတယ်လို့ဆိုပါတယ်။

"ဝင်တာကတော့ ဒီတပေါက်ထဲမဟုတ်ဘူး။ မဲ့စရီးယမ်းဘက်ကလည်း လာကြတယ်။ မဲဆောက်ဘက်ကလည်းဝင်တာပဲ။ အဲဒီဘက် ဖွတ်ဖရဘက်ကလည်း ဝင်တာပဲ။ ဝင်တဲ့အပေါက်တွေကတော့ တပုံကြီးပါပဲ။"

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် အလုပ်အကိုင်အဆင်မပြေကြလို မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို အလုပ်ရဖို့ လာရောက်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အခုလို တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား တသောင်းခွဲလောက် ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG